အလွတ်သတင်းထောက် မထက်ထက်ခိုင် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခံရ
2022.09.27
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အလွတ်သတင်းထောက် မထက်ထက်ခိုင်ကို ပုဒ်မ ၁၇/၁ မတရားသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင်ဒဏ်သုံးနှစ်နဲ့ ဒဏ်ငွေတစ်သောင်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ ချမှတ်လိုက်တယ်လို့ အင်းစိန်ထောင်အထူးတရားရုံး၊ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
သူ့ကို အင်းစိန်ထောင်အထူးတရားရုံးမှာ ဖွင့်လှစ်ထားတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ် ချခဲ့ပြီးဖြစ်တာမို့ စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
“သတင်းသမားတွေဟာ သူ့အလုပ်ကို သူလုပ်တဲ့အခါမှာ ဘက်ပေါင်းစုံ သတင်းရင်းမြစ်တွေနဲ့ ထိတွေ့ဆက်ဆံမှာပဲလေ။ ဒါအပြစ်မဟုတ်ပါဘူး”
မထက်ထက်ခိုင်ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ် နှစ်ရပ်စလုံးဟာ သတင်းထောက်တွေကို အငြှိုးအတေးထားပြီး အမြင့်ဆုံးပြစ်ဒဏ်တွေပေးတာဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်းဖြစ်တဲ့တစ်ဦးဖြစ်တဲ့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။
“Federal FM လွှင့်တာကို အကူအညီပေးလို့ဆိုပြီး အဲ့ဒီအဖွဲ့တွေဟာ တရားမဝင်အဖွဲ့တွေလို့ပြောပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်။ ပထမ အပြစ်ဒဏ်ဖြစ်တဲ့ ၅၀၅-က အမှုမှာလည်း အမြင့်ဆုံးအပြစ်ဒဏ်ပဲ ပေးခဲ့တာပဲ။ အငြှိုးထားပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့တာ”
သတင်းသမားဆိုတာ ကိုယ့်အလုပ်အတွက် အဆက်အသွယ်လုပ်ရမယ့်သူအားလုံးကို ဆက်သွယ်ရခြင်းဟာ အပြစ်မဟုတ်ဘူးလို့ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လအတွင်းက အဖမ်းခံရပြီးပြန်လွတ်လာတဲ့ ကမာရွတ်မီဒီယာအယ်ဒီတာချုပ်ဟောင်း ဦးနေသန်မောင်ကပြောပါတယ်။
“သတင်းသမားတွေဟာ သူ့အလုပ်ကို သူလုပ်တဲ့အခါမှာ ဘက်ပေါင်းစုံ သတင်းရင်းမြစ်တွေနဲ့ ထိတွေ့ဆက်ဆံမှာပဲလေ။ ဒါအပြစ်မဟုတ်ပါဘူး။ တယ်လီဖုန်းထဲမှာ အဲဒီအဆက်အသွယ်တွေကို တွေ့တိုင်းသာ မတရားသင်းဆက်သွယ်မှုနဲ့ဖမ်းမယ်ဆို ဒါအကြောင်းပြချက်ပေးတာ သက်သက်ပဲ။ သူတို့မှာရှိတာက ရည်ရွယ်ချက်တစ်ခုပဲ။ သတင်းသမားဆိုရင် ဖမ်းမယ်ဆိုတာပါ”
အလွတ်သတင်းထောက် မထက်ထက်ခိုင်ကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူအဖမ်းခံချိန်မှာ နာမည်ကြီး သတင်းဆောင်းပါးရေးသူ သတင်းစာဆရာ စည်သူအောင်မြင့်ကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာသူတို့နှစ်ဦးဟာ အမူတွဲတစ်ခုတည်း မဟုတ်ဘဲ ဦးစည်သူအောင်မြင့်ကို တပ်မတော်ကို ပြိုကွဲအောင် ပြုလုပ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အမှုနဲ့ ဖမ်းပြီး သီးခြားစစ်ဆေးနေတာဖြစ်ပါတယ်။

အခုလို သတင်းထောက်တွေ ဆက်တိုက်အဖမ်းခံနေရတာဟာ သတင်းထောက်အလုပ်ကို မလုပ်ရဲအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာလို့ သုံးသပ်သူတွေက ရှုမြင်ပါတယ်။ လက်ရှိသတင်းထောက်အလုပ်လုပ်ကိုင်နေတဲ့သတင်းသမားတွေအနေနဲ့ သတိရှိဖို့ လိုတယ်လို့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်ဟောင်း ဦးနေသန်မောင်ကပြောပါတယ်-
“သက်စွန့်ဆန်ဖျား ပြည်တွင်းမှာရော နယ်စပ်မှာပါ သတင်းသမားအလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့ မြန်မာ သတင်းသမားတွေကို ကျနော်လေးစားပါတယ်။ သာမာန်ပြည်သူတစ်ဦးတစ်ယောက်တောင် တယ်လီဖုန်းကိုင်ထားရင် မလုံခြုံတော့ဘူးဆိုတော့ သတင်းထောက်တွေအပေါ်မှာ ပစ်မှတ်ထား ဖမ်းဆီးနေတာမို့ သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ အကြံပေးချင်ပါတယ်”
လက်ရှိမြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးခံရမှုမှာ ကမ္ဘာမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၉ လကျော် အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး အယောက် ၇၀ ပြန်လွတ်လာခဲ့ပါတယ်။ ၆၅ ဦးကတော့ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
အဲဒီအထဲကမှ သတင်းသမား ၂၉ ဦးဟာ အနည်းဆုံး ထောင်ဒဏ် တစ်နှစ်ခွဲကနေ အများဆုံး ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ခံထားရပါတယ်။