တိုင်းနဲ့ပြည်နယ် သုံးခုမှာ ရေဘေးကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ
2024.08.01

ဇူလိုင်လ ၂၇ ရက်ကစလို့ မိုးသည်းထန်ပြီး မြစ်ရေကြီးခဲ့တာကြောင့် ဩဂုတ်လ ၁ ရက်နေ့အထိ ပဲခူး၊ ဧရာဝတီနဲ့ ကရင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ပဲခူးတိုင်းတစ်တိုင်းထဲမှာပဲ ရေဘေးကြောင့် သေဆုံးသူ ခုနစ်ဦးရှိပြီး ဇူလိုင်လ ၃၀ ရက်နေ့က ပဲခူးမြို့၊ ဇိုင်းဂနိုင်း (မြောက်) ရပ်ကွက်က အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးတာနဲ့ ဓာတ်လိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ပဲခူးမြို့က လူမှုကူညီရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ရေနစ်တာ လေးယောက်၊ ဓာတ်လိုက်သေဆုံးတာ သုံးယောက် ရှိတယ်။ ဓာတ်လိုက်သေဆုံးတဲ့ ကလေးတစ်ယောက်ကိုတော့ ကျွန်တော်တို့ ကိုယ်တိုင် သင်္ဂြိုဟ် ပေးလိုက်ရတယ်ဗျ"
ဩဂုတ်လ ၁ ရက်နေ့ ပဲခူးမြို့ထဲမှာတော့ မိုးရွာသွန်းမှုနည်းလာတာကြောင့် ရေအနည်းငယ် ပြန်ကျပေမဲ့ ရေဘေးဒုက္ခသည်တွေ နေအိမ်မပြန်နိုင်ကြသေးဘူးလို့ သူက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာလည်း သောင်ရင်းမြစ် ရေကြီးရေလျှံတာကြောင့် ဇူလိုင်လ ၂၇ ရက်နေ့က ကလေးတစ်ဦး အပါအဝင် မြို့ခံ သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြဝတီမြို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဇူလိုင်လ ၂၈ ရက်ကလည်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့မှာ ရေဘေးကြောင့် နေရပ်စွန့်ခွာပြီး စက်စက်ယိုဘုရားမှာ ယာယီနေထိုင်တဲ့ အသက် ၁၀ လအရွယ် ယောကျ်ားလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံတွေဖြစ်နေတာကြောင့် လူတစ်သိန်းခန့် ရေဘေးဒုက္ခကြုံနေရပြီး စစ်ကောင်စီရဲ့ အရေးပေါ် ကူညီဆောင်ရွက်ပေးမှုတွေဟာ နည်းပါးတာကြောင့် ရေဘေးဒုက္ခကြုံရသူတွေ အခက်အခဲဖြစ်ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီ သတင်းစာတွေရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေမှာတော့ မြို့ပေါ်ရပ်ကွက်က ရေဘေးဒုက္ခကြုံနေရသူတွေကို တိုင်းစစ်ကောင်စီအဖွဲ့ဝင်တွေက ထောက်ပံ့ကူညီနေတဲ့အကြောင်း ဖော်ပြပါတယ်။