ဝန်ကြီးချုပ် ဟွန်ဆန် ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကို ဦးစားပေးခဲ့ကြောင်း သုံးသပ်

2022.01.10
ဝန်ကြီးချုပ် ဟွန်ဆန် ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကို ဦးစားပေးခဲ့ကြောင်း သုံးသပ် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ၂၀၂၂၊ ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာစဉ်
Photo: Myanmar Military

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျခံနေရတဲ့ အခြား ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ မကြိုးစားခဲ့သလို၊ ဒီ ခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို တရားဝင် ဖြစ်မှု ရစေပြီး၊ မြန်မာပြည်သူတွေအတွက် ဘာမှအကျိုးမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီ ခရီးစဉ်အပြီးထုတ်ပြန်ခဲ့တဲ့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်အရ မြန်မာနိုင်ငံအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖေဖော်ဝါရီ လကုန်အထိ တိုးမြှင့်ဖို့၊ အာဆီယံအဖွဲ့နဲ့ ရထားတဲ့ သဘောတူချက်ညီပါ အချက်တွေကို အကောင်အထည် ဖော်ဖို့ ကမ္ဘောဒီးယား နိုင်ငံက ခန့်အပ်မယ့် အာဆီယံ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေကို လက်ခံရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ စတဲ့အချက်တွေကို သဘောတူညီမှု ရခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ကနေ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန် အဖြစ် ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆိုခွန်း က ဒီခရီးစဉ်က အောင်မြင်မှု တစ်ခု ဖြစ်ပြီး၊ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းထောက် တွေကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အခုလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ကို တိုးမြှင့်ကြောင်း ကြေညာတာနဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ဟာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ပျက်ပြယ်သွားပြီး ဖြစ်တဲ့အတွက် ဒီသဘောတူညီချက်ကို သက်တမ်း တိုးလိုက်တာကို အောင်မြင်မှုလို့ ယူဆနေတာဟာ မြန်မာ့နိုင်ငံအရေးကို နားမလည်တာကို ပြသနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံတမန် ဦးဘိုလှတင့် က ပြောပါတယ်။

သြစတြေးလျ အမျိုးသား တက္ကသိုလ် ANU မှာ မြန်မာ နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအရေး ပါရဂူကျမ်း ပြုစုနေတဲ့ မြန်မာ့အရေး သုတေသီ Hunter Marston ကတော့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံ ဒေသတွင်းမှာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်အဖြစ် သြဇာအာဏာ တည်ထောင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ကိုယ်သူ ဒေသတွင်းမှာ ငြိမ်းချမ်းရေး ဖန်တီးရှင် peacemaker အဖြစ် ပုံပေါ်ချင်တဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ရှိတဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ထင်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေ စလုပ်ပြီး ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ မြန်မာ စစ်ခေါင်းဆောင်ကို လိုအပ်သလို ဖျောင်းဖျပြောဆိုပြီး၊ စည်းရုံးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ပြဿနာကို ကြားဝင် ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်အဖြစ် ဒေသတွင်းမှာ အရှိန်အဝါရှိလာမှာ ဖြစ်ပါတယ်"

"ကမ္ဘောဒီးယား နိုင်ငံဘက်မှာတော့ ၂၀၁၂ ခုနှစ်ကလိုပဲ ဘာသဘောတူညီချက်မှ မရဘဲ အာဆီယံ ထိပ်သီးအစည်းဝေး ပြီးဆုံးသွားတာမျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်"

ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ အဖွဲ့အစည်းရဲ့ ညီညွတ်မှုအတွက် ကြိုးပမ်းရုံတင်မကဘဲ၊ ဒေသတွင်းမှာ သြဇာအာဏာ တည်ထောင်ချင်တဲ့ သဘောရှိတယ် ကမ္ဘောဒီးယား ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Longheng Chhorng ကလည်း RFA ကို ပြောပါတယ်။

"ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံရဲ့ ပါဝင်မှုကို ရဖို့ ကြိုးစားနေတဲ့ အပြင်၊ မြန်မာနိုင်ငံအရေးကို ဝင်ရောက်ညှိနှိုင်းပေးနိုင်သူအဖြစ် နာမည်ယူချင်နေတာကြောင့်လည်း မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားဖို့ ဖြစ်နိုင်ပါတယ်။ ဒီလို လုပ်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ကို ဖိတ်ကြားတာ လက်မခံတဲ့ အာဆီယံ နိုင်ငံတွေကို သဘောတူလာအောင် စည်းရုံးဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား နိုင်ငံဘက်မှာတော့ ၂၀၁၂ ခုနှစ်တုန်းက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်ကလိုပဲ ဘာသဘောတူညီ ချက်မှ မရဘဲ အာဆီယံ ထိပ်သီးအစည်းဝေး ပြီးဆုံးသွားတာမျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က တင်ပြထားတဲ့ နယ်နိမိတ်ကို လက်ခံမယ့် အရိပ်အယောင်တွေ ပြခဲ့တဲ့နောက်၊ အာဆီယံနိုင်ငံတွေဟာ ဟွန်ဆန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ကြိုးဆွဲရာကနေတယ်လို့ ယုံကြည်ခဲ့ကြပြီး၊ ဘာကြေညာချက်မှ မထုတ်လိုက်နိုင်ဘဲ ညီလာခံ ပြီးသွားခဲ့တာဖြစ်ပါတယ်။

အခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကနေ အာဆီယံ ဥက္ကဋ္ဌအဖြစ် ထပ်ပြီး တာဝန်ယူတဲ့အခါမှာ ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရအနေနဲ့ ဘက်မလိုက်မှုကို ပိုပြီးပြသဖို့ လိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်ရင် ဝန်ကြီးချုပ် ဟွန်ဆန်က တစ်ကိုယ်တော် အစွမ်းပြပြီး နာမည်ကောင်းယူမယ့်အစား၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ ကျန်တဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ အောင်မြင်အောင် လုပ်ခဲ့တာကို ပြသဖို့ ကမ္ဘောဒီးယား အစိုးရ ဝန်ကြီးဌာန အသိုင်းအဝိုင်းက ဆန္ဒရှိနေကြတဲ့အကြောင်း သူက ပြောပါတယ်။

မြန်မာ့အရေးသုံးသပ်သူ Hunter Marston ကတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံကို လာရောက်ရတဲ့ ရည်မှန်းချက်ဟာ ဒီမိုကရေစီအရေးအတွက် မဟုတ်တဲ့အတွက် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားရာမှာ လွယ်ကူပြီး၊ သူ့အတွက် နာမည်ကောင်းယူနိုင်မယ့် နည်းလမ်းကို ရွေးခြယ်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဝန်ကြီးချုပ် ဟွန်ဆန်အတွက်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့အတွက် သိပ်ပြီး အလေးထားမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ နိုင်ငံရေး လောကကနေ အနားမယူခင်မှာ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်အဖြစ်နဲ့ အောင်မြင်မှု မှတ်တိုင် စိုက်ခဲ့ချင်တာက အဓိက ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အလွယ်ကူဆုံး နဲ့ အလျင်မြန်ဆုံး နည်းလမ်းကိုပဲ ရွေးခြယ်ဖို့ များပါတယ်။ အဲဒါကတော့ စစ်ခေါင်းဆောင်တွေရဲ့ တောင်ဆိုချက်တွေကို လိုက်လျောပေးဖို့ပဲ ဖြစ်ပါတယ်”

ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကနေ၊ အာဆီယံနဲ့ ရထားတဲ့ five point consensus ထဲက မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချပြီး၊ တည်ငြိမ်အေးချမ်းမှု တည်ဆောက်ဖို့နဲ့ အာဆီယံက စေလွှတ်တဲ့ အထူးသံတမန်ကို လက်ခံပြီး၊ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို ဘောင်ဝင်အောင် လုပ်သွားဖို့ ဖြစ်နိုင်ခြေရှိပြီး၊ အပြန်အလှန်အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ခွင့်ရအောင် အခြား အဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးသွားဖို့ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-01-11 03:55

0 နဲ့ ၀ ပေါင်းရင် သုညပဲရမှာပါ