တိုက်ပွဲကြောင့် ချင်းပြည်နယ်မှာ တစ်လအတွင်း အရပ်သား ရှစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

2022.11.10
တိုက်ပွဲကြောင့် ချင်းပြည်နယ်မှာ တစ်လအတွင်း အရပ်သား ရှစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ ချင်းပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: Chin World

လက်နက်ကိုင်ခုခံမှုကို လက်လုပ်တူမီးသေနတ်တွေနဲ့ အစောဆုံးစခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေ ပါတယ်။

RFA ကသီးသန့်ပြုစုထားတဲ့ စာရင်းအရ ဒီတိုက်ပွဲတွေကြောင့် အောက်တိုဘာလအတွင်း ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သားရှစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည်ပစ်ခတ်မှုနဲ့ လက်နက်ငယ် ထိမှန်မှုတွေ ကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တာပါ။

"စစ်ကောင်စီရဲ့ ပြစ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အရေးယူဖို့ အချိန်မဆွဲသင့်တော့ဘူးလို့ မြင်ပါတယ်”

အောက်တိုဘာလ ၁၁ ရက် ည ၉နာရီခွဲဝန်းကျင်မှာ တီးတိန်မြို့မြို့နယ် လဝကရုံးနဲ့ သမဝါယမရုံးတွေ မီးရှို့ခံရပြီးနောက် တီးတိန်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ တီးတိန်မြို့အနီး လိုင်လိုရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ဒေါ်ဝုန် သေဆုံးခဲ့ပါတယ်။

လက်နက်ကြီးကျည်စက ကလေးငယ်လေးဦး မိခင်ဒေါ်ဝုန်ရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တာလို့ ဒေါ်ဝုန်ရဲ့ အမျိုးသားဖြစ်သူ ဦးဝုန်ရှင်းမုန်က ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ည ၁၁ နာရီထိုးနေပြီ။ ကျနော့်အမျိုးသမီးက အိပ်နေပြီး ကလေးငိုနေ တယ်ဆိုတော့ ကလေးနို့တိုက်ဖို့ ကျနော်က သွားနှိုးတော့ သေသွားပြီ။ လက်နက်ကြီး ကျည်ကတော့ သူ့ဦးခေါင်းကိုထိတာ။ အခုတော့ ကျနော်နဲ့သား သမီးလေးယောက် ကျန်ခဲ့တယ်”

အောက်တိုဘာလ ၁၉ ရက်ကလည်း ဟားခါးမြို့နယ် ဘွန်လုန်ရွာမှာ လက်နက်ကြီးကျ ရောက် ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အသက်ခြောက်နှစ်အရွယ် မောင်ဂျိမ်းဆန်ဇအုပ်နဲ့ အသက်ခုနစ်နှစ်အရွယ် မောင်ဟန်နရီဘွိုင်းဇလျန်တို့ သေဆုံးခဲ့ပြီး အသက်ခုနစ်နှစ်အရွယ် မနန်စီခါလန်ပါး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ကို ဘယ်ကပစ်ခဲ့တယ်ဆိုတာ မသိကြဘူးလို့ အမည်မဖော်လိုတဲ့ ဘွန်လုန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေသုံးနာရီ မထိုးသေးဘူး။ အဲဒီမှာပြန်လာပြီးတော့ ရွာထဲရောက်ပြီးပြီ။ ရွာလမ်းဆုံမှာ လက်နက်ကြီး ပေါက်ခဲ့တာ။ အဲမှာပဲ လက်နက်ကြီးတွေထိတာ။ လက်နက်ကြီးထိတဲ့ နောက်နာရီဝက်ခန့်မှာ သေဆုံးခဲ့တာ။ လက်နက်ကြီးက ဘယ်ကလာမှန်း မသိဘူး”

ကလေးတွေဟာ ဘွန်လုန်ရွာ စာသင်ကျောင်းကအပြန် လက်နက်ကြီး ပေါက်ကွဲမှုနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်သားတွေ ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကိုအလာ ကလေး-တီးတိန်လမ်းမကြီးပေါ်က ဟိန်ဇိန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်သားတွေနဲ့ အတူပါ လာတဲ့ ဟိန်ဇိန်ရွာသား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရွာသားတွေကို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းအနေနဲ့အသုံးပြုဖို့ ဖမ်းဆီးလာ တာလို့ PDF တွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲဖြစ်တဲ့အခါ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သားနဲ့ PDF တွေအကြား သွေးခွဲဖို့ ကြိုးစားတယ်လို့ ချင်းဒေသကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာနဲ့ စစ်ကြောင်းလမ်းပေါ်မှာရှိတဲ့ ဒေသခံအကုန်လုံးကို ကျနော်တို့ သတင်းပို့ပါတယ်။ ဒီနားမှာဘာရှိတယ်။ မသွားနဲ့ဦး သတင်းပို့တယ်။ တိုက်ပွဲပြီးသွားရင် အဲမိုင်းတွေအကုန် ဖြုတ်သွားတယ်။ စစ်ကောင်စီတပ်တွေက စပစ်ကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ ရွာထဲကိုပစ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြည်သူလူထုနဲ့ တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့နဲ့ သွေးကွဲအောင်လုပ်တဲ့သဘောပါပဲ”

တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

hakha.jpg
ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးထာရ်ရပ်ကွက်မှ လက်နက်ကြီးထိမှန်ခဲ့သည့် နေအိမ်အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Chin World)

ချင်းလူ့ အခွင့်ရေးအဖွဲ့ (CHRO) ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းဇအုတ်လိန်း ကတော့ အခုလို အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်တားဆီးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်တွေကြည့်ခြင်းအားဖြင့် အပြစ်မဲ့ပြည်သူလူထုတွေရဲ့ အသက်နဲ့ လုံခြုံမှုကို တစ်စုံတစ်ရာ မထားကြောင်းသက်သေထူနေပါတယ်။ အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ၊ ဒုက္ခပေးတာတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာပဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပြစ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အရေးယူဖို့ အချိန်မဆွဲသင့်တော့ဘူးလို့ မြင်ပါတယ်”

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အရပ်သား ၃၄၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီအပြင် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ချင်းပြည်နယ်မှာ အရပ်သား ၄၆,၂၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၃၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။