တာမခန်မြို့သစ်ရွာ မီးရှို့ခံရပြီး အိမ်ခြေ ၄ဝဝ နီးပါး ပျက်စီး
2024.04.01

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်ရွာမှာ မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့က မီးရှို့လို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၄၀၀ နီးပါး၊ မီးလောင်ပျက်စီးသွားတယ်လို့ နေအိမ်ဆုံးရှုံးသွားတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“ရွာလယ်လမ်းမကြီး၊ အကုန်ရှို့သွားကြတယ်”
“မတ်လ ၃ ရက်နေ့က မီးရှို့သွားပေမဲ့ မတ်လ ၁၇ ရက်နေ့ကမှ ရွာထဲဝင်ပြီး အိမ်လေးကို ပြန်ကြည့်ခွင့်ရတာပါ။ အခုတော့ မိုးညှင်းကို ပြန်ရောက်ပါပြီ”လို့ အမျိုးသမီးတစ်ယောက်က RFA ကို စာနဲ့ရေးပြီး အကြောင်းပြန်ပါတယ်။
စစ်တပ်ထောက်ခံတဲ့ ရွာသားတချို့နဲ့ အလယ်တန်းပြဆရာမတစ်ယောက်က ဦးဆောင်မီးရှို့တာဖြစ်ပြီး ရှို့တဲ့သူတချို့လည်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ မီးထဲပါပြီး ဆုံးသွားတယ်လို့လည်း မတ်လ ၂၁ ရက်နေ့က RFA ကို စာနဲ့အကြောင်း ပြန်ပါတယ်။
သူတို့ရွာကျောင်းဟာ စာစစ်ဌာနခွင့်ပြုချက်ရတာ သုံးနှစ်လောက်ရှိပြီဖြစ်လို့ အခုလို ပျက်စီးသွားတာ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။
ကျေးရွာဒေသခံတွေကတော့ တိုက်ပွဲမဖြစ်ခင် ကြိုတင်ရှောင်တိမ်းနိုင်တာကြောင့် ထိခိုက်သေဆုံးတာမရှိဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“လေးနာရီလောက်တည်းက ပစ်ခတ်တာဆိုတော့ တိုက်ပွဲမဖြစ်ခင် လေးနာရီမတိုင်ခင်တည်းက ပြည်သူတွေက ထွက်တာကိုး။ ပြီးတော့အကုန်လုံးလည်း ကယ်ထုတ်နိုင်တယ်ဆိုတော့ ပြည်သူတွေ အသက်ဆုံးရှုံးမှုတော့ မရှိပါဘူး”
မီးဘေးသင့် ပြည်သူတွေကို ရွာရပ်မိရပ်ဖတွေက ကူညီစောင့်ရှောက်နေတယ်လို့လည်း သူကပြောပါတယ်။
တာမခန်စခန်းကုန်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ် ခမရ (၁၁၉)နဲ့ KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၉ ရက်နေ့အထိ ၁၃ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၆ ရက်တည်းက တိုက်ပွဲစပေမဲ့ ကျေးရွာထိခိုက်မှုမရှိဘဲ မတ်လ ၃ ရက်နေ့မှပဲ လောင်စာဆီတွေနဲ့ ပက်ပြီး မီးဝင်ရှို့သွားတာလို့ နေအိမ်ဆုံးရှုံးသွားတဲ့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
အခုတော့ စစ်ကောင်စီတပ်သားတွေဟာ စခန်းကုန်းကို စွန့်ခွာသွားပြီး တိုက်ပွဲလည်းရပ်နားသွားပါပြီ။
တိုက်ပွဲမဖြစ်ခင် တစ်ပတ်လောက်အလိုက တယ်လီနောဖုန်းလိုင်းရနေပေမဲ့ လက်ရှိမှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပြီး Mytel ကတ်တစ်မျိုးပဲ သုံးလို့ရနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခုလိုရွာမီးရှို့ခံရတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နေအိမ်မီးထဲပါသွားတဲ့သူတချို့က မိုးညှင်းမြို့ပေါ်မှာ အိမ်ငှားနေကြရသလို၊ နေအိမ်မီးထဲ မပါသူတွေက အနီးအနားက မှော်နယ်မြေထဲမှာနေကြပြီး တချို့လည်း ရွာမှာ ပြန်နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တာမခန်မြို့သစ်က ရွာသားတွေဟာ NUG အစိုးရကိုထောက်ခံကြောင်း ဆန္ဒထုတ် ဖော်ပြသခဲ့တဲ့ ရွာလည်းဖြစ်ပါတယ်။