နိုင်ငံတစ်ဝန်း တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ
2023.08.06

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီတပ်က လက်တလော ထိုးစစ်ဆင်နေ ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဟိုင်းဆန်အုပ်စု၊ ခိုင်းဖက်နမ်ကျေးရွာအနီးမှာ ဩဂုတ် ၆ ရက် မနက် ၆ နာရီကစလို့ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
"ပြည်သူတစ်ရပ်လုံးက ကာလတစ်ခုကို ဒုက္ခများစွာနဲ့ ရင်ဆိုင်ရင်းနဲ့ ဖြတ်သန်းရမယ့် အနေအထားလို့ ပြောလို့ရပါတယ်"
နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေနေ တင်းမာနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။
"လဲချားနားလေးမှာ ဟိုင်းဆန်ဆိုတဲ့ ကျေးရွာနားလေးမှာ ဒီကနေ့မနက် စဖြစ်တာ။ အခုထက်ထိ အခြေအနေက မငြိမ်သေးဘူး။ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ်။ အဲဒီဘက်မှာက ကျွန်တော်တို့ တပ်တွေလည်း ထောင်ချီရှိတယ်။ စကစ တပ်တွေလည်း ရှိတယ်ဆိုတော့ ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ တကယ်လို့ တိုက်ပွဲက မဟန့်တားနိုင်ဘူး ဆိုရင်တော့ အခြေအနေက ဆိုးလာမယ့် သဘောရှိပါတယ်"
ဝမ်ဟိန်းဗျုဟာမှူး ဦးဆောင်တဲ့ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ခိုင်းဖက်နမ်ကျေးရွာအနီး တပ်စွဲထားတဲ့ SSPP တပ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ၆ ရက်နေ့ မနက်မှာ ထိုးစစ်ဆင်လာတာလို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က SSPP ရဲ့ တပ်စခန်း (၁၀) ခုကို ဆုတ်ခွာခိုင်းထားပေမယ့် ပြန်မဆုတ်ပေးနိုင်ဘူးလို့ SSPP က ပြောပါတယ်။
ဒီ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကလေးဝမြို့နယ် အောင်ချမ်းသာရွာအနီး ဒီလ ၅ ရက် မနက်၂ နာရီကနေ ၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စစ်ရေးတင်းမာနေတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပြပါတယ်။
"ကျွန်တော်တို့ အခုတိုက်ပွဲက တင်းမာနေတုန်းပဲ ရှိသသေးတယ်။ စစ်ရေးက တင်းမာနေတယ်။ မနေ့က ကတည်းက တိုက်ပွဲစဖြစ်တာ။ စစ်ရေးအခြေအနေက တိုက်ပွဲဖြစ်တာ တစ်ခုတည်းတော့ မဟုတ်ဘူး၊ စစ်ရေးတင်းမာနေတုန်းပဲ ရှိသေးတယ်"
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပေမယ့် အသေးစိတ် မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
တိုက်ပွဲကြောင့် အောင်ချမ်းသာရွာနဲ့ အနီးအနားရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၃၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေခုနစ်ခုကို စစ်အင်အားတစ်သောင်းကျော်နဲ့ ထိုးစစ်ဆင်နေတာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
“လောလောဆယ် ခရိုင်ခုနစ်ခုထဲမှာ စကစက လာရောက်စစ်ဆင်တဲ့ အနေအထားအရ သူတို့အင်အားက တပ်ရင်းအားလုံးကတော့ တစ်ရာကျော်မယ်။ ၁၀၉ ရင်းလောက်ရှိမယ်။ လူအင်အားကတော့ ကျွန်တော်တို့ ခန့်မှန်းတာက အယောက် တစ်သောင်းပေါ့။ တစ်သောင်းလည်း နည်းနည်းကျော်နိုင်မယ်။ အဲဒီအင်အားနဲ့ ကျွန်တော်တို့ ခရိုင်ခုနစ်ခုမှာ လှုပ်ရှားမှုတွေ စစ်ဆင်ရေးတွေလုပ်နေတယ်ဆိုတာတော့ ကျွန်တော်တို့ သိရပါတယ်”
ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇွန်လကတည်းက တိုက်ပွဲတွေပြင်းထန်နေပါတယ်။ KIA ဌာနချုပ်လိုင်ဇာ အနီးကို စစ်ကောင်စီတပ်က ထိန်းချုပ်ဖို့ကြိုးစားနေပြီး စစ်အင်အား တစ်ထောင်လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ခုထိလည်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ် လွိုင်ကော်၊ မယ်စဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း ဘောလခဲ၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော် (KA) တို့အကြား လက်တလောမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံတစ်ဝန်းမှာ စစ်မီးတောက်တွေ ပိုကြီးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေး၊ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးရဲ့ လှုပ်ရှားမှု နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ နောက်ဆုံးအဆင့်ဆိုတာက အင်အားစုတွေ ဖြုတ်ချဖို့အတွက်က အဆုံးအဖြတ်တိုက်ပွဲတွေ ဆင်နွှဲဖို့ဆိုလိုတာ ဖြစ်ပါတယ်။ အခုအဲဒီအခြေအနေကို ရောက်နေတဲ့အတွက် တိုင်းပြည်ရဲ့ စစ်မီးကတော့ အလျှံညီးညီးနဲ့ တောက်လောင်နေပြီးတော့ ပြည်သူတစ်ရပ်လုံးက ကာလတစ်ခုကို ဒုက္ခများစွာနဲ့ ရင်ဆိုင်ရင်းနဲ့ ဖြတ်သန်းရမယ့် အနေအထားလို့ ပြောလို့ရပါတယ်"
စစ်ကောင်စီကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ တည်ငြိမ်မှုမရှိသေးတာကြောင့် အရေးပေါ်ကာလ နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့ပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မိုင်းထောင်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေရှိနေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါတွေကို အကြောင်းပြပြီး စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းတိုးကာ နိုင်ငံတစ်ဝန်းမှာ စစ်မျက်နှာအမြောက်အများဖွင့်ပြီး ထိုးစစ်ဆင်နေတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၁ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရတယ်လို့ ဖော်ပြထားပါတယ်။