အထည်ချုပ်အလုပ်သမားတွေ ကိုဗစ်အန္တရာယ်ကြီးမားနေ

2021.08.02

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင်ဖြစ်ပွားတဲ့ လူကလူကို ကူးတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ covid-19 ကမ္ဘာ့ကပ်ရောဂါအဖြစ် တကမ္ဘာလုံးကို ကူးစက်သွားရင်း မျိုးဗီဇတွေလည်း တဆင့်ပြီး တဆင့် ပြောင်းလဲလာရာက ခုသူ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဒဏ် အလူးအလိမ့်ခံနေရပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရလို့ မနေ့က လူ ၃၃၀ ထပ်မံသေဆုံးတဲ့အတွက် စုစုပေါင်း ၁၀၀၆၁ ယောက် သေဆုံးရတယ်လို့ အိမ်စောင့်စစ်အစိုးရ ချုပ်ကိုင်တဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ အတည်ပြုလူနာသစ်က ၃၆၈၉ ယောက်ရှိလို့ လူနာ ၃၀၆၃၅၄ ယောက်ရှိပါတယ်။

ဒါဟာ တရားဝင် စာရင်းဖြစ်ပြီး ကျန်းမာရေးဌာနကို ရောက်လာတဲ့ စာရင်းကိုပဲ တွက်ချက်တာလို့ မြန်မာ့အရေး မပြတ်လေ့လာနေတဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဝင်လာတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ကြိုတင်ကာကွယ်နိုင်တဲ့အတွက် ကူးစက်သေဆုံးနှုန်းကို အထိုက်အလျောက် ထိန်းနိုင်ပေမယ့် ကူးစက်လည်းလွယ် ပြင်းလည်း ပြင်းထန်တဲ့ delta variant ဗိုင်းရပ်စ်ကူးစက်ချိန်ဟာ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုလက်အောက် ကျရောက်ချိန်နဲ့ သွားတိုက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

lashio.jpg
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့က ကိုဗစ်-၁၈ ပိုး ရှိ-မရှိ စစ်ဆေးခံရန် စောင့်ဆိုင်းနေကြသူများ။ (Photo: RFA)

တုပ်ကွေးလို လက္ခဏာရှိတဲ့ လူနာတွေကို ဆေးညွှန်းပေးလေ့ရှိဆရာဝန်တယောက်က လူနာတွေကို ဆေးသွားဝယ်ပေမဲ့ ဆိုင်တွေက ပိတ်ထားတာနဲ့ ကြုံရတယ်လို့ ပြောပါတယ်။

လူနာတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံရတဲ့ ဆရာဝန်တစ်ဦးက အဲဒီလိုပြောပေမယ့် စစ်အာဏာသိမ်း ၆ လပြည့် မိန့်ခွန်းမှာ စစ်ယူနီဖောင်း ဝတ်မထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အကန့်အသတ် မထားဘူးလို့ ပြောပါတယ်။

အဲဒီမိန့်ခွန်းပြောပြီးနောက်တရက် သြဂုတ် ၂ ရက်မှာ မြန်မာစစ်တပ်ကို စစ်ရေး နိုင်ငံရေးအရ အထောက်အကူပေးနေတဲ့ တရုတ်နိုင်ငံက ဖြစ်ပေမယ့် အလုပ်သမား လှုပ်ရှားမှုကို ထောက်ခံတဲ့ China Labor Bulletin တရုတ်သမားရေးရာ သတင်းလွှာမှာ မြန်မာအထည်ချုပ်စက်ရုံတွေမှာ ကိုဗစ်ရောဂါ ကူးစက်နှုန်း များနေတာကို ကမ္ဘာကျော် အမှတ်တံဆိပ် အထည်လုပ်ငန်းတွေက မျက်ကွယ်ပြုတယ်လို့ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတချို့စက်ရုံတွေ ရပ်နားပေမဲ့ စပိန်နိုင်ငံအခြေစိုက် Zara အထည်ချုပ်လုပ်ငန်းနဲ့ ဘယ်ဂျီလ်ယံ-ဂျာမနီနဲ့ နယ်သာလန် ချိတ်ဆက်တဲ့ C&A အထည်လုပ်ငန်းအတွက် ချုပ်ပေးတဲ့ စက်ရုံတချို့လည်ပတ်နေတာလို့ သတင်းလွှာမှာ ပါရှိပါတယ်။

အမှတ်တံဆိပ်ရှိတဲ့ အထည်လုပ်ငန်း၊ အလုပ်သမားသမဂ္ဂနဲ့ အထည်ဖြန့်ဖြူးရေးလုပ်ငန်းတွေ သဘောတူထားတဲ့ ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်တွေကို မလိုက်နာဘဲ ပုံမှန်ဆက်လက်ပြီး အထည်တွေ ချုပ်နေတယ်လို့ ဆိုပါတယ်။ လမ်းညွှန်ချက်မှာ လူချင်း ၆ ပေခွာဖို့၊ တကိုယ်ရည် ကျန်းမာရေးနဲ့ ရောဂါကာကွယ်ရေး စည်းကမ်းတွေ တင်းကျပ်ဖို့နဲ့ covid-19 ကူးစက်ခံရတဲ့ အလုပ်သမားတွေကို နာမကျန်းခွင့် ခံစားခွင့်ပေးဖို့ ပါဝင်ပါတယ်။

000_1R72LL.jpg
၂ဝ၂ဝ မေလက လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ရုံအတွင်းက လုပ်ငန်းခွင်မြင်ကွင်းတစ်ခုကို မြင်တွေ့ရစဉ်။ (File Photo: AFP)

China Labor Bulletin သတင်းလွှာမှာ စက်ရုံတွင်းကနေ ဗိုင်းရပ်စ်ကူးစက်ခံရမယ့် အန္တရာယ်ရှိတဲ့အကြောင်း၊ တချို့ အလုပ်သမားတွေ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာပြပေမဲ့ သီးခြားခွဲနေတဲ့ အစီအစဉ်မရှိလို့ အလုပ်သမားတွေအတွက် အန္တရာယ် ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရန်ကုန်မြစ်ကူးပြီး စက်ရုံတွေ သွားရတဲ့အခါ ကူးတို့သင်္ဘောတွေမှာ လူမတန်တဆ တင်ဆောင်တာကလည်း စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေပုံဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဒီနှစ်မေလက ဖြစ်ပွားပြီး လူအသေအပျောက်များတဲ့ ကိုဗစ်ဒုတိယလှိုင်း ကပ်ဆိုက်ချိန်နဲ့ အတော်တူနေတယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ရှိတဲ့အနက် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဇူလိုင်လမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ဝဝ လောက် လုပ်ငန်း ဆိုင်းငံ့သွားတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ အထည်ချုပ်စက်ရုံ အပါအဝင် တရုတ်နိုင်ငံသားပိုင်စက်ရုံ ၂၄ ရုံ လောက် မီးရှို့ခံရပြီး လုပ်ငန်းရပ်ဆိုင်းသွားခဲ့ပြီး ပြန်လည်ပတ်အောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီလက်ထက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား ဆက်သွယ်ဆောင်ရွက်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက RFA ကို ဇူလိုင် ၂ ရက်က ပြောကြားဖူးပါတယ်။

အဲဒီဇူလိုင်လမှာတင်ပဲ ကိုဗစ်ကူးစက် သေဆုံးနှုန်းတွေ မြင့်တက်လာပြီး ခုသြဂုတ်လဆန်း ရောက်လာချိန်မှာလည်း ကပ်ရောဂါကို မထိန်းနိုင်သေးတဲ့ အနေအထားမှာ ရှိပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။