စိုက်ပျိုးစရိတ်မြင့်မှုကြောင့် လယ်သမားများ အခက်ကြုံ
2021.11.17
တချို့နေရာတွေမှာ မိုးစပါးရိတ်သိမ်းနေပြီး တချို့နေရာတွေ ရိတ်သိမ်းဖို့ ပြင်ဆင်နေပေမယ့် စိုက်စရိတ် မတတ်နိုင်တဲ့အတွက် ဆောင်းစပါး မစိုက်နိုင်သူတွေ ဒီနှစ်မှာ များတာမို့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရိက္ခာအခက်အခဲကြုံနိုင်တယ်လို့ တောင်သူလယ်သမားတွေက ပြောကြပါတယ်။
ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း ဆိုစကားအတိုင်း တချို့စပါးတွေ ဖုံးတုန်းလုံးတုန်း တချို့စပါးတွေတော့ ရိတ်သိမ်းနေပြီလို့ ဧရာဝတီတိုင်းက လယ်သမားတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်မှာလည်း စပါးရိတ်သိမ်းဖို့ ပြင်နေပြီလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF ပြည်သူ့ကာကွယ်ရေး တပ်တွေက ပြောက်ကျားစစ်ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်းမှာ မြေပဲလို ပဲစင်းငုံလို သီးနှံစိုက်တဲ့ နေရာဖြစ်တယ်လို့ တချိန်က ငြိမ်းချမ်းရေးလမ်း လျှောက်ပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ခု PDF ကို ထောက်ခံအားပေးနေတဲ့ ရှင်သောပါကက မိန့်ပါတယ်။
ဒီဇယ်ဆီဈေးတက်တဲ့အတွက် ဆောင်းသီးနှံစိုက်ပျိုးတဲ့ ရေတင်စိုက်ပျိုးဖို့ ခက်ခဲလို့ ရိက္ခာပြဿနာကြုံတယ်လို့ မိန့်ပါတယ်။
စပါးတင်း ၁၀၀ အတွက် အခြေခံရည်ညွှန်းပါ ဈေးနှုန်းကို အောက်တိုဘာ ၆ ရက်မှာ စစ်ကောင်စီ လက်အောက် ခံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ငွေကျပ် ငါးသိန်းလေးသောင်း သတ်မှတ်ပါတယ်။ ဒီအတွက်လည်း စိုက်ပျိုးဖို့ မလွယ်တော့ဘူးလို့ ဧရာဝတီတိုင်းက လယ်သမားက ပြောပါတယ်။
လယ်သမားတွေက ကိုယ်စားဖို့လောက်ပဲ စိုက်ကြမှာမို့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရိက္ခာအခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်ကပဲ လူသုံးသန်းနီးပါး ရိက္ခာအခက်အခဲ ကြုံနေရပြီး လူ ၆.၂ သန်းလောက် ရိက္ခာပြဿနာ ကြုံနိုင်ဖွယ်ရှိတယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က သြဂုတ်လက ခန့်မှန်းထားပါတယ်။