ကန့်ကွက်မှုတွေကြားက စစ်ကောင်စီကျင်းပမယ့် ၂ဝ၂၃ အထွေထွေရွေးကောက်ပွဲ
2022.10.17

မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတဲ့ ဒီလိုအချိန်မှာ ရွေးကောက်ပွဲထပ်လုပ်မယ်ဆိုရင် ဆူပူမငြိမ်မသက်တာ တွေ ပိုတိုးလာနိုင်တယ်လို့ မလေးရှားနိုင်ငံကိုရောက်နေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စမယ်လီဇာဘရောင်းက ဒေသတွင်း သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။
ဒီအချိန် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲကို အမေရိကန်က မထောက်ခံသလို အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးလို့လည်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်ဟာ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ဖို့ကိုသာ ထောက်ခံပြီး မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုတယ်လို့ သူက ပြောပါတယ်။
“ရွေးကောက်ပွဲမဖြစ်အောင် ကန့်ကွက်ကြမယ်ဆိုရင် ကန့်ကွက်တဲ့သူတွေဖြစ်ချင်တဲ့ ၂၀၂၀ ရလဒ်အတိုင်း အာဏာလွှဲအပ်မှာ မဟုတ်တာတော့ သေချာတယ်“
၂၀၁၀ ရွေးကောက်ပွဲကစပြီး မြန်မာပြည်တွင်းက ရွေးကောက်ပွဲအဆက်ဆက်ကို စောင့်ကြည့်စာရင်းပြုစုခဲ့သူတစ်ဦးက ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်သေးကြောင်းနဲ့ ရွေးကောက်ပွဲဟာမြန်မာ့နိုင်ငံရေးအတွက် အဖြေမဟုတ်ဘူးလို့ ပြောပါတယ်။
“ အခုကျင်းပမယ့် ရွေးကောက်ပွဲက ၂၀၁၀ တုန်းကလို No Vote လောက်နဲ့ပြီးသွားမှာမဟုတ်ဘူးဗျ။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကိုလည်း ထိခိုက်နိုင်တယ်။ နောက်မဲပေးမယ့်သူတွေကိုလည်း လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်တာမျိုးတွေ အဖက်ဖက်က ရှိတယ်။ အဲ့လိုအနေအထားမျိုးမှာ ရွေးကောက်ပွဲကျင်းပဖို့က မလွယ်ကူလှဘူးလို့ထင်တယ်။ ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးလို့ ထင်တယ်ဗျ။”
ဒေသတွင်းနိုင်ငံတွေရဲ့သဘောထားကိုကြည့်မယ်ဆိုရင်လည်း မြန်မာစစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို ဆန့်ကျင်သွားမယ်လို့ မလေးရှားအစိုးရကပြောထားပြီး အာဆီယံနိုင်ငံအားလုံးအနေနဲ့လည်း ဆန့်ကျင်ကြဖို့ကို ဦးဆောင်တိုက်တွန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က အာဏာသိမ်းထားတဲ့ အရေးပေါ်ကာလသက်တမ်း နှစ်နှစ်ပြီးရင် ပုဒ်မ-၄၂၉ နဲ့အညီ ခြောက်လအတွင်းမှာ ရွေးကောက်ပွဲအသစ် ကျင်းပပေးရမှာမို့ စစ်ကောင်စီက မဖြစ်မနေ ၂၀၂၃ သြဂုတ်လမှာ နောက်ဆုံးထား ရွေးကောက်ပွဲကျင်းပရမှာ ဖြစ်ပါတယ်။
အခုလအတွင်း စစ်ကောက်စီက ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံတာတွေကို မြို့နယ်တချို့မှာ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဘက်က ၂၀၂၃ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ နေရာလပ်မကျန်ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုနှစ်ဆန်းပိုင်းမှာပြောထားပါတယ်။
ပြည်တွင်းကရွေးကောက်ပွဲအဆက်ဆက် စောင့်ကြည့်လေ့လာသူတွေကတော့ အများဆုံး ထက်ဝက်ကျော်လောက်သာ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ တွက်ဆကြပါတယ်။
စစ်တပ်က အရာရှိဟောင်းတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက အရင်ရွေးကောက်ပွဲတွေထက် ကျင်းပနိုင်ခြေနေရာ နည်းနိုင်ပေမယ့် ရွေးကောက်ပွဲမတိုင်မှီ စစ်တပ်ဘက်က နယ်မြေစိုးမိုးနိုင်ရေး တိုးပြီးလုပ်ဆောင်သွားဖို့ရှိတယ်လို့ ယူဆပါတယ်။
“ဘယ်လောက်ရာခိုင်နှုန်းအထိကျင်းပနိုင်မှာလဲ။ ဒါကမေးခွန်းတစ်ချက်ပေါ့နော်။ လက်ရှိအခြေအနေမှာ မြင်သလောက်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ရဲ့မြောက်ပိုင်းနေရာတွေမှာရှိမယ်။ ကရင်က တချို့နေရာတွေ ရှမ်းနဲ့ ကချင်မှာ တချို့နေရာတွေနည်းနည်းရှိမယ်။ တစ်နိုင်ငံလုံးအနေအထားနဲ့တွက်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာက ရာခိုင်နှုန်းထက်ဝက်ရဲ့ အထက်ကို ကျော်နေသေးတယ်ပေါ့။ ဆိုးဝါးတဲ့နေရာတွေကျန်ခဲ့ပြီး ကျန်တဲ့နေရာတွေက သူ့ဘာသာ ဆက်သွားမယ့် အနေအထားလို့ လောလောဆယ်သုံးသပ်လို့ရတယ်။ လောလောဆယ် နယ်မြေတည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းနေတဲ့ လုပ်ငန်းစဉ်တွေက တဖြည်းဖြည်းရှေ့ဆက်တိုးပြီးလုပ်နေတာဆိုတော့ အမေရိကန်ပြောတဲ့ မှတ်ချက်က လောလောဆယ်ပြောဖို့ စောပါသေးတယ်။ ဘာလို့လဲဆိုတော့ အချိန်တွေကြားမှာ ကျန်သေးတယ်ဆိုတော့။”
မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ မှာ ၃၂၃ မြို့နယ်နဲ့ ၂၀၂၀ မှာ ၃၁၅ မြို့နယ် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။
ပြည်တွင်းမှာတော့ ၂၀၂၃ ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ်လို အရပ်ဘက်အဖွဲ့အစည်းတော်တော်များများက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောထားပြီးဖြစ်ပါတယ်။

ပြည်တွင်းပြည်ပက ဘယ်လိုကန့်ကွက်မှုတွေပဲရှိရှိ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး စစ်တပ်ဘက်က အများမျှော်လင့်သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပြန်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက မှတ်ချက်ပြုပါတယ်။
“ရွေးကောက်ပွဲမလုပ်နဲ့ဆိုရင် သူကလုပ်စရာတစ်လမ်းပဲ ရှိတယ်။ အဲ့ဒီအခြေခံဥပဒေကို အသိအမှတ်မပြုတော့ဘဲ သူကြိုက်သလောက်ငြိမ်ဝပ်ပိပြားမှုရှိတယ်ဆိုတဲ့အထိ တပ်က အာဏာဆက်ကိုင်ထားတဲ့ လမ်းကြောင်းပဲရှိတော့တယ်။ အဲ့ဒါဆိုကျွန်တော်တို့က အရင်ဗိုလ်သန်းရွှေခေတ်ကလို ပြန်ဖြစ်သွားမှာပေါ့။ ရွေးကောက်ပွဲမဖြစ်အောင် ကန့်ကွက်ကြမယ်ဆိုရင် ကန့်ကွက်တဲ့သူတွေဖြစ်ချင်တဲ့ ၂၀၂၀ ရလဒ်အတိုင်း အာဏာလွှဲအပ်မှာ မဟုတ်တာတော့ သေချာတယ်။ တိုက်လို့ခိုက်လို့ ပြိုကွဲချင်သာပြိုကွဲသွားမယ်။ သူတို့အဲ့လိုလုပ်ပေးမှာတော့ မဟုတ်ဘူး။ အာဆီယံအသင်းကြီးတို့၊ သူတို့ရဲ့ အရေးကြီးတဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်တို့ပြောရင်တောင် ဂရုစိုက်မှာမဟုတ်ဘူး။ သူတို့က ပြန်ရှင်းပြမှာပဲ ကျုပ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွားနေတာဆိုပြီးတော့။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲကို မပျက်ပျက် အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ်မပြုဘူးဆိုတဲ့ အဆင့်ထက် ကျော်လွန်လုပ်ဆောင်သွားမယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့ကလုပ်တဲ့ NUG အစိုးရအစည်းအဝေးမှာ ပြောထားပါတယ်။