အာဏာသိမ်းပြီး ၁၁ လ အတွင်း စစ်ကြောရေးမှာ သေဆုံးသူ ၁၀၃ ဦးရှိ

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး ၁၁ လကျော်အတွင်းမှာ စစ်ကြောရေးမှာ သေဆုံးသူပေါင်း ၁၀၃ ဦးပြည့်ခဲ့ပါပြီ။
လတ်တလော သေဆုံးခဲ့ရသူတွေထဲမှာ ပဲခူးတိုင်း တောင်ငူမြို့ခရိုင်၊ အုတ်တွင်းမြို့က ပရဟိတသမား အသက် ၄၆ နှစ်အရွယ် ကိုဇင်မင်းထိုက်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့က အသက် ၄၂ နှစ်အရွယ် ကိုကျော်သူရနဲ့ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား အသက် ၂၀ အရွယ် ကိုအောင်ဘုန်း ကျော် တို့ ပါဝင်ပါတယ်။
အုတ်တွင်းမြို့က ပရဟိတသမား ကိုဇင်မင်းထိုက်ကို ဇန်နဝါရီ ၁ ရက်နေ့၊ ည ၇ နာရီမှာ PDF နဲ့ ဆက်စပ် တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး နောက်နေ့မနက်မှာ အမောဖောက်သေဆုံးသွားတယ်ဆိုပြီး တောင်ငူမြို့ အမှတ် ၂ ရဲစခန်းက အကြောင်းကြားလာတယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပြပါတယ်။
“စိတ်တော့မကောင်းဘူး ဝမ်းနည်းပါတယ်တဲ့။ သူ့ကိုမိတဲ့အချိန်မှာ ဆိုင်ကယ်မှောက်သွားတယ်။ သူ အမောဖောက်လာလို့ မ.ဆ.လ - ၃ (စစ်ဆေးရုံ) ကို ခေါ်သွားတယ်။ ဆေးကုသမှုခံယူရင်းက ၁၂ နာရီ ၄၅ မိနစ်မှာ ဆုံးသွားပါတယ်လို့ သူတို့ (ရဲစခန်း) က ပြောတယ်။ သူတို့က အခေါင်းထဲမှာ ထည့်ထားတာ မျက်နှာလေးပဲ ပေါ်တယ်။ မျက်နှာမှာတော့ ညိုမဲနေတာပဲ ပေါင်ဒါတွေနဲ့ အုပ်ထားတယ်။ (ကျန်းမာရေး) အကုန်လုံးကောင်းတယ်။ အမောဖောက်တယ်ဆိုတာ သူတို့ဖမ်းပြီး နှိပ်စက်လို့ အမောဖောက်တာပဲ ဖြစ်ရမယ်”
ကိုဇင်မင်းထက်ရဲ့ ရုပ်အလောင်းကိုလည်း သင်္ဂြိုဟ်ခွင့် မပေးဘဲ အုတ်တွင်းမြို့က စစ်ဆေးရုံမှာပဲ ထားခဲ့ရ တယ်လို့ သူက ပြောပါတယ်။
"တပ်မတော် အက်ဥပဒေအရ အရပ်သားပေါ်မှာ ကျုးလွန်တဲ့ အမှုအဖြစ်နဲ့ အရေးယူလို့ ရတယ်ခင်ဗျ"
ကိုဇင်မင်းထိုက်မှာ ဇနီး၊ ကိုးတန်းနဲ့ ပထမနှစ်ကျောင်းသူ သမီးနှစ်ယောက်တို့ ကျန်ရှိနေပြီး ကိုဇင်မင်းထိုက် ဆောင်ရွက်ခဲ့မှုတွေအတွက် မိသားစုအနေနဲ့ ဂုဏ်ယူတယ်လို့ ပြောကြပါတယ်။
အလားတူပဲ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့က အသက် ၄၂ နှစ်အရွယ် ကိုကျော်သူရဟာ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းမှာ ကိုဖိုးသောကြာဆိုသူနဲ့အတူ အိမ်အပြန်လမ်းမှာ ဖမ်းဆီးခံခဲ့ရပြီး နောက်နေ့မနက်မှာ အလောင်း လာထုတ်ဖို့ မိသားစုကို ရွှေဘိုရင်ခွဲရုံကနေ အကြောင်းကြားခဲ့တယ်လို့ ရွှေဘို ဒေသခံတွေက RFA ကို ပြောပါတယ်။
“စစ်တပ်ကလည်း သူ့တို့ကို လာဖမ်းတာ မဟုတ်ဘူး။ လမ်းမှာတွေ့တော့ လမ်းကြုံဖမ်းသွားတဲ့ သဘောပေါ့။ ည ၈ နာရီထိုးနေပြီ ဘယ်ကပြန်လာတာလဲဆိုပြီး အဲဒီနားမှာတင် သေနတ်ဒင်နဲ့ ဝိုင်းရိုက် ပြီးတော့မှ သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားတာ။ ဖမ်းပြီးသွားတဲ့နောက် ဘေးပတ်ဝန်းကျင် အိမ်တွေကပါ ကြားရတယ်။ ကယ်ကြပါဦးဗျာ၊ မတရားနှိပ်စက်နေပါပြီ၊ စစ်တပ်ကလည်း အရေးတော်ပုံကျဆုံးရမယ် အဲဒီလို အော်ခိုင်းတဲ့ အသံတွေရော၊ အော်နေတဲ့ အသံတွေရော အများကြီး ကြားရတယ်။ ကျောက်မြောင်း မြို့လေးက ကျဉ်းကျဉ်းလေးရယ်။ ရဲစခန်းလည်း ရှိတယ်။ စစ်တပ်လည်း ရှိတယ် ကျောက်မြောင်းထဲမှာ“
အဲဒီနေ့ညက ကိုကျော်သူရအပါအဝင် အမျိုးသား လေးယောက်ကို ကျောက်မြောင်းမြို့ရဲစခန်းကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့သလို အဲဒီကနေတဆင့် တပ်မ ၃၃ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ - ၁၂ စစ်တပ်ဝင်း ထဲကို ခေါ်သွားခဲ့တာလို့ ဒေသခံက ပြောပြပါတယ်။
ကိုကျော်သူရရဲ့ ရုပ်အလောင်းကိုတော့ မိသားစုက ကျောက်မြောင်းမြို့ သုသာန်မှာ ဇန်နဝါရီ ၅ ရက်နေ့က သင်္ဂြိုဟ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာလည်း ဒီဇင်ဘာ ၂၆ ရက်နေ့ညက ဖမ်းဆီးခံရပြီး နောက်နေ့ မနက်မှာ သေဆုံးသွားခဲ့တယ်လို့ ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂက တာဝန်ရှိသူ တစ်ယောက်က ပြောပြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကြောရေးကို ဖြတ်သန်းခဲ့ဖူးပြီး လွတ်မြောက်လာတဲ့ သတင်းထောက် တစ်ယောက်ကတော့ စစ်ကြောရေးက ရိုက်နှိက်နှိပ်စက်မှုတွေဟာ သေစေတဲ့အထိ ပြင်းထန်တယ်လို့ ပြောပါတယ်။
“ကျွန်တော်ရောက်သွားတဲ့အချိန်မှာ လူကြီးတွေဆိုရင် လေဖြတ်ထားသလိုမျိုး ပြဲကွဲနေအောင် ရိုက်ခံ ထားရတာ။ ဒဏ်ရာပေါ်တယ်ဗျာ။ တချို့ ဗိုက်ခွဲထားတဲ့သူတွေဆို အူတွေ ပြန်ထွက်လာတဲ့အထိ ရိုက်နှက် ထိုးကြိတ်ခံရတာတွေ ရှိတယ်။ သူတို့ကို လက်လုပ်သေနတ်တွေနဲ့ ပစ်လို့ ဖမ်းမိထားသူတွေရှိတယ်။ အဲဒီလူတွေဆို သေနတ်ပစ်တဲ့လက်ကို ဓာတ်ဆီလောင်းပြီး မီးရှို့တာတို့ ရှိတယ်။ ကျွန်တော်တို့ဆိုရင် ရှေ့မှာ ရာဘာပြားခံပြီးတော့မှာ နံပါတ်တုတ်ဖြစ်ဖြစ်၊ သံတုတ်ဖြစ်ဖြစ် တစ်ခုခုနဲ့ ရိုက်တယ်။ ခြေထောက်တွေ၊ ပေါင်တွေဆိုရင် လှိမ့်နေအောင် ရိုက်တာ”
ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးမှာ နှိပ်စက်ပုံဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘဲ တချို့နေရာတွေမှာ လျှပ်စစ်ထိုင်ခုံပါ အသုံးပြုပြီးစစ်ဆေးတယ်လို့ သူကပြောပြပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးမှုတွေ ရှိတာကို မငြင်းလိုကြောင်း RFA ကို ပြောပါတယ်။
“ဖမ်းဆီးရမှုတွေရှိရင်တော့ သက်ဆိုင်တဲ့ စစ်ဆေးမေးမြန်းမှုများ ရှိပါတယ်။ စစ်ဆေးမေးမြန်းမှုတွေ ရှိတဲ့အခါ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအခါမှာ သေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတာတော့ မငြင်းပါဘူး။ တချို့ဟာတွေ သေဆုံးမှု ရှိတဲ့အခါမှာလည်း သေမှု၊ သေခင်းဖွင့်ပြီး ရင်ခွဲစစ်ဆေးချက်လုပ်ပြီး ဥပဒေ အတိုင်း ဆောင်ရွက်ချက်ရှိပါတယ်”

စစ်ကြောရေးမှာ ဖမ်းဆီးထားချိန် ရိုက်နှက်ခံရတာတွေ၊ သေဆုံးခဲ့ရတာတွေအတွက် အရေးယူနိုင်တဲ့ ဥပဒေ တွေ ရှိနေပြီး ဒီဥပဒေတွေဟာ လက်ရှိမှာ အာဏာသက်ဝင်မှုမရှိသလို ဖြစ်နေတယ်လို့ အထက်တန်းရှေ့နေ ဒေါက်တာ ဖိုးဖြူ ပြောပါတယ်။
“တကယ်လို့ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲအရာရှိတွေက ရိုက်နှက်ပြီးတော့ သေဆုံးသွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် တော့ ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူလို့ရတယ်ခင်ဗျ။ အဲဒါကတော့ နည်းတစ်နည်းပေါ့။ တကယ်လို့များ စစ်ကြောရေးဟာ တပ်မတော် အရာရှိတွေက၊ တပ်မတော်သားတွေက ရိုက်နှက်လို့ သေဆုံးသွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ တပ်မတော် အက်ဥပဒေအရ အရပ်သားပေါ်မှာ ကျုးလွန်တဲ့ အမှုအဖြစ်နဲ့ အရေးယူလို့ ရတယ်ခင်ဗျ။ ဒါပေမဲ့ အဲဒါတွေကို တရားခွင်မှာ တင်ပြမယ်၊ အမှုဖွင့်လှစ်တိုင်တန်းဖို့ လျှောက်ထားဆောင်ရွက်မယ်ဆိုရင် အာဏာသိမ်းပြီးချိန်ကစလို့ အာဏာသက်ဝင် ခြင်း မရှိသေးပါဘူးဗျ”
ဒီလို ဥပဒေတွေ ရှိနေပေမယ့် ဥပဒေ သက်ရောက်မှု မရှိသေးတာ၊ တိုင်ကြားရင် အရေးယူမှု မရှိနိုင်တာ၊ လုံခြုံရေးအရ စိုးရိမ်နေရတာတွေကြောင့် မတိုင်ကြားရတာ ဖြစ်တယ်လို့ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေဟာ ပြောပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့ စစ်တပ်က ဖမ်းဆီးပြီးနောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူတွေထဲမှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ မန္တလေးတိုင်း ဝမ်းတွင်း မြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက အသက် ၇၂ နှစ်အရွယ် ဦးကံထောက် တို့အပြင် အခုနောက်ဆုံး အသက် ၂၀ အရွယ် ရန်ကုန်တက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်တို့ အပါအဝင် အယောက် ၁၀၃ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။