အာဏာရှင်ဆန့်ကျင်လို့ နှစ် ၁၇၀ ကျော် ထောင်ချခံရတဲ့ နိုင်ငံရေးသမား

RFA Burmese
2022.12.22
အာဏာရှင်ဆန့်ကျင်လို့ နှစ် ၁၇၀ ကျော် ထောင်ချခံရတဲ့ နိုင်ငံရေးသမား မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်။
Taungdwingyi Township Info Committee NLD

အသက် ၅၂ နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်ဟာ မကွေးမြို့ နာမည်ကျော် ဒေါင်းနေအကျဉ်းထောင်ရဲ့ အုတ်နံရံတွေနောက်မှာ ပိတ်လှောင်ခံထားရ ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် စစ်ကောင်စီက သူ့ကို ထောင်ဒဏ် ၁၇၃ နှစ်ကျခံဖို့ အမိန့်ချထားတာပါ။ တကယ်တော့ အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ ဦးဝင်းမြင့်လှိုင် က သူယုံကြည်တဲ့ ဒီမိုကရေစီအတွက်မျိုးဆက်နဲ့ချီပြီး တိုက်ပွဲဝင်ခဲ့သူပါ။

သူတို့မိသားစုက မကွေးတိုင်း တောင်တွင်းကြီးမြို့ကပါ။၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီအောင်နိုင်ရေးအတွက် ကူညီရင်း ပါတီနိုင်ငံရေးလောကထဲ ဦးဝင်းမြင့်လှိုင် ရောက်ရှိခဲ့တာပါ။

ဒါပေမဲ့ နိုင်ငံရေးနယ်ပယ်ဟာ သူ့အတွက် အစိမ်းသက်သက်မဟုတ်ဘူးလို့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးက ပြောပါတယ်။

"လူငယ်ဘဝကတည်းက သူက နိုင်ငံရေးနဲ့ မစိမ်းဘူး။ သူ့အဖေ တရားလွှတ်တော် ရှေ့နေ ဦးစိုးမြင့်ဆိုတာ တောင်တွင်းကြီးက။ သူက ၁၉၉၀ ခုနှစ်မှာ လူ့ဘောင်သစ်ပါတီ က အမတ်။ ရွေးကောက်ခံ အမတ်ပေါ့။ အဲလို ဖြစ်ခဲ့ဖူးတော့ သူတို့က ငယ်ငယ်ကတည်း က နိုင်ငံရေးနဲ့ မစိမ်းဘူးပေါ့။ ဒါပေမဲ့ ၂၀၁၅ ကျမှ သူက NLD ပါတီထဲကို ဝင်ပြီးတော့မှ တိုင်းဒေသကြီး ၂ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့တာ"

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တောင်တွင်းကြီးမြို့နယ်မှာ အနိုင်ရရှိခဲ့အတွက် ဦးဝင်းမြင့်လှိုင်ဟာ မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကိုဗစ် (၁၉) ထိန်းချုပ်ရေးအပါအဝင် မြို့နယ် အကျိုးပြုလုပ်ငန်းတွေမှာ အောင်မြင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုတော့ ဦးဝင်းမြင့်လှိုင် ဝင်မပြိုင်ခဲ့ဘဲ ပါတီအောင်နိုင်ရေးအတွက် ကြိုးစား ခဲ့ပါတယ်။

"စကစလက်ထက်မှာ တရားစီရင်တာဆိုရင် မျက်ကွယ်တရားစီရင်မှုတွေက အင်မတန်များနေတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးအရ အငြိုးအတေးနဲ့ကို လုပ်နေတယ်ဆိုတာ ထင်ရှားစေပါတယ်"

သူ မျှော်လင့်တဲ့အတိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်သက်တမ်းသစ်တွေစဖို့ တစ်ရက်အလိုမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဒါကို ဦးဝင်းမြင့်လှိုင် လက်မခံနိုင်ပါဘူး။ စစ်တပ်က လက်နက်အားကိုးနဲ့ ဒီမိုကရေစီ စနစ်ကိုဖျက်သိမ်းတာလို့ ယုံကြည်တဲ့အတွက် အာဏာရှင်ဆန့်ကျင်ရေး တောင်တွင်းကြီး မြို့ကလှုပ်ရှားမှုတွေကို ဦးဝင်းမြင့်လှိုင်က ဦးဆောင်ပါဝင်ခဲ့တယ်လို့ မြိုခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ဒီဆန္ဒပြစဉ်မှာလည်း တခြားဘယ်သူမှ မလုပ်ခင်မှာ ဦးဝင်းမြင့်လှိုင်သည် တောင်တွင်းကြီးမြို့အတွက် ဆန္ဒပြသပိတ်တွေ၊ ဆိုင်ကယ်စီးသပိတ်တွေ၊ မြန်မာနိုင်ငံမှာ စပြီး ည ၈ နာရီ သံပုံးတီးတဲ့ အချိန်မှာ ကျနော်တို့ အကုန်လုံး ဆိုင်ကယ်တွေနဲ့ တန်းစီပြီး တော့ လှည့်လည်ဆန္ဒပြ ဦးဆောင်ဦးရွက်ပြုခဲ့သူ တစ်ယောက် ဖြစ်တယ်။ မြို့ပေါ် အနေအထားမှာတော့သူ ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တွေနဲ့ ကောင်းမွန်စွာနဲ့ NLD အတွက်ရော တိုင်းပြည်အတွက် အကျိုးပြုခဲ့တယ်။ မြို့ပေါ် က လူတွေအတွက်ကတော့ ဆန္ဒပြရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ လူတော် တစ်ယောက်ဆိုပြီး သတ်မှတ်ခံထားရသူ တစ်ယောက်ပါဗျ"

စစ်ကောင်စီတပ်က တောင်တွင်းကြီးမြို့လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းရာမှာ ဦးဝင်းမြင့် လှိုင်ကို ပစ်မှတ်ထားခဲ့ပါတယ်။ လုံခြုံရေးအခြေအနေကြောင့် မြို့ကိုစွန့်ခွာလိုက်ရတဲ့ ဦးဝင်းမြင့်လှိုင်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်းမှာတော့ ရှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ဦးဝင်းမြင့်လှိုင်ကို ဒေါင်းနေထောင်ကို ပို့ပြီး အမှု ၁၉ မှုနဲ့ တရားစွဲခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် အမှုငါးခုအတွက် ထောင်ဒဏ် ၂၅ နှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ပုဒ်မ ၅၁ (ဂ)၊ ပုဒ်မ ၅၂ (က)၊ ပုဒ်မ (၅၄) စတဲ့ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ အမှု ၁၄ ခုအတွက် ထောင်ဒဏ် ၁၄၈ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်းထောင်ဒဏ် ၁၇၃ နှစ် ကျခံရမှာပါ။

ဒါဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဥပဒေပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

"လူတစ်ယောက်ကို ပြုလုပ်မှုတစ်ခုအတွက် ဥပဒေအမျိုးမျိုးနဲ့ တစ်ခုထက်ပိုတဲ့ ဥပဒေတွေနဲ့ တရားစွဲဆို နိုင်တယ်ဆိုရင် ပြစ်ဒဏ် အနည်းဆုံးဖြစ်တဲ့ ဥပဒေနဲ့ပဲ စွဲဆိုခြင်းဟာ သူ့အတွက် သက်ညှာမှုကိုပေးရမယ် ဆိုတာမျိုး ကျနော်တို့ ပြဋ္ဌာန်းထားတယ်။ ဒီခေတ်ကာလမှာတော့ အဲဒီ ဥပဒေက ပျောက်ဆုံးနေပြီးတော့ စွဲလိုက်ပြီဟေ့ဆိုရင် အငယ်ဆုံးကို ဖယ်ထားပြီးတော့ အကြီးဆုံးဖြစ်နိုင်တဲ့ အမြင့်ဆုံးပြစ်ဒဏ်ကျနိုင်တဲ့ ပုဒ်မမျိုးနဲ့ စွဲဆိုတဲ့ အခါကျတော့ စွဲဆိုခံရသူတွေမှာ အင်မတန် နစ်နာပါတယ်။ နိုင်ငံရေးအရ ပစ်မှတ်ထား ခံရသူတွေကျတော့ ဒီဥပဒေရဲ့ အကာအကွယ် မရတော့ဘူး။ အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ခြင်းခံရတယ်"

၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ မှာ ပြုလုပ်မှုတစ်ခု ဟာ ဥပဒေနှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုတဲ့ပြစ်မှုမြောက်တယ်ဆိုရင် ဥပဒေတစ်ရပ်နဲ့ပဲ စွဲဆိုအပြစ်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

UWinmyit hlaing house.jpg
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ဖျက်ဆီးခံရသည့် မကွေးတိုင်းလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၏ နေအိမ်ကို တွေ့ရစဥ်။ (Photo: Citizen Journalist)

လက်ရှိမှာတော့ နိုင်ငံရေးသမားတွေအပေါ်  ပြုလုပ်မှုတစ်ခုထဲအပေါ်မှာ စွဲဆိုနိုင်သမျှ ဥပဒေ၊ ပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲနေတာတွေ့နေရတယ်လို့ ဥပဒေပညာရှင် တွေက ထောက်ပြပါတယ်။

ဦးဝင်းမြင့်လှိုင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်း ဒလမဲဆန္ဒနယ် အမှတ် (၂) တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ စစ်ကောင်စီက ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ ပြစ်ဒဏ်ချတာလို့ ဝေဖန်ပါတယ်။

"သူဟာ တက်တက်ကြွကြွနဲ့ ပြည်သူ့အကျိုးဆိုလို့ရှိရင် အမြဲတမ်းဆောင်ရွက်တက်သူ တစ်ယောက်ဆိုတာကို ပါတီအတွင်းမှာ ပြောကြားချက်တွေအရ မှတ်တမ်းတွေအရ လည်း ကျနော် သိရှိရပါတယ်။ အခုလက်ရှိပေါ့ဗျာ။ စကစ လက်ထက်မှာ တရားစီရင် တာဆိုရင် မျက်ကွယ် တရားစီရင်မှုတွေက အင်မတန်များနေတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး အရ အငြိုးအတေးနဲ့ကို လုပ်နေတယ်ဆိုတာ ထင်ရှားစေပါတယ်"

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ဦးဝင်းမြင့်လှိုင်မှာ ဇနီးဖြစ်သူနဲ့ ဆေးတက္ကသိုလ် တက်နေတဲ့ သမီးတစ်ဦးရှိပါတယ်။ လက်ရှိမှာ သူ့ရဲ့ဇနီးနဲ့ သမီးတို့ ရှောင်တိမ်းနေရသလို တောင်တွင်းကြီးမြို့က နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေလည်း ချိပ်ပိတ်ခံထားရပါတယ်။

အခုဆိုရင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၁၃,၀၉၈ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

တကယ်တော့ ဦးဝင်းမြင့်လှိုင်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အုတ်နံရံနောက် ဘယ်လောက်ကြာကြာ ရှင်သန်ရမလဲဆိုတာက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ ဘယ်လောက်ကြာကြာ အုပ်စိုးထားမလဲဆိုတဲ့အပေါ်  မူတည်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။