အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းများ
2021.04.21
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချဖို့အတွက် အစိုးရယန္တရားတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအများစုက Civil Disobedience Movement - CDM လို့ခေါ်တဲ့ "အကြမ်းမဖက် လူထုလှုပ်ရှားမှု" မှာ ပါဝင်လာခဲ့ကြပါတယ်။
အခုဆိုရင် စစ်အာဏာသိမ်းတာ နှစ်လခွဲကျော်လာပေမယ့် စစ်အုပ်ချုပ်ရေးယန္တရားကြီးဟာ ပုံမှန်အတိုင်း လည်ပတ်ဖို့ ခက်ခဲနေတာ တွေ့ရပါတယ်။ CDM ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းအောင် အာဏာသိမ်းစစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိအားပေးနေပေမယ့် အစိုးရဝန်ထမ်းအများစုကတော့ ဇွဲမလျှော့ဘဲ စစ်အာဏာရှင်စနစ် အပြီးအပိုင်ဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြတာ တွေ့ရပါတယ်။
ဝန်ထမ်းတွေဟာ နေထိုင်စားသောက်ရေးနဲ့ လုံခြုံရေး အခက်အခဲတွေကြားထဲကနေ CDM လှုပ်ရှားမှုကြီးမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပါဝင်နေကြတာလည်း ဖြစ်ပါတယ်။
မန္တလေးမြို့ ပညာရေးသုတေသနဌာန အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းတစ်ဦးက… အဆောင်မှာ စစ်တပ်ဘက်က ပြောင်းလာတဲ့သူတွေ ရှိတာကြောင့် နေရတာ မလုံခြုံတဲ့အကြောင်း၊ RFA ကို ပြောပါတယ်။
"ကျွန်မတို့က အဆောင်မှာနေတယ်။ ကျွန်မတို့အဆောင်ကို စစ်တပ်ဘက်က ပြောင်းလာတဲ့သူ ရှိတယ်။ ကျွန်မတို့ မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ ပထမတော့ ဒီ CDM လုပ်တဲ့ဝန်ထမ်းတွေ အတူတူနေနိုင်တော့ အားရှိတာပေါ့။ နောက်တော့ ကိုယ့်လုံခြုံရေးကိုလည်း စိတ်ပူလာတဲ့အတွက်ကြောင့်မို့ ကိုယ့်အိမ်ကိုယ် ပြန်ကြရတယ်ပေါ့။ ခဏ ခဏ ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်မလား၊ ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာမျိုးပေါ့။ ကျွန်မတို့က အစကတည်းက ဖေဖော်ဝါရီ ၃ ရက်ကတည်းက ဘယ်လိုပဲဖြစ်ဖြစ် အဆုံးအထိ ဆုံးဖြတ်ထားပြီးသားပေါ့"
အလားတူ ကျန်းမာရေးဝန်ထမ်းတွေကလည်း အခက်အခဲတွေကို တောင့်ခံပြီး CDM လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နေကြတာ တွေ့ရပါတယ်။ ဆေးရုံမှာ လူသေအလောင်း ခွဲစိတ်ရတဲ့ ဆရာဝန်တစ်ဦးဆိုရင် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက်ကြောင့် ဖုန်းဆက်ပြီး အလောင်းခွဲစိတ်ဖို့ အကူအညီလိုကြောင်း တွေပြောပြီး၊ စစ်တပ်နဲ့ရဲက အိမ်ပေါ်အထိတက်ပြီး လိုက်ရှာနေကြတယ်လို့ အဲဒီဆရာဝန်ရဲ့ မိတ်ဆွေဖြစ်တဲ့ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ တက္ကသိုလ်ပါမောက္ခ တစ်ဦးကလည်း…
"မီးရထားဝန်ထမ်းတို့ အဓိကကတော့ ပို့ဆောင်ဆက်သွယ်ရေးရယ် ကျန်းမာရေး CDM တွေကတော့ အကြီးဖြစ်ဖြစ် အငယ်ဖြစ်ဖြစ် အကုန်သူတို့က လိုက်ဆွဲတယ်။ ရန်ကုန် မန္တလေးမြို့ပေါ်မှာ ရှိတဲ့သူတွေက ရန်ကုန်က ဆရာမတွေကလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ လိုင်းခန်းယူပြီးနေတယ်။ ဒါပေမဲ့ အဲ့ဒါက လက်ရှိနေရပ်လိပ်စာပေါ့၊ နောက်အမြဲတမ်း နေရပ်လိပ်စာဆိုပြီးတော့ ကိုယ်ရေးမှတ်တမ်းထဲမှာ ဖြည့်ရတာရှိတယ်။ ကိုယ့်ရဲ့အမြဲတမ်းနေရပ် လိပ်စာကိုလာလိုက်ရင် ကိုယ်ကမြို့ပေါ်မှာဆိုတော့ ကိုယ့်ကို လာခေါ်မှာစိုးလို့ ရှောင်ကြရတာ။ အဲ့တော့ အဓိကက ရန်ကုန် မန္တလေးမြို့ပေါ်မှာနေတဲ့ ပါမောက္ခတွေက ရှောင်ကြရတယ်။ ကျောင်းထဲမှာ စစ်ထပ်တွေက လာပြီးတပ်စွဲတယ်။ ကျောင်းတွေထဲမှာ မန္တလေး တက္ကသိုလ်၊ မန္တလာ တက္ကသိုလ်၊ မုံရွာတက္ကသိုလ် အဲ့လို တက္ကသိုလ်တွေထဲမှာ စစ်တပ်က တပ်လည်းစွဲလည်းစွဲရော ကျောင်းထဲမှာနေတဲ့ ဝန်ထမ်းတွေရော ဆရာ၊ဆရာမတွေရော ဘယ်သူမှမနေရဲကြတော့ဘူး။ မနေရဲကြတော့ပဲနဲ့ ကိုယ့်အိမ်ကိုယ်တွေပြန်ကြရော"
ဒါ့အပြင် မေလ ၅ ရက်နေ့မှာ ကျောင်းပြန်ဖွင့်ရင် အလုပ်ပြန်ဆင်းကြဖို့ ညွှန်ကြားရေးမှူးချုပ်က စာထုတ်ပြန်ထားပြီး၊ Ph.D. အတန်းတွေ ဖွင့်ဖို့ ဖိအားပေးတာတွေ၊ နည်းမျိုးစုံနဲ့ အရေးယူတာတွေ ရှိနေတယ်လို့လည်း RFA ကို ပြောပါတယ်။
"အခု မေလ ၅ ရက်နေ့မှာ ကျောင်းပြန်ဖွင့်မယ်ဆိုပြီးပြောပြီးတော့ M.A Thesis သမားတွေ Thesis လုပ်ဖို့ PHD သမားတွေ အတန်းဆက်တတ်ဖို့ဆိုပြီး ညွှန်ကြားတယ်။ အဓိကက ရန်ကုန် မန္တလေး တက္ကသိုလ်ကကြောက်ရတယ်။ ဘာလို့ဆိုတော့ PHD အတန်းတွေ ဖွင့်မယ်ဆိုတော့ အဲ့ဒီအတန်းတွေ ဖွင့်မယ်ဆိုရင် မဖြစ်မနေဖွင့်ဖို့အတွက် အကြီးပိုင်းတွေ မဖြစ်မနေပြန်တတ်ဖို့ ဇွတ်အတင်းခေါ်ပြီး ဖွင့်ခိုင်းတာမျိုးဖြစ်မှာ ကြောက်လို့ ရှောင်နေကြတဲ့ အနေအထားပဲ။ ၅၀၅ (က) ပုဒ်မတွေ တပ်ပြီး ဖမ်းတာတွေလည်းရှိတယ်။ တချို့ကျတော့ လစာမဲ့ အရေးယူတာတို့ တာဝန်က ရပ်ဆိုင်းလိုက်တာတို့ မျိုးစုံတော့ ဖိအားပေးတယ်"
စစ်ကောင်စီကို လိုလားတဲ့ နိုင်ငံရေးပါတီတချို့က လူတွေကိုယ်တိုင် သတင်းပေးနေကြတယ်လို့ မန္တလေးမြို့ လူမှုကူညီရေးအသင်းက အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ ရွာထဲမှာ အဲ့ဒီအကိုက မန္တလေးမြို့က မီးရထားဝန်ထမ်း ဖြစ်တယ်။ နောက်ကျတော့ သူတို့တွေ CDM လုပ်ရင်း ငြိမ်းချမ်းသာ ဆန္ဒပြသပိတ်တွေ လုပ်တော့ လိုက်ဖမ်းတယ်ဆိုတော့ ရွာကိုပြန်လာတယ်။ ရွာမှာလာပြီး ခဏတိမ်းရှောင်နေတဲ့ အချိန်မှာ သူ့ရဲ့ အမျိုးဖြစ်တဲ့ သူကိုယ်တိုင်က ဒလန်ဖြစ်နေတဲ့အတွက်ကြောင့် ဒလန်တွေကို အသိပေးပြီးတော့ CDM လုပ်တဲ့ အကိုကတော့ ပြန်လာပြီ ရောက်နေပြီ ဆိုတာကို ပြောလိုက်တဲ့အတွက် သူအိပ်နေရင်းနဲ့တောင် ထွက်ပြေးရတယ်။ ထွက်ပြေးတော့တောင် ဘာမှတောင် မပါသွားဘူး။ အခုတော့ လုံးဝကို အဆက်သွယ်မရတဲ့ အခြေအနေကိုရောက်သွားပြီ။"
တချိန်တည်းမှာပဲ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ ပညာရေးဝန်ထမ်း၊ မီးရထားဝန်ထမ်း စတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့တဲ့အဖွဲ့တွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ ပြည်ပရောက်မြန်မာတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချဖို့ ပါဝင်လှုပ်ရှားနေတဲ့ CDM ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ အတွက် ကူညီပေးနေတယ်လို့ ပြည်ပရောက် ပရဟိတအဖွဲ့တစ်ဖွဲ့က အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"မြန်မာပြည်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချရေးအတွက် ကြိုးစားနေတဲ့ CDM ဝန်ထမ်းတွေကို ကျွန်တော်တို့ ငွေကြေးထောက်ပံ့မှုတွေ လုပ်ပေးနေပါတယ်။ အခက်အခဲတွေလည်း ရှိပါတယ်။ အကြမ်းဖက် အဖွဲ့အစည်းရန် ကလည်း လွတ်အောင်၊ ငွေလွှဲရတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ငွေလက်ခံပြီးတော့ CDM တွေကို ခွဲဝေပေးရတဲ့ အဖွဲ့ကိုလည်း ကျွန်တော် သေချာရွေးချယ်ပြီးတော့ စစ်ကောင်စီရန်ကလည်း လွတ်အောင် သေချာလုပ်ဆောင်နေရပါတယ်"
တောင်ကိုရီးယားနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ကိုရန်နိုင်ထွန်းကလည်း ....
“ကျွန်တော်တို့ ကိုရီးယားနိုင်ငံကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ စတင်ပြီးတော့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့အတွက် စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့အချိန်ထိ့ဆိုရင် ဝန်ထမ်းပေါင်း ၃၂၄၈ ဦးအတွက်ကို ငွေကျပ်သိန်းပေါင်း လေးထောင့်တစ်ရာကိုးဆယ့်တစ်သိန်းတိတိကို ကျွန်တော်တို့ ပေးပို့လှူဒါန်းပြီး ဖြစ်ပါတယ်။vဝန်ထမ်းတွေ ရှိတဲ့နေရာ ဝန်ထမ်းတွေရှိတဲ့ဒေသအထိကို ရောက်အောင် အချိတ်အဆက်တွေလုပ်ပြီးတော့ ကျွန်တော်တို့ ပေးပို့နိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကိုရီးယားနိုင်ငံကနေပြီးတော့ CDM ကိစ္စကို အင်တိုက်အားတိုက် လှူဒါန်းကြပါတယ်။ ကိုရီးယားလူမျိုးတွေရော ကိုရီးယားအစိုးရပိုင်း အနုပညာရှင်ပိုင်း အဖက်ဖက်က အလွှာအသီးသီးကသူတွေပါ ကျွန်တော်တို့ကို လှူကြပါတယ်။ တကယ်တမ်းဆိုရင် ကိုရီးယားနိုင်ငံမှာအခုလို ဘဏ်အကောင့်တစ်ခုလုပ်ပြီး အလှူခံငွေကောက်ခံတယ်ဆိုတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကိုရီးယားအစိုးရပိုင်းကရော ကျွန်တော်တို့ကို နားလည်မှု့အပြည့်ပေးပြီးတော့ ကျွန်တော်တို့ အမိ့မြန်မာနိုင်ငံအတွက်ကို ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို တဖက်တလှမ်းကနေပြီးတော့ အားပေးနေတာပဲ ဖြစ်ပါတယ်"
စစ်ကောင်စီရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုအောက်မှာ အခက်အခဲ အကြပ်အတည်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့် စစ်အာဏာရှင်စနစ်ကို ပြန်မသွားချင်ကြတော့တဲ့ ဝန်ထမ်းအများစုကတော့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချရေး "အကြမ်းမဖက်လူထုလှုပ်ရှားမှု"မှာ ကိုယ်ကျိုးစွန့်ပြီး ဆက်လက်ပါဝင်နေကြတာကို တွေ့ရပါတယ်။