လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ကောင်စီ တိုးလုပ်လာကြောင်း HRW ထောက်ပြ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.01.11
လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ကောင်စီ တိုးလုပ်လာကြောင်း HRW ထောက်ပြ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
AFP

ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ကမ္ဘာလုံးဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့မှာ ပြည်သူတွေကို အပြစ်မရှိဘဲ ဖမ်းဆီးမှုတွေ၊ ချုပ်နှောင်ထားစဉ် နှိပ်စက်ညှဉ်းပန်းမှုတွေ၊ တရားစီရင်မှုမရှိဘဲ သတ်ဖြတ်မှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် အလွန်အကျွံအင်အားသုံး တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုနှစ် ဧပြီလ ၁၁ရက်က ကလေးငယ်တွေ အပါအဝင် လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတိုက်ခိုက်မှုဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို ချိုးဖောက်တဲ့ အရပ်သားပြည်သူတွေအပေါ် အလွန်အကျွံအင်အားသုံးတိုက်ခိုက်မှု ဖြစ်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်တယ်လို့ အစီရင်ခံစာက သုံးသပ်ပါတယ်။

အလားတူပဲ ဧပြီလ ၁ဝ ရက်က ချင်းပြည်နယ်က လေကြောင်းတိုက်ခိုက်မှု၊ မေလ ၂ ရက်နေ့က ပဲခူးတိုင်းမှာ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဧပြီလ ၂၁ ရက်က ဂျပန်နိုင်ငံ အထောက်အပံ့နဲ့ တည်ဆောက်ထားတဲ့ မကွေးတိုင်းက ဆေးရုံကို တိုက်ခိုက်မှုနဲ့ မတ်လက ရှမ်းပြည်နယ်မှာ လူ ၂၂ ဦးကို အပြစ်မရှိဘဲ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေကို ချိုးဖောက်တာ ဖြစ်ပြီး၊ အောက်တိုဘာလ ၉ရက်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၃ ခုနှစ်မှာ ချင်း၊ ကချင်၊ ကရင်နဲ့ ကရင်နီ ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပြီး အချို့ဒေသတွေမှာ ရာခိုင်နှုန်း ၃၀၀ လောက်အထိ တိုးလာတယ်လို့ သုံသပ်ထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ကလပ်စတာဗုံးတွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး အသုံးပြုနေကြတဲ့အကြောင်း ဖော်ပြထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လူနှစ်သန်းနီးပါး စစ်ဘေးရှောင်နေကြရပြီး၊ ကိုးသောင်းကျော် အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေးနေကြရတဲ့အကြောင်း၊ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ဘေးဒုက္ခသည် ငါးသိန်းကျော် ထပ်တိုးလာပြီး၊ စစ်ဘေးရှောင် ပြည်သူတွေဟာ လေကြောင်းနဲ့ မြေပြင်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ထပ်ပြီးခံကြရတဲ့အကြောင်း အစီရင်ခံစာမှာ ပြောထားပါတယ်။

မြန်မာစစ်တပ်ဟာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေ သွားပေးခွင့်မပြုတာ၊ ဒေသတစ်ခုကို ဖြတ်လေးဖြတ် နည်းလမ်းနဲ့ အားနည်းအောင်လုပ်ပြီး စစ်တပ်က အုပ်ချုပ်တာကို ဆန့်ကျင်တယ်လို့ ယူဆရတဲ့ ပြည်သူတွေကို စုပေါင်း အပြစ်ပေးတဲ့နည်းလမ်းကို ကျင့်သုံးနေတယ်လို့လည်း HRW က သုံးသပ်ထားပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်း တိုက်ခတ်အပြီးမှာ ပြည်သူ ရှစ်သန်းနီးပါး အကူအညီလိုအပ်နေတာကို အကူအညီပေးရေး အေဂျင်စီတွေ သွားရောက်အကူအညီမပေးနိုင်အောင် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ထားတာကိုလည်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား မြေမြှုပ်သင်္ဂြိုဟ်စဉ်။ Photo: AFP
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား မြေမြှုပ်သင်္ဂြိုဟ်စဉ်။ Photo: AFP

ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာခြောက်သိန်းလောက်ဟာ အခြေခံလူ့အခွင့်အရေးတွေ မရှိဘဲ အကျဉ်းထောင်လို အခြေအနေမှာ ဆက်ပြီးနေကြရတဲ့အကြောင်းနဲ့ မိုခါမုန်တိုင်း တိုက်ခတ်ချိန်မှာလည်း စစ်ကောင်စီအာဏာပိုင်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် အချိန်မီ သတိပေးပြင်ဆင်တာ၊ ရွှေ့ပြောင်းပေးတာတွေ လုံးဝမရှိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုနှစ်မတ်လမှာ မြန်မာစစ်တပ်ဟာ NLD ပါတီအပါအဝင် နိုင်ငံရေး ပါတီ ၄ဝ ကျော်ကို ဖျက်သိမ်းခဲ့ပြီး၊ ပါတီအများအပြားကလည်း မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့အတွက် ပြန်ပြီးမှတ်ပုံမတင်ကြတဲ့ အကြောင်း၊ လာမယ့် ရွေးကောက်ပွဲတိုင်းမှာ စစ်တပ်က အမတ်နေရာ ၂၅ ရာခိုင်နှုန်းရယူမယ့်အပြင် စစ်တပ်ထောက်ခံတဲ့ ပါတီတွေကပဲ လွှမ်းမိုးထားမှာ ဖြစ်တဲ့အတွက် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အလားအလာမရှိဘဲ ဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာပြည်သူ ၅၁ သန်းလုံးရဲ့ ဇီဝဆိုင်ရာမှတ်တမ်းအချက်အလက်(biometric) တွေကို စတင်စုဆောင်းနေပြီး ပြီးခဲ့တဲ့ သြဂုတ်လအထိ ပြည်သူ ခုနစ်သိန်းလောက်ရဲ့ လက်ဗွေ၊ မျက်လုံး၊ မျက်နှာပုံစံနဲ့ အခြား ချက်အလက်တွေကို ရယူထားခဲ့ကြောင်း၊ ဒီအချက်အလက်တွေကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးတာ၊ ပတ်စ်ပို့ ထုတ်ပေးတာ၊ ဘဏ်အကောင့် ဖွင့်တာတွေအပြင် မိုဘိုင်းဖုန်း ဆင်းမ်ကတ် ဝယ်ယူတဲ့နေရာတွေမှာပါ စစ်ဆေးစောင့်ကြည့်ဖို့ အသုံးပြုသွားမှာ ဖြစ်တဲ့အကြောင်း၊ ဒီလိုမျိုး ပြည်သူတွေကို မပြတ်စောင့်ကြည့်နေမယ့် စနစ်ကြောင့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ဆုံးရှုံးလာမယ့်အပြင် လူနည်းစုတွေရဲ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံလာရမှာ ဖြစ်တယ်လို့ အစီရင်ခံစာက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ စစ်ကောင်စီက တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေလည်း တိုးလာနေပြီး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်သူ ၂၄ဝဝဝ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၄ဝဝဝ လောက် သတ်ဖြတ်ခံခဲ့ရကြောင်း၊ ကျန်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေဟာလည်း စစ်ကောင်စီရဲ့ကန့်သတ်ချက်တွေကြောင့် အလုပ်လုပ်ဖို့ ခက်လာတဲ့အကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဖမ်းဆီးခံရသူတွေကို ရှေ့နေကိုယ်စားပြုမှု မရှိဘဲ လျှို့ဝှက်စစ်ဆေးတဲ့ ထောင်တွင်းအထူးတရားရုံးတွေမှာ စစ်ဆေးနေပြီး အမြန်စီရင်ချက်တွေ ချနေတဲ့အကြောင်း၊ စစ်ကောင်စီက ပေးနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ၊ လိင်တူချင်းချစ်သူ LGBT တွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်မှုတွေ ကြုံနေရတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းကရော အာဏာမသိမ်းခင်ကပါ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးအရေးယူခံရတာ မရှိသေးဘူးလို့ HRW ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။