ရေကြီးမှုကြောင့် စစ်ကိုင်းနဲ့ ကချင် မြို့နယ်ခြောက်ခုမှာ ကုန်ပစ္စည်းပြတ်လပ်နေ

RFA Burmese
2024.07.12
ရေကြီးမှုကြောင့် စစ်ကိုင်းနဲ့ ကချင် မြို့နယ်ခြောက်ခုမှာ ကုန်ပစ္စည်းပြတ်လပ်နေ ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်နေရာတွင် မြေပြိုပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။
Aong Awng

ကချင်ပြည်နယ်က ပူတာအိုခရိုင်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ် ခြောက်ခုမှာ မိုးကြီးပြီး လမ်းတံတားတွေ ပျက်စီးသွားတဲ့အတွက် စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နန်းယွန်းနဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်က ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့တွေမှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ မိုးကြီးပြီး ရေကြီးရေလျှံမှုနဲ့အတူ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာပါ။

လူဦးရေ ခုနစ်သောင်းကျော်နေထိုင်တဲ့ နန်းယွန်းမြို့နယ်မှာဆိုရင် လမ်းတံတားတွေ ပျက်စီးသွားလို့ စားသောက်ကုန်တွေ ပြတ်လပ်နေတာ တစ်လလောက်ရှိနေပြီလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လမ်းပျက်တာက ဒီဘက်ဒေသတစ်ခုလုံး ပျက်နေတာ။ အဓိက မိုးကြီးတဲ့အခါကျတော့ ကမ်းပါးပြိုတယ်။ တံတားတွေအားလုံးပျက်စီးသွားတယ်။ အဓိက ဆန်ပေါ့လေ။ ဆန်ကလည်း အဝင်က သိပ်မရှိသလို ရှိတဲ့ ဆန်တွေကလည်း အင်မတန်မှ စျေးမြောက်နေတော့ တချို့မိသားစုတွေက ဆန်မဝယ်နိုင်တော့တဲ့အခါမှာ နောက်ပြီးတော့ တောင်ယာတွေကလည်း ဆန်စပါးတွေက မထွက်သေးဘူး။ အဲလိုမျိုးဆိုတော့ ဆန်ပြုတ်စားရတဲ့ မိသားစုတွေလည်းရှိနေတယ်"

နန်းယွန်းကနေ ပန်ဆောင်၊ လဟယ်နဲ့ ကချင်ပြည်နယ် တနိုင်းဘက်ကို ဆက်သွယ်ထားတဲ့ လမ်းတွေအားလုံးမှာ မြေပြိုပြီး တံတားတွေ ပျက်စီးသွားတာလို့ ဆိုပါတယ်။

ပျက်စီးမှုပမာဏများတာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြားနဲ့ ပြန်လည်တည်ဆောက်မှရနိုင်မယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဒေသ ကချင်ပြည်နယ် ပူတာအိုခရိုင်ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ကားလမ်းပိုင်းဟာလည်း ဇွန် ၃၀ ရက်နေ့ကစလို့ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ အညာပစ်တိုင်းထောင်လေးများ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ အညာပစ်တိုင်းထောင်လေးများ)

မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်းဖူး လမ်းတစ်လျှောက်လုံး ပျက်စီးသွားတာဖြစ်ပြီး မြစ်ကြီးနား-ပူတာအို လမ်းပိုင်းမှာဆိုရင် ကုန်ပစ္စည်းသယ်လာတဲ့ကား အစီး ငါးဆယ်ထက်မနည်းဟာ ရှေ့ဆက်သွားလို့မရတော့ဘဲ ပိတ်မိနေတယ်လို့လည်းပြောပါတယ်။

ပူတာအိုခရိုင်က မြို့နယ်ငါးခုမှာ လူဦးရေ တစ်သိန်းကျော် နေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်ကို အားလုံးကြုံနေကြရတာလို့ ပူတာအိုဒေသခံ လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုရမ်ဆိန်းက RFA ကို ပြောပါတယ်။

"ပူတာအိုနဲ့ မြစ်ကြီးနားမှာ လမ်းတော်တော်ပျက်စီးတဲ့အတွက် အချိန်လရှည်တော့ ကြာဦးမှာပါ။ ပူတာအိုကနေ နောင်မွန်၊ နောင်မွန်ကနေ ခေါင်လန်းဖူး လမ်းတောက်လျှောက် ကွက်ကျားကွက်ကျား လမ်းပျက်စီးသွားတယ်။ ဘာတွေပြတ်လဲဆိုရင် စားသောက်ကုန်၊ ဆန်၊ ဆီ အကုန်ပြတ်တယ်။ ဓာတ်ဆီကအစ အဲဒီဘက်မှာဆို စျေးလည်း တအားများတယ်။ ဆေးဝါးတွေပြတ်တယ်။ ကျန်းမာရေးချို့တဲ့ကြတယ်။ စားဝတ်နေရေး ဆန်၊ ဆီ၊ ဆားတွေ အခြေခံမိသားစုတွေ၊ ဆင်းရဲတဲ့မိသားစုတွေ အများကြီးဒုက္ခရောက်တယ်။ ဝယ်ဖို့လည်း ပိုက်ဆံ မပိုင်ဆိုင်ကြပါဘူး။ သူတို့မှာ အရမ်း အခက်အခဲဖြစ်တယ်"

ဆေးဝါးတွေပါ ပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ရိုးရာတိုင်းရင်းဆေးတွေကိုပဲ အဓိက အားကိုးနေကြရတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဆေးရုံတက်ရင်လည်း ဆေးရုံမှာလည်း ဆေးတွေမရှိဘူးလို့ပြောနေတာပဲ ဆရာမတွေ"

"မရှိဘူး၊ ဘာမှကို မရှိဘူး။ အခုက လယ်လုပ်တဲ့သူတွေက တအား အခက်အခဲရှိတယ်။ ဒီဘက်မှာ ဟင်းတွေ ခါတိုင်းဆိုလည်း အသားတွေ မရှိရင်လည်း ဆိုင်ထဲက အမဲဘူး၊ ငါးဘူးတွေက ပုံမှန်ရှိတယ်။ အခုက ဘာမှကို မရှိတာ။ ဖျားရင်လည်း အိမ်မှာဒီတိုင်းပဲကုနေကြတယ်၊ ရမ်းကုတာပေါ့၊ တိုင်းရင်းဆေးတွေပေါ့၊ အဲလို လုပ်နေကြတယ်။ အခုက ဆေးရုံတက်ရင်လည်း ဆေးရုံမှာလည်း ဆေးတွေမရှိဘူးလို့ပြောနေတာပဲ ဆရာမတွေ"

မြစ်ကြီးနား-ပူတာအိုလမ်းဟာ ပြီးခဲ့တဲ့ မတ်လကစလို့ တိုက်ပွဲတွေကြောင့် အချိန်းသုံးလခန့်ကြာ ပြတ်တောက်ခဲ့ပါတယ်။ အဲဒီလမ်းကို ပြီးခဲ့တဲ့ ဇွန်လက ပြန်လည်သွားလာခွင့်ရခဲ့ပေမဲ့ အခုတော့ သွားလာလို့မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေးအားလုံး ပြတ်တောက်သွားတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကြုံခဲ့ရတဲ့အခက်အခဲဟာ အခုတော့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ပိုခက်ခဲရတယ်လို့ မချမ်းဘော ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လောင်စာဆီလည်း အဲဒီတုန်းက ဝယ်လို့မရဘူး။ တစ်နေရာရောင်းတာ တစ်ပုလင်းကို ခုနစ်သောင်း၊ ရှစ်သောင်း အဲလိုဖြစ်သွားတော့ ခြေလျင်နဲ့ပဲ လမ်းလျှောက်ခဲ့ရတယ်။ စက်ဘီးရှိတဲ့သူတွေက စက်ဘီးစီးတယ်။ သွားလာရေးမှာလည်း အဲလိုမျိုးအနေအထားရှိတယ်။ နောက်ရွာတွေမှာဆိုရင် ဆန်လည်းဝယ်လို့မရတဲ့အခါကျတော့ ဆန်ပြုတ်လေးတွေ သောက်ပြီးနေတာလည်း အများကြီးရှိတယ်။ အခုလည်း လမ်းပိတ်တာကြာရင်တော့ အဲလို အနေအထားမျိုးဖြစ်လိမ့်မယ်လို့ စိုးရိမ်ကြတယ်ပေါ့လေ"

အခုတော့ ရွာတွေမှာနေထိုင်တဲ့ နာမကျန်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ မြို့ကိုလာဖို့တောင် အခက်အခဲ ဖြစ်သွားပြီလို့ သူကဆိုပါတယ်။

"ရွာတွေမှာဆိုရင် ဆန်လည်းဝယ်လို့မရတဲ့အခါကျတော့ ဆန်ပြုတ်လေးတွေ သောက်ပြီးနေတာလည်း အများကြီးရှိတယ်"

လက်ရှိမှာ ပူတာအိုမြို့မှာ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်၊ ဓာတ်ဆီတစ်လီတာကို ကျပ်နှစ်သောင်းနဲ့ ဆန် တစ်အိတ်ကို ကျပ်နှစ်သိန်းခွဲအထိ ဈေးရှိနေပြီး လိုသလောက်ဝယ်လို့မရတော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူနဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လမ်း၊ တံတားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အချိန်ကြာဦးမယ်ဆိုရင် ဒေသခံတွေဟာလည်း အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ရဖွယ်ရှိတယ်လို့ ပူတာအိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လမ်းအခြေအနေက တော်တော်ဆိုးနေတဲ့ အနေအထားမှာရှိတယ်။ ဒီဥစ္စာကို မြန်မြန်ဆန်ဆန်ပြင်ဖို့ သက်ဆိုင်ရာအစိုးရတွေ နှစ်ဖက်စလုံးတော့ ပြင်ဖို့တော့ စီစဉ်နေတယ်ဆိုတဲ့ဟာကိုတော့ ကြားတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကားတွေ ကျော်လာနိုင်ခြင်းမရှိဘူးပေါ့ ဆိုတဲ့အခါကျတော့ ကုန်ပစ္စည်းပြတ်လတ်မှုတွေက အများကြီး ရင်ဆိုင်လာရနိုင်တယ်”

ကချင်ပြည်နယ်မှာ ဇွန်လ ၃၀ ရက်နေ့ကစလို့ မိုးကြီးပြီး မေခ၊ မလိခ၊ ဧရာဝတီမြစ်တွေနဲ့ ချောင်းရေတွေကြီးခဲ့တဲ့အတွက် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ဝိုင်းမော်၊ ချီဖွေ၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ တနိုင်းမြို့နယ်က ဒေသခံတစ်သောင်းကျော် ရေဘေးကြုံခဲ့ရပါတယ်။ ရေကြီးမှုကြောင့် နေအိမ် သုံးရာဝန်းကျင် ပျက်စီးခဲ့ရသလို သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။