လှိုင်သာယာ တရုတ်အထည်ချုပ်စက်ရုံအလုပ်သမား ၄၀၀ ကျော်အလုပ်ထုတ်ခံရ

RFA Burmese
2023.04.05
လှိုင်သာယာ တရုတ်အထည်ချုပ်စက်ရုံအလုပ်သမား ၄၀၀ ကျော်အလုပ်ထုတ်ခံရ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှ တရုတ်နိုင်ငံသားပိုင် FITEX (Myanmar) အထည်ချုပ်စက်ရုံလုပ်ငန်းတစ်နေရာကို တွေ့ရစဉ်။
Federation of General Workers Myanmar - FGWM

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းက တရုတ်နိုင်ငံသားပိုင် FITEX (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ငန်းမလည်ပတ်နိုင်တော့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ထမ်း ၄၀၀ ကျော် အလုပ်ရပ်နားခံလိုက်ရတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံဟာ အလုပ်သမား ၇၀၀ ကျော်နဲ့ လည်ပတ်နေတာပါ။ အဲဒီအထဲက အလုပ်သမား ၄၀၀ ကျော်ကို သင်္ကြန်အလွန်မှာ အလုပ်နားမယ့်အကြောင်း မတ်လ ၁၃ ရက်နေ့က စက်ရုံတာဝန်ရှိသူက နှုတ်နဲ့အကြောင်းကြားခဲ့ပြီးနောက် မတ်လ ၂၉ နဲ့ ၃၀ ရက်နေ့တွေ မှာတော့ မိမိသဘောဆန္ဒနဲ့ အလုပ်နားတာဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ရပ်နားခံရတဲ့ အလုပ်သမားတွေဟာ လုပ်သက် ခြောက်လအောက်ရှိတဲ့ အလုပ်သမားတွေဖြစ်တယ်လို့ သူတို့ထဲက တစ်ဦးဖြစ်တဲ့ မခက်ခက် (အမည်လွှဲ) က ပြောပါတယ်။

"ခြောက်လအောက်တွေပဲ ဖြုတ်တာ။ အခုလိုဖြုတ်လိုက်ရင် သင်္ကြန်နားနီးပြီဆိုတော့ ၁၀ ရက်၊ ၁၁ ရက်တွေ ပိတ်ကြတယ်လေ။ ၁၀ ရက်၊ ၁၁ ရက်ပိတ်ရင် ညီမတို့ကို နေ့စားခက အပြည့်ပေးထားရတာဆိုတော့ အဲဒီလိုမျိုးတွေမပေးချင်ဘူး အလုပ်ရှင်က။ အဲဒါကြောင့် ခြောက်လအောက်ကလူတွေကို တန်းစီပြီးတော့ ဖြုတ်တာ။ သူတို့ သင်္ကြန်ပိတ်ရက်ခ ပေးရမှာစိုးလို့ အလုပ်ရှင်က အဲဒီလိုမျိုး လူပါးဝတာပေါ့။ အော်ဒါ မရှိလို့ အလုပ်ထုတ်တယ်ဆိုပြီး အလုပ်ထွက်စာမှာ လက်မှတ်ထိုးခိုင်းတယ်။ ကိုယ့်ဘာသာထွက်တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ အဲဒီအထဲမှာ ဖြည့်တဲ့စာတွေက နယ်ပြန်တယ်လို့ ရေးထားပြီးတော့ ညီမတို့ကို လက်မှတ်တွေ ထိုးခိုင်းတယ်၊ ရပ်ဆိုင်း စာရွက်မှာ"

ဒီကိစ္စအတွက် အလုပ်ရှင်တွေဘက်က နစ်နာကြေးတစ်စုံတစ်ရာ ပေးခဲ့တာမရှိခဲ့ဘူး လို့လည်း ပြောပါတယ်။

FITEX (Myanmar) စက်ရုံဟာ AMISU အမှတ်တံဆိပ်ပစ္စည်းတွေကို အဓိကထား ချုပ်လုပ်နေတာပါ။ ဒီစက်ရုံဟာ စက်လိုင်း ၁၀ လိုင်းနဲ့ လည်ပတ်နေတဲ့စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံကနေ ရုတ်တရက် အလုပ်ရပ်နားခံလိုက်ရတာကြောင့် တခြား အလုပ်ပြန်ဝင်ဖို့ မလွယ်ကူဘဲ ခက်ခဲနေတယ်လို့ ဧရာဝတီတိုင်းက အလုပ်လာရောက် လုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့ စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"လစာက အိုတီရှိရင်တော့ နှစ်သိန်းခွဲလောက် ရတယ်။ ကျန်ခဲ့တဲ့လတွေက အိုတီ မရှိတော့ ၂၂၊ ၂၃ လောက်ပဲ ရတယ်၊ သမီးတို့အတွက်က သင်္ကြန်ပိတ်ရက်လည်း ရှိတော့ အခက်အခဲဖြစ်တာပေါ့။ အလုပ်လျှောက်ဖို့အတွက်လည်း မလွယ်ကူတော့ဘူးလေ။ အခုပိတ်ရက်လည်းရှိတော့ စက်ရုံတွေက အင်တာဗျုးတွေ သိပ်မရှိတော့ဘူးလေ။ အင်တာဗျူးမရှိတော့ တစ်လစာအတွက်က နစ်နာသွားတာပေါ့၊ သင်္ကြန်ပိတ်ရက်ခ တွေလည်း မရတော့ဘူးပေါ့"

စက်ရုံဘက်က အလုပ်ရပ်နားခံလိုက်ရလို့ အဆောင်လခနဲ့ စားဝတ်နေရေးတွေအတွက် အခက်အခဲတချို့ရှိနေတယ်လို့ သူက ပြောပါတယ်။

စက်ရုံဝန်ထမ်း ၄၀၀ ကျော်ကို အလုပ်ရပ်နားလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားပိုင် FITEX (Myanmar) စက်ရုံကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်သမားသမဂ္ဂတွေ မရှိတော့တာကို အခွင့်ကောင်းယူပြီး စက်ရုံလုပ်ငန်းရှင်အများစုက အလုပ်သမားအခွင့်အရေးတွေကို အသံတိတ် ချိုးဖောက်ကျုးလွန်လာတာလို့ မခက်ခက်က ပြောပါတယ်။

"လုပ်ငန်းရှင်အများစုက လုပ်ငန်းခွင် ဥပဒေတွေကို ချိုးဖောက်မှုတွေ မတရား များလာတယ်ပေါ့။ အခုလိုလုပ်တာက ညီမတို့အတွက် ဘောင်မဝင်ဘူး၊ တရားမမျှတဘူး။ လုပ်ငန်းရှင်က လုပ်သွားတယ်။ ဒါပေမဲ့ အလုပ်သမားတွေက အားကိုးတကြီးသွားဖို့ ဒီမှာစုပြီးပြောမယ်ဆိုရင် လုပ်ငန်းရှင်က ကြိုပြီးသိသွားရင် အဲဒီလူကို ကြိုပြီး အလုပ်ထုတ်တာမျိုးကို လုပ်တယ်။ ခေါ်ပြီး ခြိမ်းခြောက်တယ်။ ညီမတို့အလုပ်သမားတွေ အတွက်တော့ ဒီလိုလည်း မလုပ်ရဲ၊ ဟိုလိုလည်း မလုပ်ရဲ ဖြစ်တယ်ပေါ့။ အခု အလုပ် ထွက်မယ် ညီမတို့ ဆင်းထားတဲ့ရက်ခပဲ ပေးဆိုရင် အခုမရဘူး၊ နောက် ၅ လပိုင်းကျော်မှ ရမယ်ဆိုတော့ ညီမတို့က အဆောင်ခတွေ ပေးနေရတာလေ ဘယ်လိုအဆင်ပြေမလဲ။ အဲဒီအတွက်ကြောင့် ကိုယ်တွေကို ဖိနှိပ်နေတာသိပေမယ့်၊ တရားမမျှတတာ သိနေ ပေမယ့် စီးပွားရေး အကျပ်အတည်းကြောင့် အဆင်မပြေတော့ ဒီလိုမျိုးတွေ ငြိမ်ခံ နေရတာပေါ့"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အလုပ်သမားတစ်ဦးရဲ့ တစ်နေ့တာ လုပ်ခလစာ ကျပ် ၃၆၀၀ ကနေ ၂၀၁၈ ခုနှစ်မှာ ကျပ် ၄၈၀၀ အထိ ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဒီနေ့အထိ ပြင်ဆင်ပြောင်းလဲတာ မရှိသေးပါဘူး။

"ကိုယ်တွေကို ဖိနှိပ်နေတာသိပေမယ့်၊ တရားမမျှတတာသိနေပေမယ့် စီးပွားရေးအကျပ်အတည်းကြောင့် အဆင်မပြေတော့ ဒီလိုမျိုးတွေ ငြိမ်ခံနေရတာပေါ့"

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကတော့ တိုင်ကြားလာတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို သက်ဆိုင်ရာဌာနအလိုက် ကိုင်တွယ်ဖြေရှင်း နေတယ်လို့ ပြောပါတယ်။

"ဖြစ်ပွားတဲ့ကိစ္စက ဘာကိစ္စလဲ အသေးစိတ်တွေ ပေါ်လာပြီဆိုမှသာ ဘယ်ဟာကြောင့် ဆိုတာ ပြောလို့ရမှာ။ အလုပ်သမားရေးရာ အငြင်းပွားမှုက ဆက်ဆံရေးဦးစီးဌာနက ကိုင်တွယ်တယ်။ အဲဒီကျတော့ သက်ဆိုင်ရာ ပြဿနာဖြစ်လာပြီဆိုရင်တော့ ဘယ်မြို့နယ်ပဲဖြစ်ဖြစ် ဘယ်ဦးစီးပဲဖြစ်ဖြစ် တိုင်လိုက်ပါ။ သက်ဆိုင်တဲ့ဌာနတွေက ဥပဒေနဲ့အညီ ဖြေရှင်းရမယ့်ကိစ္စဆိုရင် ဖြေရှင်းပေးမယ်။ ဖြေရှင်းပေးလို့မရဘူးဆိုရင် ကျနော့်ဆီကို တင်လို့ရတယ်"

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းက အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားရေးကိစ္စတွေကို ဘယ်လောက် ဖြေရှင်းပေးနိုင်ခဲ့တယ်ဆိုတဲ့ အခြေအနေအသေးစိတ်ကိုတော့ ဦးမောင်မောင်သန်းက ထုတ်ဖော်မပြောသွားပါဘူး။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

FITEX (Myanmar) အထည်ချုပ်စက်ရုံဟာ အလုပ်သားတွေရဲ့ ကျွမ်းကျင်မှု လုပ်သက် အလိုက်ပေးရမယ့် ငွေကြေးကို မပေးချင်တာကြောင့် ကျွမ်းကျင်အလုပ်သမားတွေကို အလုပ်ရပ်နားခဲ့တာလို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က RFA ကို ပြောပါတယ်။

"ကိုယ့်ရဲ့ ကျွမ်းကျင်မှု လုပ်သက်အလိုက် ရရှိနေတဲ့ငွေကြေးကိုလည်း သူတို့က ဂုတ်သွေး စုပ်ချင်တယ်။ လုပ်အားတွေ ခေါင်းပုံဖြတ်ချင်တယ်။ လုပ်သက်ရှိတဲ့ လုပ်သားတွေကို ထုတ်ပြီးတော့ စက်ရုံအပိတ်ပြတယ်။ လုပ်သားအလျှော့ပြတယ်။ နောက်မကြာခင်မှာ အခြားနာမည်တွေနဲ့ စက်ရုံ ပြန်ဖွင့်တယ်။ နောက်ပြီးတော့ အခြားစက်မှုဇုန်တွေမှာ စက်ရုံပြန်လည်ပတ်တာ။ လည်ပတ်တဲ့ အခါမှာလည်း လုပ်အားခ အမြတ်ထုတ်မှု၊ ကျွမ်းကျင်ဝန်ထမ်းတွေကို နေ့စားနဲ့ပဲ ပြန်ပြီးတော့ ခေါ်သုံးပြီးတော့မှ လုပ်တာမျိုးကို အာဏာသိမ်းပြီး နောက်ပိုင်း ပိုပြီးတော့ တွေ့ ရတယ်"

Fitex (Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော် အလုပ်ဖြုတ်ခံရတာနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထံ RFA က အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာ ILO အနေနဲ့ အလုပ်သမားပြဿနာအငြင်းပွားမှုတွေမှာ တိုက်ရိုက်ကြားဝင်တာမျိုးမရှိပေမယ့် သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားသမဂ္ဂတွေ စေ့စပ်ညှိနှိုင်း ဖြေရှင်းကြဖို့တိုက်တွန်းတယ်လို့ အကြောင်းပြန် ပါတယ်။

ဒါပေမဲ့လည်း လုပ်ငန်းရှင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်တာနဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို ကြားဝင်ဖြေရှင်းပေးနေတဲ့ အလုပ်သမားသမဂ္ဂတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာ့အထည်ချုပ် စက်ရုံတွေက အလုပ်အကိုင်ပေါင်း နှစ်သိန်းခွဲကျော် ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမား ညီညွတ်ရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ အခုနှစ် အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။