ရေဘေးကယ်ဆယ်ရေးထက် စစ်ရေးကို စစ်ကောင်စီ အာရုံစိုက်နေကြောင်း ဝေဖန်
2024.08.01
ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဇူလိုင်လဆန်းလောက်စပြီး မိုးကြီးတာ၊ မြစ်ရေလျှံတာကြောင့် မြို့နယ်အတော်များများ ရေဘေးအန္တရာယ် ကြုံနေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ရေဘေးသင့်ဒေသတွေအတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး အစီအစဥ်တွေ အကောင်အထည်ဖော်တာ မရှိဘူးလို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ရေဘေးဒဏ်ခံနေရသူတွေက ပြောကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်းက လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီက စစ်ရေးကိုပဲ အာရုံစိုက်နေပြီး လူမှုကူညီရေးလုပ်ငန်းတွေကို အပြည့်အဝ အာရုံမစိုက်နိုင်တော့ဘူးလို့ ဝေဖန်ပါတယ်။
“ဒီသဘာဝဘေးဒဏ်ထက် စစ်ရေးကိုပဲ အားပေးနေတာ။ သဘာဝဘေးဒဏ်က အခုဆို မြန်မာနိုင်ငံ ၁၃ မြို့နယ်က ရေဘေးဒုက္ခ ရောက်နေတဲ့ကာလမှာ ပြည့်ပြည့်ဝဝ ကူညီပေးနေတာက လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပဲ ပြည်သူမှ ပြည်သူသို့ ဆိုတဲ့ဆန္ဒနဲ့ပဲ လိုက်ကူညီနေတာပဲ ရှိတယ်။ တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အရမ်းသနားဖို့ကောင်းတယ်။ ဒီလိုအချိန်မှာ နေရေးထိုင်ရေး စားရေးသောက်ရေးအတွက် တာလပတ် တစ်ထည်တောင် လာမလှူပေးဘူး အခုအချိန်အထိ”
ရန်ကုန်တိုင်းအတွင်း တိုက်ကြီး၊ ရွာသာကြီး၊ မြောင်းတကာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းတို့မှာ ရေ လေးပေကျော် ဝင်ရောက်နေတာကြောင့် ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။
“ရေကြီးလို့ နေအိမ်တွေ ရေမြုပ်နေပေမဲ့ စစ်ကောင်စီက ကူညီကယ်ဆယ်တာမျိုး မရှိပါဘူး”
တိုက်ကြီးမြို့နယ်မှာဆိုရင် အိမ်ထောင်စုရှစ်ရာကျော်၊ လူဦးရေ တစ်ထောင်ကျော် ရေဘေးကြုံနေရပြီး အများစုဟာ သာသနိကအဆောက်အအုံတွေမှာ ပြောင်းရွှေ့နေကြရပါတယ်။
တိုက်ကြီးမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ရေကြီးလို့ နေအိမ်တွေ ရေမြုပ်နေပေမဲ့ စစ်ကောင်စီက ကူညီကယ်ဆယ်တာမျိုး မရှိဘူးလို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က ဘာတစ်ခုမှကူညီတာမျိုး မရှိသလို ပေးကမ်းတာလည်း မရှိပါဘူး။ ပရဟိတအဖွဲ့တွေပဲ ရေလာလှူကြတာ ရှိတယ်။ စားစရာကတော့ အချင်းချင်း ဒီလိုမျှဝေ စားသောက်နေကြပါတယ်”
အရပ်သားအစိုးရလက်ထက်မှာ ရေကြီးရေလျှံလေ့ရှိတဲ့ မိုးတွင်းကာလအတွင်း ပြည်သူတွေအတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းတာနဲ့ စားနပ်ရိက္ခာ ကူညီပံ့ပိုးတာစတဲ့ ကြိုတင်ပြင်ဆင်တဲ့ အစီအစဥ်တွေ လုပ်ပေးလေ့ရှိတယ်လို့လည်း နှိုင်းယှဉ်ဝေဖန်ကြပါတယ်။
အလားတူ ဇူလိုင် ၂၇ ရက်နေ့ကတည်းက ပဲခူးမြို့ပေါ်ရပ်ကွက်တချို့ကို ရေစဝင်ခဲ့ပေမဲ့ ဒေသခံတွေက လူမှုကူညီရေးအသင်း အကူအညီတွေနဲ့သာ ကိုယ်ထူကိုယ်ထ ရွှေ့ပြောင်းနေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုလောလောဆယ်ကတော့ စားဝတ်နေရေးကို လိုက်ဖြေရှင်းနေရတာပေါ့။ လှေနဲ့ ရေသန့်ဘူး လိုက်ဝေနေတာ။ အိမ်ခြေသုံးရာလောက် ရှိတယ်။ ကိုယ်ထူကိုယ်ထစနစ်တွေ ဖြစ်နေတယ်။ ကိုယ်ထူကိုယ်ထ ပုံစံဖြစ်နေတယ်”
ပဲခူးမြို့မှာ ရေဘေးသင့်သူတွေကို ကူညီနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးကတော့ ဒေသအာဏာပိုင်တွေက မကူညီတဲ့အပြင် ပရဟိတအဖွဲ့တွေကို မကြာခဏ စစ်ဆေးတားဆီးတာတွေ ရှိနေတယ်လို့လည်း RFA ကို ပြောပါတယ်။
“အရင်နှစ်တွေ အရင်ခေတ်တွေကတော့ ဦးပဉ္ဇင်းတို့ လုပ်ရကိုင်ရတာလည်း အဆင်ပြေတယ်။ သွားရလာရတာလည်း အဆင်ပြေတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ရကိုင်ရတာ ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ဦးပဉ္ဇင်းတို့ ပရဟိတသမားတွေ ကားတွေ အစစ်ခံရတယ်။ ကားတွေ အဖမ်းခံရတယ်”
ပဲခူးတိုင်းထဲက ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မုန်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇူလိုင် ၂၅ ရက်နေ့ကတည်းက ရေလွှမ်းနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေပေမဲ့ တိုင်းစစ်ကောင်စီရဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် အဲဒီနေရာတွေဆီ အကူအညီတွေမရောက်နိုင်ဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုအကူအညီပေးနေသူတွေကလည်း ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေက ပဲခူးတိုင်း စစ်ကောင်စီဝန်ကြီးချုပ် လက်မှတ်ပါမှ ကူညီကယ်ဆယ်ရေးတွေ ခွင့်ပြုတာကြောင့် အဲဒီဒေသတွေဆီ သွားဖို့ ခက်ခဲနေတာပါ။ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ မုန်းမြို့နယ်မှာ ရေနစ်မြုပ်နေတဲ့ ကျေးရွာပေါင်း ၅၇ ရွာနဲ့ ကျောက်ကြီးမြို့နယ်မှာ ရွာပေါင်း ၄၁ ရွာက စုစုပေါင်း လူဦးရေ နှစ်သောင်းနီးပါး (၁၈,၆၉၈) ရေဘေးဒဏ်ခံနေရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့အပေါ် စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ RFA က ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
“ဒီတစ်ကြိမ် ရေဘေးမှာ နေအိမ်အဆောက်အအုံတွေထက် စိုက်ပျိုးမြေတွေ ပျက်စီးတာပိုများပါတယ်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုနှစ်အတွင်း မိုးဦးကာလအစကတည်းက အရင်နှစ်တွေထက် မိုးရွာသွန်းမှု ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအထက်ပိုင်း မြစ်ကြီးနားဒေသကနေစလို့ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကြောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေကြကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဧရာဝတီတိုင်းအတွင်းမှာ သာပေါင်း၊ ငသိုင်းချောင်း၊ လေးမျက်နှာ၊ ဟင်္သာတနဲ့ မအူပင်မြို့တို့မှာ ရေကြီးရေလျှံနေပြီး ရေဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အခြောက်အခြမ်းနဲ့ ဆန်လိုအပ်နေပေမဲ့လည်း စစ်ကောင်စီ အကူအညီတွေ မရကြဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မွန်ပြည်နယ်က ရွာတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး စားနပ်ရိက္ခာပြတ်လပ်နေ
တိုင်းနဲ့ပြည်နယ် သုံးခုမှာ ရေဘေးကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ
ရေဘေးကြောင့် ပဲခူးဒေသခံ နှစ်သောင်းခန့် အရေးပေါ် ရွှေ့ပြောင်းရ
စစ်ကောင်စီဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ ကြီးတာကြောင့် ဒီလလယ်လောက်အထိ မြို့ပေါင်း ၂၁ မြို့မှာ ရေလွှမ်းနေပြီး လူဦးရေ ရှစ်သောင်းခွဲကျော် ရေဘေးကြုံနေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးစခန်း သုံးရာကျော် ဖွင့်ထားတယ်လို့ အဲဒီအချိန်က RFA ကို ပြောထားပါတယ်။ အဲဒီနောက်ပိုင်း ရေဘေးသင့် ပြည်သူတွေအခြေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအကြောင်း သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာန စာရင်းတွေအရတော့ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ရခိုင်နဲ့ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ရေဘေးသင့်လူဦးရေ လေးသိန်းနီးပါးရှိပါတယ်။
NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြို့နယ်ပေါင်း ၁၈ မြို့နယ်က ရေနစ်မြုပ်တဲ့ ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတယ်လို့ ပြောပါတယ်။
“တိုင်းဒေသကြီး ငါးခုမှာတော့ မြို့နယ်ပေါင်း ၁၈ မြို့နယ်၊ ကျေးရွာပေါင်း ၃၃၁ ရွာ၊ လူဦးရေ သုံးသိန်းကျော်အတွက်ကို ထောက်ပံ့နေတာဖြစ်ပြီးတော့ ကချင်ပြည်နယ်မှာတော့ ရွာ ၄၄ ရွာ၊ စစ်ရှောင်စခန်းနှစ်ခု၊ ရပ်ကွက်နှစ်ခုနဲ့ ရခိုင်ပြည်နယ်မှာတော့ သံတွဲအပါအဝင် အခြားနေရာတွေပေါ့။ ရှမ်းမှာတော့ ကျောက်မဲအပါအဝင် စုစုပေါင်းလူဦးရေ ခုနစ်သောင်းကျော်ပေါ့။ အားလုံးပေါင်းမယ်ဆိုရင် တိုင်းဒေသကြီးရော ပြည်နယ်ရော အပါအဝင် လူဦးရေ သုံးသိန်းရှစ်သောင်းကျော်ကို လူသားစာနာ အကူအညီတွေ ပေးနေပါတယ်”
ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေသူတွေကို သိန်းပေါင်း လေးထောင်နီးပါး ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။
ဒီရေဘေးဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးထိခိုက်တာနဲ့ လူ ဆယ်နဲ့ချီ သေဆုံးတာတွေရှိပေမဲ့ အရေအတွက် အသေးစိတ်ကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ရေဘေးသင့်သူတွေကတော့ ဒီတစ်ကြိမ် ရေဘေးမှာ နေအိမ်အဆောက်အအုံတွေထက် စိုက်ပျိုးမြေတွေ ပျက်စီးတာပိုများတယ်လို့ ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း ရေဘေးနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံခဲ့ရပေမဲ့ ကြိုတင်ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးကို စစ်ကောင်စီက ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ဘူးလို့လည်း လူမှုကူညီရေးသမားတွေက ထောက်ပြကြပါတယ်။