လျှပ်စစ်မီးပြတ်တောက်မှု ပြည်သူတွေရဲ့ နေ့စဥ်ဘဝကို ထိခိုက်နေ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ကိုးလနီးပါးအကြာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်တိုင်းမှာ နေ့စဉ်လိုလို လျှပ်စစ်မီး ပြတ်တောက်နေ တာကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် အရေးကြီးတဲ့ အသေးစားလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
တစ်နေ့လုံးနီးပါး မီးပျက်နေတာကြောင့် စားသောက်ကုန်လုပ်ငန်းအပါအဝင် လျှပ်စစ်မီးအသုံးပြုရတဲ့ လုပ်ငန်းအချို့ အတိဒုက္ခရောက်နေပြီလို့ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ နေထိုင်တဲ့ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"မြောင်းမြမှာ မီးအခြေအနေကတော့ ညဘက်တွေလည်း ပျက်တယ်၊ နေ့ခင်းဘက်လည်း ပျက်တယ်၊ မနက်ပိုင်းလည်း ပျက်တယ်၊ တစ်နေ့ကို ပျှမ်းမျှအားဖြင့် ၇ ခါကနေ ၁၂ ခါ ကြားလောက်တော့ ပျက်တယ်၊ လျှပ်စစ်မီးနဲ့ သုံးနေရတဲ့ လုပ်ငန်းတွေဆိုရင် ဒုက္ခရောက်တာပေါ့၊ တချို့ မီးစက်ရှိတဲ့သူတွေကတော့ မီးစက်တွေနဲ့ လုပ်ကြတာပေါ့၊ မီးစက်မရှိတဲ့သူတွေကျတော့ ဒီအတိုင်းငုတ်တုတ်ထိုင်နေရတာပေါ့"
လျှပ်စစ်မီးသုံးပြီး အအေးခန်းမှာ ထားသိုရတဲ့ အခြေခံ စားသောက်ကုန်ပစ္စည်းတွေကို မီးစက်နဲ့မောင်းပြီး အသုံးပြုနေရတာကြောင့် ကုန်ဈေးနှုန်းတွေတက်လာပြီး စားသုံးသူတွေပဲ ထိခိုက်တယ်လို့လည်း သူက ဆိုပါတယ်။
ညောင်တုန်းမြို့က ကုန်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကလည်း မီး တစ်နေကုန်ပျက်နေတာကြောင့် အလုပ်အဆင်ပြေဖို့ မီးစက်ဝယ်ထားရတယ်လို့ ပြောပါတယ်။
"တစ်ရက်မှ မပျက်တဲ့ရက် မရှိဘူး၊ အလှည့်ကျ၊ မကျတော့မသိဘူး၊ တစ်နေကုန် ပျက်ချင်တိုင်းကို ပျက်နေတာပဲ၊ အကုန်လုံး တော်တော်များများ နိုင်ရင်နိုင်သလို အကုန်လုံးက မီးစက်တွေ ဝယ်ထားရပြီ၊ သံဂဟေဆက်တဲ့သူတွေ ပြီးလို့ရှိရင် မှန်သမားတွေ ရေခဲစက်တွေ အကုန်မီးစက်တွေ သုံးရတယ် စားသောက်ဆိုင်တွေ အဲ့လို၊ အင်ဗာတာနဲ့တောင်မရတော့ဘူး၊ ဘာလို့လဲဆိုတော့ မနက်ကနေ ညအထိ တစ်ခါတလေ ပျက်ချင်ပျက်နေတာ၊ အင်ဗာတာက အားထုတ်နိုင်တဲ့ ပမာဏအထိကို ကျော်လွန်ပြီး ပျက်နေတဲ့အခါကျတော့ အင်ဗာတာလည်း မနိုင်တော့ဘူး၊ မနိုင်တော့ အခုဆိုအကုန်လုံး မီးစက်တွေ ဆောင်ထားရတယ်"
မီးပျက်တဲ့အတွက် တခြားပြည်သူတွေလည်း မီးစက်တွေ ဝယ်ထားကြတာကြောင့် အရင်က သုံးသိန်းနီးပါးပဲရှိတဲ့ မီးစက်တွေဟာ ငါးသိန်းကျော်လောက်အထိ စျေးတက်သွားတယ် လို့ သူက ဆိုပါတယ်။
နယ်မြို့တွေမှာသာမက လူနေထူထပ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရှိတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာလည်း အခုရက်ပိုင်း နေ့စဉ်လိုလို မီးပျက်တဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရပါတယ်။
မီးမကြာခဏ ပျက်တာကြောင့် အဓိကအသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ သံပန်းနဲ့ အလူမီနီယံ လုပ်ငန်းကို မီးလာမယ့်အချိန်ကို စောင့်ပြီးလုပ်နေရတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဥိးက RFA ကို ပြောပါတယ်။
"သူတို့ တစ်ခုခုပြင်စရာရှိလို့ ပျက်တယ်လို့ အဲလိုပဲထင်တာပဲ၊ အချိန်ကမမှန်ဘူးဗျ တစ်နေကုန်လည်း ပျက်ချင် ပျက်တာပဲ၊ တစ်ခါတလေကျရင် နေ့တစ်ဝက်လောက် တောက်လျှောက် ပျက်ရင်ပျက်နေတာ၊ မီးမရှိတော့ အကုန် ငုတ်တုတ်ထိုင်စောင့်နေရတာပေါ့ မီးရှိမယ့်အချိန် မီးလာမယ့်အချိန်အထိပေါ့။ မီးစက်မှမရှိတာ၊ တစ်နည်းနည်းတော့ မဖြစ်ဖြစ်အောင် စီစဉ်ရမှာပေါ့ဗျာ၊ တကယ်လို့ အခြေအနေ မကောင်းရင် မီးစက်ဝယ်သင့် ဝယ်ရမှာပေါ့၊ မဆောင်ရသေးဘူးဗျ မီတာရုံးကို ကျနော်တို့ မသွားရဲတာ သွားမဆောင်ရဲတာ"
"တချို့ဆိုရင် အင်ဗာတာတွေ ဘတ္ထရီတွေပါ ပြန်သုံးနေကြရပြီ။ နွေရာသီဆိုရင် ပိုတောင်ပျက်ဦးမယ်"
အလားတူ မန္တလေးမြို့မှာ အွန်လိုင်းကနေ ကလေးတွေကို စာသင်ပေးနေတဲ့ ပုဂ္ဂလိကဆရာမတစ်ဦးကလည်း လျှပ်စစ်မီး နေ့စဉ်ပျက်နေတာကြောင့် စာသင်ရ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
"မပျက်တဲ့နေ့မရှိဘူး တစ်ခါတစ်ခါပျက်ရင် ၃ နာရီခွဲ ၄ နာရီပျက်တဲ့အခါကျတော့ Power Bank တွေ ဆောင်ထားရတယ်၊ ပြီးတော့ အခြား Laptop တွေဆိုလည်း အပိုတစ်ခုလောက်က ဆောင်ထားရတယ်။ အဲလိုမျိုးဖြစ်သွားတာပေါ့၊ တချို့ဆိုရင် အင်ဗာတာတွေ ဘတ္ထရီတွေပါ ပြန်သုံးနေကြရပြီ။ နွေရာသီဆိုရင် ပိုတောင်ပျက်ဦးမယ်၊ အခုတောင်မှ ၃ နာရီ ၄ နာရီပျက်တယ်ဆို နွေရာသီကြရင် ၆ နာရီ ၇ နာရီ လောက်များ ပျက်မလားဆိုတာတောင်မှ မပြောနိုင်တော့ဘူးပေါ့၊ ဘာကြောင့်လဲဆိုတော့ မီတာ မဆောင်လို့ပေါ့နော် အဲအခါကျတော့ သူတို့ ပညာပြတယ်ပေါ့ အဲလိုမျိုးပဲထင်တယ်"
အရင်ကမီးပျက်ရင် EPC ကို ဖုန်းဆက်မေးလို့ရပေမယ့် ခု မေးရင် လက်ခံဖြေကြားမယ့်သူ မရှိတာကြောင့် ဘာမှမတတ်နိုင်ဘဲ ကလေးတွေ စာဆက်သင်နိုင်ဖို့အရေး တခြားနည်းလမ်းကို ကြိုပြင်နေရပြီလို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကတော့ ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေး မြင့်တက်လာမှု၊ ပြည်တွင်းက ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းကို ပြုပြင်နေရမှုနဲ့ ဓါတ်အားပေးပို့တဲ့ တာဝါတိုင်တွေ မိုင်းခွဲခံရမှုတွေ ကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ကျဆင်းရကြောင်း ဇန်နဝါရီလ ၆ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ပြီး ပြည်သူကို အသိပေးထားပါတယ်။
ဒါကြောင့်ပဲ ဓာတ်အားသုံးစွဲမှု အများဆုံးဖြစ်တဲ့ မနက် ၇ နာရီကနေ ည ၁၁ နာရီအတွင်းမှာ အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ဆိုပါတယ်။

ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာတာကြောင့် မီးဖြတ်တာလို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောထားပေမဲ့ ပြည်သူအများစုက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီတာခ မပေးတာကြောင့် ဒါဟာ ရိုးရိုးသားသား လျှပ်စစ်မီး ပြတ် တောက်မှုလား၊ စစ်ကောင်စီဘက်က ပြည်သူလူထုကို လက်တုံ့ပြန်အပြစ်ပေးမှုလားလို့ မေးခွန်းထုတ်နေပါတယ်။
ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
အခု ၁၁ လကျော်ကြာတဲ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီတာခ မဆောင်သူတွေ များတာကြောင့် စစ်ကောင်စီဘက်က တစ်ဖက်လှည့်နဲ့ မီးဖြတ်နေတာလို့ ထင်ကြောင်း သန်လျင်မြို့နယ်မှာနေထိုင်တဲ့ ရုံးဝန်ထမ်းတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
"ဘယ်လိုဖြစ်နေလဲဆိုတော့ အရင်တုန်းက ငယ်ငယ်တုန်းကလေ မီးစက်မီးတွေနဲ့ ယူနေရသလိုပဲ၊ မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီလောက်အထိ ပုံမှန်ပျက်တယ်၊ ညနေ ၄ နာရီနောက်ပိုင်းကနေ ည ၁၁ နာရီ ၁၂ နာရီလောက် အထိက ပုံမှန်လာတယ်၊ ပြီးရင် ၁၂ နာရီလောက်ကနေ မနက် ၃ နာရီလောက်အထိ လုံးဝပျက်တယ်၊ နေ့တိုင်း ပျက်တယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာန အရာရှိတစ်ဦးကတော့ အခုလို မီးဖြတ်တောက်တာဟာ မီတာခ မဆောင်တာနဲ့မသက်ဆိုင်ဘဲ သဘာဓာတ်ငွေ့ LNG နဲ့ လျှပ်စစ်မီး ထုတ်လုပ်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ပိုက်ဆံမပေးနိုင်တော့တာ၊ လောပိတ ရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်တဲ့ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရတာတွေကြောင့်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ နောက်ပိုင်းမှာလည်း အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။
နိုင်ငံတစ်ဝှမ်း အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါး ရှိတဲ့အနက် လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့ အိမ်ထောင် စုပေါင်း ၇ သန်းနီးပါးရှိပြီး ရန်ကုန်တိုင်းက ၁၄၀၀ မဂ္ဂါဝပ်ကျော်၊ မန္တလေးတိုင်းက မဂ္ဂါဝပ် ၆၀၀ ကျော်နဲ့ နေပြည်တော်က ၁၄၆ မဂ္ဂါဝပ် သုံးစွဲလျက်ရှိတယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ပြည်သူတွေကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းစ ပြီးခဲ့တဲ့ ၁၀ နှစ်နီးပါးအတွင်း တိုးတက်လာတဲ့ လျှပ်စစ်မီးအခြေအနေဟာ အခု စစ်အာဏာသိမ်းပြီး တစ်နှစ်နီးပါးအကြာမှာ ထူးထူးခြားခြား ဆိုးရွား လာတာကြောင့် ၂၀၁၀ မတိုင်ခင်က ဖယောင်းတိုင်ဆောင်ထားရတဲ့ အမှောင်ခေတ်ကို ပြန်ရောက်တော့ မလားဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။