အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးဆုံးရှုံးမှု ပိုများလာ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အလုပ်ရှင်တွေဟာ အလုပ်သမားအခွင့်အရေးတွေကို ချောင်ထိုးထားပြီး လုပ်ခလစာ အပြည့်အဝ မပေးတာ၊ အချိန်ပိုကြေး မပေးတာ၊ လုပ်ငန်းရပ်နားပြီးနောက်ပိုင်း အလုပ်သမားကို လျော်ကြေးမပေးတာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက ဆွယ်တာစက်ရုံမှာ လုပ်ကိုင်နေသူ တစ်ယောက်ကလည်း ကိုဗစ် ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စက်ရုံပိတ်ထားလို့ အရင်က ပုံမှန် လစာ ကျပ် ၄ သိန်းဝန်းကျင် ရနေတာက အခု တစ်လ ငါးသောင်းပဲရတော့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဆယ်လအတွင်းမှာ ပုံမှရမယ့် ဝင်ငွေ သိန်း ၄၀ နီးပါးရဲ့ ၁၁ ရာခိုင်နှုန်းကျော်ပဲရတာလို့ လှိုင်သာယာမြို့နယ်က စက်ရုံအလုပ်သမား ကိုအော်တို က ပြောပါတယ်။
“Day ကြေး ၄၈၀၀ တောင်းတယ်။ သူတို့က မပေးနိုင်ဘူး။ တစ်ဝက်တောင်းတယ်။ မပေးနိုင်ဘူး။ နောက် ပိုင်း Labour ရုံးရောက်တဲ့အထိတောင်းတော့ တစ်လ ငါးသောင်းနှုန်းနဲ့ ဖြတ်ပေးတယ်။ ငါးလကို တစ်လ ငါးသောင်းနှုန်းနဲ့ ဖြတ်ပေးလိုက်တယ်။ တစ်လပြန်ဖွင့်တယ်။ နောက်ထပ် သုံးလတစ်ခါ ထပ်ပိတ်တယ်။ တစ်လကို ငါးသောင်းနှုန်းပဲ ထပ်ပေးတယ်။ ငါးသောင်းကျတော့ နေစားရိတ်၊ စားစရိတ်နဲ့ကျ အဆောင်ခနဲ့ တင် ခြောက်သောင်း၊ ခုနစ်သောင်းဖြစ်နေချိန်မှာ သူတို့က တစ်လငါးသောင်းဆိုတော့ အဆင်မပြေဘူး။ ပထမတစ်ခါ တိုင်တုန်းကလည်း Labour ရုံးက အဲဒီလောက်ပဲ ညှိပေးတော့ ကျွန်တော်တို့လည်း ဘာမှ မလုပ်တက်ဘူး”
စက်ရုံယာယီပိတ်ချိန်မှာ ပေးတဲ့ လုပ်ခလစာ တစ်စိတ်တစ်ပိုင်းနဲ့ မရပ်တည်နိုင်တာကြောင့် တခြားရတဲ့အလုပ် တွေကိုပါ ဝင်လုပ်နေရတယ်လို့ ကိုအော်တိုက ဆိုပါတယ်။
"သူတို့က အလုပ်ခေါ်ချင်ခေါ်တယ်။ မခေါ်ရင် မခေါ်ဘူး။ OT ပေးချင် ပေးတယ်။ မပေးချင် မပေးဘူး"
ဗြိတိန်နိုင်ငံက “SKIMS” အထည်တွေအတွက် ချုပ်လုပ်နေရတဲ့ စက်ရုံမှာလည်း မနက် ၇ နာရီခွဲကနေ ည ၆ နာရီခွဲအထိ တစ်ရက် ၁၁ နာရီကြာလုပ်ကိုင်ရပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ အချိန်ပိုကြေးကို ပုံမှန်မပေး တော့ဘူးလို့ ဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ မနှင်းနှင်းက ပြောပြပါတယ်။
“ဘယ်လိုအခြေအနေတွေလဲဆို သူတို့က အလုပ်ခေါ်ချင်ခေါ်တယ်။ မခေါ်ရင် မခေါ်ဘူး။ OT ပေးချင် ပေးတယ်။ မပေးချင် မပေးဘူး။ အဲဒါမျိုး။ OT ကြေးကျတော့ နှစ်နာရီစာပေါ့။ ပုံမှန်အလုပ်ချိန် ၈ နာရီကို ၁၀ နာရီဆို နှစ်နာရီပိုတယ်။ နှစ်နာရီဖိုးက OT ခလေ။ အဲဒါကို သူတို့က စံချိန်ပြည့်ရင် ပေးတယ်။ မပြည့်ရင် မပေးဘူး ဖြတ်ချတယ်တဲ့။ လိုင်းထဲမှာဆိုရင် အထည်လေးတစ်ခုခု ပဲ့ကျလို့ရှိရင် အထည်ဈေး ပိုက်ဆံတွေဖြည့် အဲဒါမျိုးတဲ့”
ဒီစက်ရုံမှာ အလုပ်သမားပေါင်း ရှစ်ထောင်ဝန်းကျင်နဲ့ လည်ပတ်နေပြီး အလုပ်သမား အားလုံးနီးပါး ဒီအခြေ အနေကို တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။
အခုလို စက်ရုံအလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) အနေနဲ့ တိုင်ကြားချက်တွေ ရရှိထားပြီး အမှုတည်ဆောက် လို့ရတဲ့ တိုင်ကြားမှု ၅၀ လောက် ရှိနေတယ်လို့ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
“အမှုတော်တော်များများက အထည်ချုပ်ကဏ္ဍက ဖြစ်ပါတယ်။ အဲဒီမှာလည်း ကျွန်မ အထူးပြုပြောချင် တာက ကျွန်မတို့ ကူညီပေးနိုင်တယ်ဆိုတာ အထည်ချုပ်နဲ့ ဖိနှပ်လုပ်ငန်း အဲဒီကလာတဲ့ အမှုတွေကိုပဲ ကူညီပေးနိုင်တယ်။ အဲဒီထဲကမှ တချို့ကို ကူညီပေးနိုင်တယ်။ တခြားသော ကဏ္ဍတွေဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်၊ သားရေနဲ့ မဟုတ်တဲ့ အမှုတွေကိုတော့ မကူညီပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြည်ပြည်ဆိုင် ရာ Brand လည်း မဟုတ်တဲ့ ကိစ္စတွေရှိတယ်။ ပြည်တွင်းမှာကလည်း ဘယ်လိုမှ ဥပဒေစိုးမိုးမှု ရှိတဲ့ အတွက်ကြောင့် အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ခံရတာကို ဒီအတိုင်းပဲ ကြည့်နေရတဲ့ အနေ အထားမျိုးတွေ ဖြစ်ပါတယ်ရှင့်”
အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ သမဂ္ဂ၊ အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ပြည်တွင်းမှာ တရားဝင်ရပ်တည်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့အခြေအနေတွေကြောင့် အထည်ချုပ်လုပ်ငန်းက အလုပ်သမားပေါင်း လေးသိန်းဝန်းကျင် အလုပ်အကိုင် ဆုံးရှုံးခဲ့ရတယ်လို့လည်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ H&M ၊ Zara ပိုင်ရှင် Inditex နဲ့ Primark ကုမ္ပဏီတွေပါဝင်တဲ့ Action Collaboration Transformation (ACT) ကလည်း မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းတွေကို ရပ်နားမယ်လို့ ဒီဇင်ဘာ ၁၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာတော့ ဒီအမှတ်တံဆိပ်တွေဟာ အမှာစာ ရပ်ဆိုင်းတာမရှိသလို ဆက်ပြီးလည်ပတ်နေတယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အလုပ်သမားတွေ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် မရရှိတာဟာ မမှန်ကန်ဘူးဆိုတဲ့အကြောင်းနဲ့ ၄၈၀၀ ကျပ်သာ အတည်ဖြစ်တယ်လို့ စစ်ကောင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးစာ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့လည်း အထည်ချုပ်လုပ်ငန်းခွင်တွေ အတွင်းမှာတော့ လုပ်ခလစာ အပြည့်အဝ မရရှိတာတွေ၊ အချိန်ပို ကြေး မရရှိတာတွေနဲ့ ရပ်နားတဲ့ လုပ်ငန်းတွေအတွက် ဥပဒေအတိုင်း လျော်ကြေးမရရှိတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောနေကြပါတယ်။