မဲဆွယ်ပွဲတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ပိုမိုများပြားနိုင်
2020.10.21
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူအသစ် နေ့စဉ်တထောင်ကျော်တွေ့နေပြီး သေဆုံးသူကလည်း ဒါဇင်နဲ့ ချီရှိနေပေမယ့် ရွေးကောက်ပွဲအတွက် စီတန်းလှည့်လည်ပွဲတွေကို နေ့စဉ်မြင်တွေ့နေရပါတယ်။ ပါတီခေါင်းဆောင်တွေက ညွှန်ကြားခြင်း မရှိဘူးလို့ပြောဆိုပြီး ကျန်းမာရေးပညာရှင်တွေက ဒီကိစ္စဟာ အင်မတန်အန္တရာယ်များတယ်လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူနဲ့ သေဆုံးသူတွေ တိုးပွားလာနေပေမယ့် ကားတွေ ဆိုင်ကယ်တွေနဲ့ လူရာပေါင်းများစွာပါဝင်တဲ့ မဲဆွယ်ပွဲတွေ နေ့စဉ် ပေါ်ပေါက်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က သတိပေးချက်တွေ ထုတ်ပြန်ထားတာကို လိုက်နာကြဖို့ လိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဗဟိုကလည်း စာတွေထုတ်ပြီးပြီ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း Covid-19 စည်းကမ်းချက်တွေနဲ့အညီ စည်းရုံးမဲဆွယ်ဖို့ဆိုတာ အကုန်ပြောပြီးပြီ။ ကျနော်တို့ မန္တလေးတိုင်းတောင် ပန်ကြားချက်ထုတ်ပြီးပြီ ဒါတွေမလုပ်ကြဖို့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက်။ အဲဒီ စည်းရုံးမှုတွေကို ကျနော်တို့က တွေ့တဲ့အခါတွေ့တယ်။ လိုင်းပေါ်မှာတွေ့တာ များတာပေါ့နော်။ နယ်တွေမှာ လှည့်တယ်၊ ဘယ်သူတွေပါတယ်တော့ မသိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေတော့ ကျနော့်ဆီရောက်တယ်။ မိတ္ထီလာမှာ ခိုက်ရန်ဖြစ်ပွားတယ် ပဋိပက္ခဖြစ်တယ်ဆိုတာမျိုး တင်ပြတယ်။ အစုအဖွဲ့တွေ လှည့်တာ တွေ့ကြတဲ့အခါမှာ ပြသနာဖြစ်တယ်ဆိုတာလေးတွေ ရှိတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး လှည့်လည်မယ်ဆိုတာတော့ ကျနော့်တို့ဆီ မတင်ပြဘူးပေါ့။ သူတို့ မြို့နယ်နဲ့ ခရိုင်နဲ့ ကိုဗစ်ကော်မတီတွေကတော့ စိစစ်သလား မသိဘူး။ လှည့်တာတော့ လှည့်နေကြတာပဲ။”
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း စည်းကမ်းနဲ့အညီ ဆောင်ရွက်ကြဖို့ သူတို့ပါတီက ညွှန်ကြားထားပါတယ်လို့ ပြောပါတယ်။
“ကျနော်တို့ အွန်လိုင်းပေါ်မှာလည်း တွေ့နေရတယ်။ သက်ဆိုင်ရာ နယ်မြေအလိုက်က စီမံဆောင်ရွက်တဲ့အနေအထားမျိုး။ ပါတီတွေက လုပ်တယ်ဆိုတာထက် ကျနော်တို့ ၂ ဖက်လုံးကို ကြည့်တာတော့ ဝန်းရံသူတွေက ဦးဆောင်တဲ့ အနေအထားမျိုးတွေ့ရတယ်လေ။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ဥက္ကဋ္ဌ ကလည်း ကိုဗစ်ကာလမှာ ရောဂါပြန့်ပွားရေးမဖြစ်အောင် လူစုလူဝေးမလုပ်ဖို့ လမ်းညွှန်ထားတာဖြစ်တဲ့အတွက် နောင်တော့ ဒီကိစ္စက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြမယ်ထင်ပါတယ်။”
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသဲရယ်က အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့ ဝေဖန်ပါတယ်။
“ဒါက သေသေချာချာ ကန့်သတ်ဖို့ လိုတာပေါ့။ တဖက်က ရွေးကောက်ပွဲရှိနေတဲ့အခါကျတော့ လူငယ်ထုကြားမှာ တဖက်ကလုပ်ပြီဆိုရင် ကျန်တဲ့တဖက်ကလည်း လုပ်ချင်နေတယ်။ သူကလည်း လုပ်နေတာပဲဆိုတာမျိုး နဲ့ လုပ်ကြတာပေါ့။ လမ်းပေါ်တွေထွက်ပြီးတော့ ထောင်သောင်းချီပြီ အဲလိုမဖြစ်သင့်တော့ဘူး၊ အာဏာရှိတဲ့ အစိုးရအနေနဲ့ စည်းမျဉ်းစည်းကမ်းကို ပိုပြီး ထိန်းသိမ်းသင့်တယ်လို့ ကျနော် မြင်တယ်”
ရန်ကုန်မြို့ရှိ ဒေါက်တာကြည်ဇော်ဝင်းကတော့ အဲဒီစီတန်းလှည့်လည်ပွဲတွေကြောင့် ကူးစက်မှုအများအပြား ဖြစ်ပွားနိုင်တယ်လို့ သတိပေးပါတယ်။
“လုံးဝမလုပ်သင့်ဘူး။ ဝန်းရံသူဆိုတဲ့ စကားတခွန်းကြောင့် နိုင်ငံရေးပါတီတွေဘက်ကလည်း ကိုယ့်ပါတီကို ထောက်ခံတဲ့အခါကြတော့ ဘယ်သူမှ ရဲရဲတင်းတင်းမပြောဘဲ မသိချင်ယောင်ဆောင်နေကြတယ်လို့ ကျနော်မြင်တယ်။ ကားစတစ်ကာ ကမ်ပိန်းလုပ်တာကို သိပ်မပြောချင်ဘူး။ ဒါပေမယ့် ဆိုင်ကယ်တွေ ထော်လာဂျီတွေ နဲ့ သွားတဲ့အခါမှာ ၃ ပေလည်း ခွာမှာမဟုတ်ဘူး။ ၆ ပေ လည်း ခွာမှာမဟုတ်ဘူး အရေအတွက်က သိပ်များတဲ့အခါကျတော့။ ဒီဗိုင်းရပ်စ်က လေထဲကနေ ကူးစက်နိုင်တယ်ဆိုတာ တွေ့ရှိပြီးပြီ။ ဒီလူတွေထဲမှာ positive တယောက်ပါလာတယ်ဆိုရင် အားလုံးကူးစက်နိုင်တယ်”
မြန်မာနိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၂ဝဝ နီးပါးနဲ့ သေဆုံးသူ ၂၇ ဦးရှိပါတယ်။ လူရာပေါင်းများစွာ ပါဝင်တဲ့ မဲဆွယ်ပွဲတွေကတော့ မြင်တွေ့နေရဆဲပါပဲ။