အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများလာ

RFA Burmese
2023.10.22
အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများလာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းက အထည်ချုပ်စက်ရုံတွေမှာ လုပ်ခလစာအပြည့်အဝ မပေးတာ၊ အချိန်ပိုကြေးတွေကို ခေါင်းပုံဖြတ်တာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အလုပ်ရှင်တွေက သိသိသာသာ ကျူးလွန်လာတယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လုပ်ငန်းရှင်အများစုဟာ သတ်မှတ်ထားတဲ့ အထည်ရေ မချုပ်နိုင်ရင် တစ်နေ့လုပ်အားခ ၄၈၀၀ ထဲက ဖြတ်တောက်တာ၊ အခကြေးငွေမပေးဘဲ အချိန်ပို ဆင်းခိုင်းတာ၊ လုပ်သက်သုံးလပြည့်ပေမယ့် အချိန်ပြည့်ဝန်ထမ်း အဖြစ် ဥပဒေပါအတိုင်း မပြောင်းပေးတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေကို ပုံစံမျိုးစုံနဲ့ ချိုးဖောက်နေကြတယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးက သူတို့စက်ရုံမှာ သတ်မှတ်ထားတဲ့ အထည်အရေပြည့်အောင် မချုပ်နိုင်ရင် တစ်နေ့လုပ်အားခ ၄၈၀၀ ထဲက ဖြတ်တောက်နေတယ်လို့ RFA ကို ပြောပါတယ်။

“သူတို့ သတ်မှတ်ချက် (Target) တောင်းတယ်ပေါ့။ တစ်ရာတောင်းတယ်ဆိုရင် ငါးဆယ်ပဲပေးနိုင်ရင်၊ စုကြေးထဲက ဖြတ်တောက်တာတွေ ရှိတယ်။ ပြီးရင် နှစ်ရက်လောက်အထိ Target မပေးနိုင်ဘူး ဆိုရင် လစာရဲ့ ဒေးကြေး (နေ့တွက်ခ) ၄၈၀၀ ရတော့မယ်ဆိုရင် လေးထောင်လောက်ပဲပေးပြီး ရှစ်ရာကို နုတ်လိုက်တယ်။ Target ကို ဟိုတုန်းက တစ်နာရီကို အထည်တစ်ရာ သတ်မှတ်ထားရင် အခုက အထည်နှစ်ရာ ချုပ်ရတာမျိုးတွေ ဖြစ်သွားတယ်။ နှစ်ဆတွေ လုပ်နေရတာပေါ့’’

သတ်မှတ်ထားတဲ့ အထည်ရေမပြည့်လို့ အချိန်ပိုဆင်းရရင်လည်း အချိန်ပိုကြေးကို စက်ရုံဘက်က မပေးတဲ့အပြင် ပြန်စရာ အကြို၊ အပို့ကားပါ မစီစဉ်ပေးဘူးလို့ ဆိုပါတယ်။

“အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ ခံစားခွင့်ဥပဒေ၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေခံစားခွင့်တွေကို အလုပ်ရှင်တွေက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြပါတယ်"

ရွှေပြည်သာစက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အမျိုးသမီးကလည်း လုပ်ငန်းရှင် တွေဟာ အချိန်ပြည့်ဝန်ထမ်း မခန့်ချင်တာကြောင့် သုံးလတစ်ခါ စာချုပ်ပြန်ချုပ်ကြတယ်လို့ RFA ကို ပြောပါတယ်။

“ဥပဒေမှာက လုပ်သက်သုံးလပြည့်ရင် အမြဲတမ်းဝန်ထမ်း (Permanent) ပေးရတယ်။ ဒါကိုမပေးချင်တော့ သုံးလပြည့်ရင် စာချုပ်အသစ်ပြန်ချုပ်တယ်။ စာချုပ်အသစ် ပြန်ချုပ်ရင် အစမ်းခန့်ဝန်ထမ်း ပြန်ဖြစ်သွားတာပေါ့၊ ဒီအစမ်းခန့်ကာလမှာ အလုပ်ပြုတ်သွားရင်တောင် ဘာခံစားခွင့်မှ မရှိဘူးလေ။ ဘာခံစားခွင့်မှ မပေးချင်လို့ ဒီလိုလုပ်ကြတာပေါ့’’

အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ ရန်ကုန်စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

အထည်ချုပ်စက်ရုံဝန်ထမ်း လုပ်သက်ငါးနှစ်ကျော်ရှိတဲ့ ကိုနေမျိုးကလည်း သူလုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို လုပ်ငန်းရှင်တွေက ဖမ်းဆီးခိုင်းတာမျိုးရှိတယ်လို့ RFA ကို ပြောပါတယ်။

“အခုအနေနဲ့က တိုင်လို့အဆင်မပြေကြဘူးလေ။ အခုက တိုင်ရင်လည်း ဟိုရောက်ဒီရောက်တွေ အကုန်ဖြစ်တာ။ တချို့စက်ရုံတွေဆိုရင် သူတို့စစ်သားတွေနဲ့ ညှိပြီးတော့ လုပ်တာတွေလည်းရှိတယ်။ သူတို့စက်ရုံ လည်ပတ်နိုင်ဖို့ စစ်သားတွေကို တရုတ်တွေက ပိုက်ဆံပေးထားတယ်။ ဆူပူလို့ရှိရင် တစ်ခါတည်း စစ်သားခေါ်ပြီး ထုတ်နိုင်အောင် လုပ်ထားတာ’’

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေကို တရားမဝင်အဖွဲ့တွေအဖြစ် ကြေညာပြီး အဖွဲ့ဝင်တချို့ကို ဖမ်းဆီးအရေးယူခဲ့တာကြောင့် အလုပ်သမားတွေဘက်က ကာကွယ်ပြောဆို ပေးမယ့်သူ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ Hong Miao Garment စက်ရုံမှ ဆန္ဒပြတောင်းဆိုနေကြသည့် အလုပ်သမားများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo:  Citizen Journalist)
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ Hong Miao Garment စက်ရုံမှ ဆန္ဒပြတောင်းဆိုနေကြသည့် အလုပ်သမားများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လုပ်ငန်းရှင်တွေဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ မမိုးစန္ဒာမြင့်က ပြောပါတယ်။

“အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ ခံစားခွင့်ဥပဒေ၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေခံစားခွင့်တွေကို အလုပ်ရှင်တွေက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေက ILO ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ အဓမ္မအလုပ်ခိုင်းစေခြင်း ချိုးဖောက်မှုတွေအပြင် အကျိုးစီးပွားခံစားခွင့်၊ အခွင့်အရေးဆိုင်ရာ ခံစားခွင့်တွေကို များစွာသော ချိုးဖောက်မှုတွေနဲ့ အမြင့်ဆုံးအဆင့်ကို ချိုးဖောက်လာတာကို တွေ့ရပါတယ်’’

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရသူ ၄၁ ရာခိုင်နှုန်းအထိရှိလာပြီး အဲဒီအထဲက အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းသာ နစ်နာကြေးရကြသလို အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့် အလုပ်သမားတွေထက် နစ်နာကြေးရတာ ပိုနည်းတယ်လို့ ဆိုပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီကတော့ အာဏာသိမ်းကာလမှာ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဆီရောက်လာတဲ့ တိုင်ကြားစာတွေကို တချို့တွေကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီ လွှဲပေးပြီးတော့ တချို့တွေကျ ဒီဘက်က သက်ဆိုင်တဲ့နိုင်ငံ၊ သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေကို report လုပ်ပေးတယ်။ မှတ်တမ်းတင်ထားတယ်။ တချို့ကိစ္စတွေကိုလည်း အဓိက ကတော့ ဆောင်ရွက်နိုင်တဲ့သူတွေထံ လွှဲပေးတာ များပါတယ်’’

အလုပ်သမားတွေရဲ့ နစ်နာမှုတွေအပေါ် မှတ်တမ်းကောက်ယူထားပြီး ကျူးလွန်သူတွေကို နောင်တစ်ချိန်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စက်ရုံအချို့ရဲ့ တုံ့ပြန်မှုရဖို့ အဲဒီစက်ရုံတွေဘက်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အသင်းဝင်စက်ရုံ ၈၁၇ ရုံရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပါတယ်။ ကျန်တဲ့ ၂၇၁ ရုံက လုပ်ငန်း ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန် ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပခဲ့တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု နှီးနှောဖလှယ်ပွဲမှာတော့ ကိုကိုးကျွန်းကလွဲပြီး မြို့နယ် ၄၄ မြို့နယ်မှာ အခုနှစ်ကိုးလအတွင်း အငြင်းပွားမှု ၁၅၀ ကို ဖြေရှင်းပေးခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောဆိုထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။