မိုခါမုန်တိုင်းကြောင့် မကွေးတိုင်းမှာ မွေးမြူရေးတိရစ္ဆာန်ထောင်နဲ့ချီ သေဆုံး
2023.05.31

မကွေးတိုင်းကိုဖြတ်သွားတဲ့ မိုခါဆိုင်းကလုန်းမုန်တိုင်းကြောင့် ဒေသတစ်ခုလုံး သုံးရက်လောက် စံချိန်တင် မိုးရွာပြီး ရေကြီးရေလျှံလို့ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်နဲ့ သိုး စတဲ့မွေးမြူရေးတိရစ္ဆာန်တွေ ထောင်နဲ့ချီ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
တချို့ တိရစ္ဆာန်တွေကရေထဲမျောပြီးသေဆုံးခဲ့သလို တချို့က အအေးပတ်ပြီး သေဆုံးတာလို့ ပြောပါတယ်။
မုန်တိုင်းကာလမှာ နွား ၆၄ ကောင်ဆုံးရှုံးလိုက်ရတဲ့ မြိုင်မြို့နယ် ထန်းတောကြီးရွာက အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်က သူမွေးထားတဲ့နွားလေးတွေ မျက်စိရှေ့တင်သေဆုံးသွားတာကို သနားသလို နှမြောမိတယ်လို့ ပြောပြပါတယ်။
"အသက် ၇၀ ရှိပြီပေါ့ နွားကျောင်းလာခဲ့ရတာ။ တစ်ခါမှဒီလိုမတွေ့ဖူးပါဘူး။ နှမြောလည်း နှမြောတယ်ပေါ့လေ။ ကိုယ့်ဟာတိရစ္ဆာန်လေးတွေဆိုတော့လည်း သနားလည်းသနားတာပေါ့။ ကိုယ့်ရှေ့လေးတင် ဖိုးသိုးဖတ်သပ် ဖိုးသိုးဖတ်လတ် သေသွားတော့။ နွားခြံဘေးတွေလည်း သေတယ်။ ရေထဲနစ်လို့လည်းသေတယ်"
သူ ဆုံးရှုံးသွားတဲ့နွားတွေထဲမှာ နွားပျို နွားအိုအရွယ်စုံပါဝင်ပြီး တစ်ကောင်ကို အနည်းဆုံး ငွေကျပ်သုံးသိန်းနဲ့ တွက်ရင် သိန်း ၁၈၀ ကျော်ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။
"အသက် ၇၀ ရှိပြီပေါ့ နွားကျောင်းလာခဲ့ရတာ။ တစ်ခါမှဒီလိုမတွေ့ဖူးပါဘူး။ နှမြောလည်း နှမြောတယ်ပေါ့လေ"
မြိုင်တစ်မြို့နယ်လုံးဆိုရင် ကျွဲ၊ နွား တိရစ္ဆာန်အကောင်ရေ နှစ်ထောင်ကျော် သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းတွက်ချက်ထားပါတယ်။
ဒီဆုံးရှုံးမှုတွေကြောင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေထိခိုက်ခဲ့ပြီး လက်ရှိအချိန်မှာ စိုက်ပျိုးရေးအတွက် အားထားရတဲ့ ခိုင်းနွားတွေပါ ရောင်းနေရတယ်လို့ မြိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့တစ်သက် တွေ့တောင်မတွေ့သေးဘူး။ ကျွန်တော်တို့ ၄၄ နှစ်ရှိနေပြီ။ ဒီလိုကြီးတွေ များလွန်းတယ် သေတာတွေက။ အကုန်ထိခိုက်တာပေါ့၊ မွေးမြူရေးလည်း ထိခိုက်တယ်။ အခုအတိုင်းဆို ဓာတ်မြေဩဇာ ဈေးတွေကလည်း ကြီးတယ်။ ကြီးတော့ ဝယ်လို့လည်းမလွယ်ဘူး။ ဓာတ်မြေဩဇာဘက်ကပါ ဆုတ်ယုတ်တာပေါ့။ ဒီတိရစ္ဆာန်တွေ မရှိတော့။ နွားချေး၊ ဆိတ်ချေးဆိုတာက ဓာတ်မြေဩဇာမှာ အားကြီး ကောင်းတာကိုး။ အခုကျတော့ နွားတွေက ဒီလိုကြီးတွေသေတာဆိုတော့ တချို့က ကြောက်ပြီးတော့ ခိုင်းနွားတွေပါ ရောင်းနေကြတာ မထားတော့ဘူးလေ။ ကြောက်တာပေါ့"
လက်ရှိ နွားဈေးမကောင်းတဲ့အချိန်မှာ ခိုင်းနွားတစ်ရှဉ်းကို ကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး အသားစားနွားက ကျပ် ၁၀ သိန်းဝန်းကျင်ရှိတယ်လို့ပြောပါတယ်။ နွားတွေထပ်ဆုံးရှုံးမှာ ကြောက်လို့ ဒေသခံတွေက ပြန်ရောင်းနေပါတယ်။
ဒီအပြင် မြိုင်မြို့နယ်မြောက်ပိုင်းမှာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ပျက်စီးခဲ့ပြီး သီးနှံရှားပါးသွားတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်နဲ့ကပ်နေတဲ့ ပေါက်မြို့နယ်မှာလည်း ရွာ ၃၀ လောက်ကို စာရင်းကောက်ယူ ရသလောက် အကောင်ရေ ငါးရာလောက်သေဆုံးတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
"စာရင်းကောက်ပြီး ရသလောက်ဆို အကောင်ရေ ငါးရာဝန်းကျင်လောက်ရှိမှာဗျ။ ကျွန်တော်တို့ ရရှိသလောက်ပေါ့ဗျာ။ မြေပြင်မှာတော့ အများကြီးရှိတာဆိုတော့ အကုန်လုံးကောက်ဖို့ရာတော့ ခက်ခဲတယ်။ တော်တော်များများကြီး သေတယ်ဗျ။ တိရစ္ဆာန်၊ အဓိကကတော့ နွားရှိမယ်၊ ဆိတ်ရှိမယ်"
ပေါက်မြို့နယ်မှာ ၂၃၅ ရွာရှိပါတယ်။ အဲဒီထဲက ရွာပေါင်းတစ်ရာကျော်မှာ ကျွဲ၊ နွား၊ တိရစ္ဆာန် သေဆုံးတာ အနည်းဆုံး တစ်ထောင်ဝန်းကျင်ရှိနိုင်တယ်လို့ ပြောပါတယ်။
ဆင်ဖြူကျွန်း မြို့နယ်မှာလည်း တိရစ္ဆာန်တွေသေဆုံးသလို စိုက်ခင်းတွေ ဧကသောင်းနဲ့ချီပြီး ပျက်စီးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"စိုက်ခင်းတွေပျက်စီးသွားတာ အဓိကပေါ့။ စိုက်ခင်းတွေဆိုရင် ဧက နည်းတဲ့ဧကတွေ မဟုတ်ဘူး။ သူတို့ ကျွန်းထဲမှာရော၊ ချောင်းထဲမှာရော စိုက်ထားတာအများကြီးလေ။ သီးနှံပေါ်ချိန် ဖြစ်တော့မှာကို။ ပဲတီစိမ်းတို့၊ နှမ်းတို့က ဒီကထွက်တာတွေက များတယ်လေ။ ဧကပေါင်းသောင်းချီပြီးတော့ ဘယ်နည်းနည်းနောနောဟာကြီးမှ မဟုတ်တာကို။ အဲဒါတွေတော်တော် အပျက်အစီး များသွားတယ်"
ဂန့်ဂေါမြို့နယ်မှာတော့ မြစ်သာမြစ်နဲ့ ချောင်းတွေကရေတက်လာချိန်မှာ ကျွဲ၊ နွားတွေကို ကယ်လိုက်နိုင်ပေမယ့် ဝက်တို့၊ ကြက်တို့ ဆုံးရှုံးပြီး၊ စစ်ဘေးဒုက္ခသည်နေတဲ့ တဲတွေနဲ့ ပဲ၊ နှမ်းမျိုးစေ့တွေ ဆုံးရှုံးခဲ့တယ်လို့ လာပို့ရွာက စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"စစ်ရှောင်စခန်းဘက်တွေက ဆိုလို့ရှိရင် ပဲမျိုးတို့၊ နှမ်းမျိုးတို့ အဲဒါပြီးလို့ ရှိရင် ကျွန်မတို့က ရွာမှာ မနေရဲတော့ စစ်ရှောင်စခန်းမှာ နေတာလေ။ အဲ စစ်ရှောင်စခန်း ဆောက်ပေးထားတဲ့ တဲတွေက ပါသွားတာရှင့်။ အဲဒီဟာမှာ တဲငါးလုံး ပါသွားတယ်။ ကျန်တဲ့ဟာတွေက ပျက်စီးသွားတာလောက်ဘဲ ရှိတာရှင့်။ တိရစ္ဆာန်ကတော့ ဝက်တစ်ကောင်နဲ့ ကြက်က အကောင် ၈၀ လောက်ရှိမယ်။ ကျွဲ၊ နွားတွေကတော့ ပြန်ရတယ်။ သူတို့ ရေမျောတာကို ပိုင်ရှင်တွေက ပြန်ဆယ်ယူတယ်ရှင့်"
မုန်တိုင်းမတိုင်ခင်က ရာသီဥတုပူပြီး၊ မုန်တိုင်းအပြီးမှာမိုးများလို့ အပူအအေး ချက်ချင်း ပြောင်းသွားပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေသေဆုံးခဲ့တာလို့ မြိုင်မြို့နယ်က အမည်မဖော်လိုတဲ့ တိမွေးကု ဆရာဝန်တစ်ဦးက ပြောပါတယ်။
"အပူနဲ့အအေးနဲ့တွေ့ပြီးတော့ Heat Stoke ဆိုတဲ့ ရောဂါပုံစံမျိုးတွေနဲ့ ရောဂါရပြီး တချို့လည်း သေကြတာတွေ ဖြစ်တယ်။ နောက်ပြီးတော့ အစားအသောက်တွေက မမှန်တော့ကျတော့ အစာအာဟာရတွေနည်းပြီးတော့ကျတော့ နွားတွေမှာပိန်ပြီး အားတွေဘာတွေပြတ်ပြီး လဲသေတာတွေလည်း ရှိတယ်ဗျ"
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
မေလ ၂၅ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်စာမှာတော့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိရစ္ဆာန် ငါးသိန်းသုံးသောင်းကျော် သေဆုံးခဲ့တဲ့အကြောင်းနဲ့ မကွေးတိုင်းက မြို့နယ်ပေါင်း ၆ မြို့နယ်မှာ ကျွဲ ၃ ကောင်၊ နွား ၇၃ ကောင် နဲ့ ဝက် ၁၂ ကောင် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
မကွေးတိုင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် ဒေသခံတွေဟာ အသက်အန္တရာယ်အပြင် စားဝတ်နေရေး ကျပ်တည်းနေတဲ့ အချိန်မှာ မုန်တိုင်းဝင်သွားလို့ ဆင်းရဲဒုက္ခ ပိုဖြစ်စေတယ်လို့ ပြောပါတယ်။
မုန်တိုင်းဒဏ်ခံရလို့ ထိခိုက်ဆုံးရှုံးရတဲ့သူတွေကတော့သူတို့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေရဖို့ လိုအပ်နေတယ်လို့ ပြောကြပါတယ်။