မကွေးတိုင်းမှာ တစ်လအတွင်း လူရှစ်ဦးအသတ်ခံရပြီး နေအိမ် ၄၀၀ နီးပါး မီးရှို့ခံရ

သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေနဲ့ ဒေသခံတွေ ပြောဆိုချက်အရ လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လူရှစ်ဦး အသတ်ခံရပြီး နေအိမ် ၃၉၉ လုံး မီးရှို့ခံခဲ့ရပါတယ်။
အသတ်ခံရသူတွေဟာ ထီးလင်းမြို့နယ်မှာ လေးဦး၊ ငဖဲမြို့နယ်မှာ နှစ်ဦး၊ ပေါက်နဲ့ နတ်မောက်မြို့နယ်တွေမှာ တစ်ဦးစီ၊ စုစုပေါင်း ရှစ်ဦး ဖြစ်ပါတယ်။
ပေါက်မြို့နယ်မှာ အသတ်ခံရတဲ့ အသက် ၄၅ နှစ်အရွယ် ဦးစောထွန်းမိုးဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျောင်းဆရာတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့က သူတာဝန်ကျနေတဲ့ သစ်ညီနောင်ရွာပဲ အသတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
"ကျောင်းဖွင့်တဲ့အဓိပ္ပါယ်နဲ့ စာသင်ကျောင်းခုံတွေ ရိုက်ချိုးပြီးတော့ မီးရှို့သွားတယ်"
အဲဒီနေ့ မနက် ၉ နာရီလောက်က သစ်ညီနောင်ရွာဘက်ကို အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ အရပ်ဝတ်လက်နက်ကိုင်တွေနဲ့အတူ ပစ်ခတ် ဝင်ရောက်လာပြီးနောက် ဦးစောထွန်းမိုး သတ်ဖြတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သစ်ညီနောင်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲလို ပစ်ပြီးတော့မှ ကျမတို့က ကြောက်ကြောက်လန့်လန့်နဲ့ ပြေး၊ တောထဲရောက်၊ တော်တော်လေးကြာတော့ CDM ဆရာကြီး ဦးစောထွန်းမိုး အသတ်ခံလိုက်ပြီလို့ ကြားလိုက်တာရှင့်။ တောင်မြင့် စာသင်ကျောင်း တံခါးမှာ ခေါင်းကိုချိတ်ပစ်ခဲ့ပြီး လက်တွေကိုဖြတ် အလောင်းကို ချပစ်ခဲ့တာ ဒါပဲသိတာ။ ရက်ရက်စက်စက်ကတော့ သတ်သလားကို မမေးပါနဲ့ဗျာ။ ကျမကတော့ အခုအချိန်ထိအောင်ကို စားလို့ သောက်လို့လည်း မရဘူး"
ဦးစောထွန်းမိုးဟာ ပြင်ပကျောင်းဆရာတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် NUG က ဖွင့်လှစ်ထားတဲ့ သစ်ညီနောင်ကျေးရွာ စာသင်ကျောင်မှာ အထက်တန်းပြ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတာလို့ ပြောပါတယ်။
မကွေးတိုင်းမှာ အောက်တိုဘာလအတွင်း ရေစကြိုမြို့နယ်မှာ နေအိမ် ၂၅၅ လုံး၊ ထီးလင်း မြို့နယ်မှာ နေအိမ် ၁၁၀ လုံး၊ မြိုင်မြို့နယ်မှာ နေအိမ် ၂၂ လုံးနဲ့ နတ်မောက်မြို့နယ်မှာ နေအိမ် ၁၂ လုံး၊ စုစုပေါင်းနေအိမ် ၃၉၉ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
ရေစကြိုမြို့နယ် စိုင်သေရွာမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ညက အင်အား ၅၀ ဝန်းကျင်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး နောက်နေ့မနက် ၅ နာရီလောက်မှာ နေအိမ် ၄၂ လုံးမီးရှို့ခံခဲ့ရတယ်လို့ စိုင်သေရွာသားတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ စိုင်သေရွာကနေ အခြားကျေးရွာတွေကို ဆက်လက်ဝင်ရောက်ပြီး နောက် သံပြာချောင်းရွာမှာ အိမ် ၇၅ လုံး၊ မြေမလှရွာမှာ နေအိမ် ၅၃ လုံး၊ အောင်သပြေ (ခံစပ်တော) ရွာမှာ နေအိမ် ၆၃ လုံး မီးရှို့ ခံခဲ့ရတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။
အဲဒီနေ့က စိုင်သေနဲ့ သံပြာချောင်းရွာက မီးလောင်နေတဲ့ နေအိမ်တွေကို ကိုယ်တိုင် ဝင်ရောက် မီးငြှိမ်းခဲ့တဲ့ ဒေသခံတစ်ဦးကတော့ စိုင်သေရွာမှာ စာသင်ကျောင်းခုံတွေပါ ဖျက်ဆီးပြီး မီးရှို့ခံခဲ့ရတာလို့ ပြောပါတယ်။
"အခြေအနေက အခု သံပြာချောင်းက မီးထပ်လောင်နေလို့ အခုထပ်ငြှိမ်းနေတယ်။ စိုင်သေက အိမ်ခြေ ၄၂ လုံးပါသွားတယ်။ ယက်ကန်းစင်က အလုံး ၂၀ ပါသွားတယ်။ လက်ရှိအခြေအနေကတော့ ရှောင်နေရတာပေါ့ ရွာမှာ တစ်ယောက်မှ မရှိဘူး။ စာသင်ကျောင်းခုံတွေ ရိုက်ချိုးသွားပြီး ကျောင်းဖွင့်လို့ ရှို့တယ်ထင်ပါတယ်။ သူတို့ ခုခံမှုလည်း မရှိဘူး။ ဘာမှ မရှိဘူး။ အဲဒီ ကျောင်းဖွင့်တဲ့ ဟာလေးရှိတာပဲ။ အဲဒီ ကျောင်းဖွင့်တဲ့အဓိပ္ပါယ်နဲ့ စာသင်ကျောင်းခုံတွေ ရိုက်ချိုးပြီးတော့ မီးရှို့သွားတယ်"
စိုင်သေ၊ သံပြာချောင်း၊ မြေမလှနဲ့ အောင်သပြေ (ခံစပ်တော) ရွာတွေမှာ နေအိမ် ၂၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဲဒီရွာတွေအပြင် အနီးအနားရွာတွေကပါ လူပေါင်း ၅,၀၀၀ ထက် မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတွေဟာ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ပြီး ရုတ်တရက်ဝင်ရောက်တာဖြစ်လို့ ဘာပစ္စည်းမှမယူနိုင်ဘဲ သက်ကြီးရွယ်အိုတွေကို ထမ်းပိုးပြီးထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီရွာတွေမှာ NUG ရဲ့စာသင်ကျောင်းဖွင့်တာနဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ခံခဲ့ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ နေ့ကလည်း နတ်မောက်မြို့နယ် ဖက်တောရေရွာနဲ့ သပွတ်ပင်ရွာတွေကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ပြီးနောက် ဒေသခံ တစ်ဦးသေဆုံးပြီး ဒီနေ့အထိ လူပေါင်း ၁၀၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဖက်တော ရေရွာဘက်မှာ PDF တွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်ခဲ့ပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာထဲမှာပြန်ပြီး နေပိုင်ခွင့်မရှိတော့တဲ့အကြောင်းကို သူတို့က အကုန်လုံးကြော်ငြာထား တော့ အခုလောလောဆယ်မှာ ဖမ်းဆီးထားတာက လူပေါင်း ၁၅၀ လောက်ရှိတယ်။ သူတို့က အခုအချိန်အထိ မလွတ်သေးဘူးပေါ့။ မိန်းမသားတွေကတော့ တချို့ဆိုလို့ရှိရင် ညီမတွေ ဖမ်းထားတယ်။ မိန်းမတွေပါ ဖမ်းထားတာရှိတယ်။ သူတို့လိုချင်တဲ့သူကို မမိရင် ညီမတွေ ဖမ်းတယ်။ ဖမ်းပြီးတော့ သူတို့က သူတို့လိုချင်တဲ့သူကို ခေါ်ပြီးတော့ ညီမနဲ့ နေရာချင်းလဲပြီးတော့ ဖမ်းတာမျိုးတွေရှိတယ်။ အဲလိုမျိုး ဖြစ်နေတယ်"
အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အဲဒီရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုတွေရှိသလို လက်နက်နှစ်လက်ပါသွားလို့ အခုလို ရွာတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးနေတာလို့ ပြောပါတယ်။
လက်နက်တွေပြန်မရခဲ့ရင် တစ်ရွာလုံး မီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေပါရှိတယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူတွေထဲမှာ လူငယ်ပိုင်းတွေများပြီး ရိုက်နှက်ထိုးကြိတ်ခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလအတွင်း မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ဘယ်လိုနည်း နဲ့မှ အရပ်သားပြည်သူတွေအပေါ် ထိခိုက်အောင်လုပ်စရာအကြောင်းမရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။
မကွေးတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ အခြားတိုင်းတွေ နည်းတူ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခုခံနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

မကွေးတိုင်းအတွင်း ဆန္ဒပြပွဲတွေ ဖြိုခွင်းပစ်ခတ်ခံရပြီးနောက် ၂၀၂၁ ခုနှစ် မတ်လကုန် ပိုင်းလောက်ကနေစလို့ လက်နက်ကိုင်ခုခံတိုက်ခိုက်မှုတွေ စတင်တွေ့လာရတာလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကိုင်တိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မကွေးတိုင်းက မြို့နယ် တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ မကွေးတိုင်း တပ်ရင်း (၇၀၆) PDF ဒရုန်းတပ်ရင်းတာဝန်ခံ ရဲဘော်အိုမိုဒါက ပြောပါတယ်။
"စိတ်ပညာသဘောတရားအရ ပြောရမယ်ဆိုရင်တော့ အကြောက်တရားဆိုတာ လစ်မစ် တစ်ခုအထိပဲ ရိုက်သွင်းလို့ရပါတယ်။ အကြောက်တရားကို အများကြီး ရိုက်သွင်းခံရရင် လူတွေမှာ နာကျည်းမုန်းတီးမှုနဲ့ မဖြစ်မနေ တွန်းလှန်မှ ဖြစ်တော့မယ်ဆိုတဲ့ ခွန်အား အဖြစ် ပြောင်းလဲသွားတတ်တဲ့ သဘောရှိပါတယ်။ အခု မကွေးတိုင်း အပါအဝင် အညာဒေသက ဖိနှိပ်ခံ ပြည်သူတွေမှာ အကြမ်းဖက် စစ်ကောင်စီက ရက်စက်လေ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး ပြုတ်ကျအောင် တွန်းလှန်မှ ဖြစ်တော့မယ်ဆိုတဲ့ တော်လှန်ရေးစိတ်ဓာတ်က ခိုင်ကျည်လေ ဖြစ်နေပါပြီ"
စစ်ကောင်စီဟာ နိုင်ငံရေး၊ နိုင်ငံတကာ သံတမန်ရေးနဲ့ စစ်ရေးမျက်နှာစာတွေမှာ အရေးနိမ့်လာတာကြောင့် ဖြတ်လေးဖြတ်နဲ့ ဖိနှိပ်မှုတွေ ပိုလုပ်ဆောင်နေတာလို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သေဆုံးသူ ၂,၄၁၃ ဦးထိရှိလာနေတယ် လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။