စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက် အင်အားကြီးအဖွဲ့တွေ လက်မခံ

2022.06.15
စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက် အင်အားကြီးအဖွဲ့တွေ လက်မခံ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ KIA တပ်ဖွဲ့ဝင်တွေကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ တွေ့ရစဥ်
AFP Photo

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်ခံတွေ့ဆုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေ စိတ်ဝင်တစား မရှိတာကြောင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်ကို ဇွန် ၁၄ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို ရောက်မလာတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင် ကြည့်စေလိုတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး စာရင်းပေးရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယအကြိမ် ဖိတ်ခေါ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထပ်ပြီး ငြင်းပယ်လိုက်ပါတယ်။

နိုင်ငံရေးကထွက်ခွာပြီး လက်ရှိ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို စစ်ကောင်စီက တာဝန်ခံမှပဲ ဆွေးနွေးပွဲ တက်မယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

“နေ့တိုင်း သတ်တယ်၊ ဖြတ်တယ်။ မီးရှို့တယ်၊ မိုးတွင်းကာလတောင် မရှောင်ဘူး။ နေ့တိုင်းလိုလို မီးရှို့သတ်ဖြတ် နေကြပြီးတော့ ရွာတွေကို မီးလောင်တိုက်သွင်း၊ ဒီ လောက်ပြေးလွှားနေရတာတွေကို အဆုံးမသတ်ဘဲ ဒီလိုဆွေးနွေးပွဲတွေ လာပြောတာ သိပ်အဓိပ္ပာယ်မရှိဘူး။ သူတို့ တွေ့ချင်သပဆိုရင် နိုင်ငံရေးက ထွက်ပါလို့ ကျနော်တို့ ပြောပြီးသား၊ ဒုတိယအချက်က ဖက်ဒရယ်ဒီမိုကရေစီကို ပါးစပ်နဲ့ ပြောလို့မရတော့ဘူး။ နောက်တစ်ချက်က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု။ အခုက သတ်တာ ဖြတ်တာတွေက အတောမသတ်ဖြစ်နေတဲ့ဟာ ကျနော်တို့က အသားလွတ်ကြီး သွားပြီးတော့ ခွင့်လွှတ်လို့ မရတော့ဘူး။ ပြန်ပြီး သင်ပုန်းချေရေးနဲ့ အမှန်တရား ပြန်လည်ဖော်ထုတ်ရေးကိစ္စတွေက မလုပ်လို့မရတော့ဘူး။ အဲ့ဒီအပိုင်းကို သူ လက်ခံနိုင်ရမယ်”

KNU ဟာ အပစ်ရပ်ရေး NCA စာချုပ်ကို လက်မှတ်ထိုးထားပေမယ့် စစ်တပ်အာဏာ သိမ်းပြီးနောက် ကရင်ပြည်နယ် အပါအဝင် KNU ထိန်းချုပ်ရာဒေသတွေမှာ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲပေါင်း ငါးထောင်ကျော် ဖြစ်ပွားခဲ့တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ရှမ်းမြောက်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း အခုချိန်အထိ ကမ်းလှမ်းချက်ကို ငြင်းပယ်ထားတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

“ကျနော်ပြောနိုင်တာကတော့ အခုထက်ထိ ကျနော်ကြားရသလောက် ကျနော်တို့ဆီမှာ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ အရင်က ကျနော်တို့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ထားတဲ့အတိုင်းပဲ ကျနော်ပြောလို့ရတယ်။ အဲ့ဒီအတိုင်းပဲ ဖြစ်တယ်။ ဘာမှ အပြောင်းအလဲရှိတာ ကျနော် မကြားဘူး။ ကျန်တာကတော့ ကျနော် ဖြေကြားလို့ မရဘူး”

ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ပြီး နိုင်ငံ့အရေးကိစ္စတွေကို တန်းတူဆွေး နွေးနိုင်တဲ့ အခင်းအကျင်းရောက်မှ ဆွေးနွေးပွဲတက်မယ်လို့ မေ ၅ ရက်မှာ KIA က သဘောထားထုတ်ပြန်ထားပါတယ်။

အပစ်ရပ် NCA စာချုပ်ကို လက်မှတ်မထိုးသေးတဲ့ KIA အဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ပြီးခဲ့တဲ့ ၁၅ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၈၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

စစ်ကောင်စီဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို မတက်ဘူးလို့ သဘောထားထုတ်ပြန်ပြီးနောက်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီဘက်က လူအင်အား၊ လက်နက်အင်အား စုဆောင်းပြီး စစ်ရေးပြင်ဆင် လာတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီက အပြောနဲ့အလုပ်မညီတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တာလို့ ပြောပါတယ်။

"သွေးခွဲသပ်လျှိုပြီးတော့ ဖဲ့ထုတ်နိုင်ဖို့အတွက် စီစဉ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပါ"

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်ဟာ လက်ရှိ နိုင်ငံအကျပ်အတည်းကို ထွက်ပေါက်အဖြစ် အသုံးချဖို့ ဖိတ်ခေါ်တာလား ဒါမှမဟုတ် မှန်ကန်တဲ့ ငြိမ်းချမ်းရေးအတွက်လားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန် ၁၄ ရက် မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အမှန်အကန် ငြိမ်းချမ်းရေးရအောင်ဆွေးနွေးတဲ့ ဆွေးနွေးပွဲမျိုးဆိုရင် အဲဒါက ကောင်းတယ်လို့ပြောလို့ရနိုင် ပါတယ်။ ဒါပေမဲ့ အခိုက်အတန့်အခြေအနေတစ်ခုကို၊ အကျပ်အတည်းကာလတစ်ခုကို ဖြတ်ကျော်ဖို့အတွက် ငြိမ်းချမ်းရေးကို အသုံးချတဲ့ ပုံစံမျိုးဆိုလို့ရှိရင်တော့ ဒီဟာက ပြည်သူလူထုအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် ဒီဟာက ငြိမ်းချမ်းရေး အမှန် အကန်ရမယ်၊ မရဘူးဆိုတာက ကျနော်တို့အနေနဲ့ ရှေ့ဆက်စောင့်ကြည့်သွားရမယ့် အနေအထားဖြစ်တယ်လို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်”

ရက္ခိုင့်တပ်တော် (AA) ဟာ စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းခဲ့ပေမယ့် အခုနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက် တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ စတင် မြင့်တက်လာပါတယ်။

မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ပြောသွားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာ လက်ရှိတိုက်နေတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေကို သွေးခွဲသပ်လျှိုပြီး ဖဲ့ထုတ်လိုတဲ့ ရည်ရွယ်ချက်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖိတ်ခေါ်တယ်ဆိုတာက ကရင်နီတို့၊ KNU တို့၊ ကချင် တို့လို ဒီအဖွဲ့အစည်း အတွေကို စည်းရုံးသိမ်းသွင်းချင်လို့ ဖိတ်ခေါ်တာ။ အဲ့တော့ အဲ့ဒီအဖွဲ့အစည်းတွေ မပါလာတဲ့အခါကျတော့ ကျန်တဲ့ ကိုးဖွဲ့နဲ့ ဆွေးနွေးတာက သူတို့ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေးတို့၊ စစ်ရပ်စဲရေးတို့အတွက် ဘာမှ အထောက် အကူမပြုဘူး။ အဲ့ဒီအခါကျတော့ သူက ထပ်ပြီး ဖိတ်ခေါ်တာ။ ရည်ရွယ်ချက်ကတော့ သူ့ကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ သွေးခွဲသပ်လျှိုပြီးတော့ ဖဲ့ထုတ်နိုင်ဖို့အတွက် စီစဉ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပါ”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ် (Myanmar Military)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ် (Myanmar Military)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ တိုင်းရင်းသားလက်နက်ကိုင် တွေကို သူကိုယ်တိုင် လက်ခံတွေ့ဆုံမယ်ဆိုပြီး ဧပြီ ၂၂ ရက်နေ့မှာ ပထမအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက် လုပ်ခဲ့တာပါ။

အဲဒီကမ်းလှမ်းချက်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် ခြောက်ဖွဲ့နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ သုံးဖွဲ့ စုစုပေါင်း ကိုးဖွဲ့က လက်ခံထားပြီး နေပြည်တော်မှာ တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးနေ ပါတယ်။

ကမ်းလှမ်းချက်ကို လက်ခံထားတဲ့ ကိုးဖွဲ့ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ မိုင်းလားအဖွဲ့ (NDAA) စတဲ့ ခြောက်ဖွဲ့ကို စစ်ကောင်စီဥက္ကဋ္ဌက လက်ခံ တွေ့ဆုံပြီးပါပြီ။

ကျန်သုံးဖွဲ့ထဲက NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ကိုလည်း မကြာခင် လက်ခံတွေ့ဆုံဖို့ ရှိနေပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကတော့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ခံထား ပေမယ့် သူတို့ထိန်းချုပ်ရာ နယ်မြေထဲက တပ်စခန်းသုံးခုကို စစ်တပ်ဘက်က ပြန်ဆုတ် ခိုင်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေ တင်းမာနေလို့ နေပြည်တော်ကို လာပြီး ဆွေးနွေးတာ မရှိသေးပါဘူး။

NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲက လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို အစောပိုင်းမှာ လက်ခံခဲ့ပေမယ့် အဖွဲ့တွင်း‌ ခေါင်းဆောင်တွေကြား သဘောထား ကွဲနေတာကြောင့် နေပြည်တော်ကို လာပြီးဆွေးနွေးမှု လုပ်၊ မလုပ် အတိအကျ မသိရသေးပါဘူး။

ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိတယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားပေမယ့် လောလောဆယ် အတိအကျ လက်ခံထားတဲ့ အဖွဲ့ ကိုးဖွဲ့သာ ရှိပါတယ်။ အဲဒီအထဲက ခြောက်ဖွဲ့နဲ့ လူတွေ့ ဆွေးနွေးထားပြီး SSPP အပါအဝင် ကျန်သုံးဖွဲ့က မဆွေးနွေးသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။