အာဏာသိမ်းပြီး စီးပွားရေး အခက်အခဲဖြစ်တာ ဘာကြောင့်လဲ

2022.02.02
အာဏာသိမ်းပြီး စီးပွားရေး အခက်အခဲဖြစ်တာ ဘာကြောင့်လဲ ၂ဝ၂၁ မေလ ၇ ရက်နေ့က ရန်ကုန်မြို့တွင်းတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။
Photo: RFA

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုနဲ့ ပြည်ပက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘဏ်လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အခက်အခဲတွေပေါ်ပေါက်ခဲ့ရတယ်လို့ အာဏာသိမ်း နှစ်ပတ်လည်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပြောပါတယ်။ ဝေဖန်သူတွေကတော့ အဲဒီ အခက်အခဲအားလုံးဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အာဏာသိမ်းနှစ်ပတ်လည်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာပိတ်ဆို့မှုဒဏ်ကို သူတို့ခံစားနေရကြောင်း အခုလိုပြောခဲ့ပါတယ်။

“တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိမ်းသိမ်းပြီးတဲ့နောက် အခြေအနေတွေ၊ နိုင်ငံတကာရဲ့ဝိုင်းဝန်းပိတ်ဆို့မှုတွေ နဲ့၊ ပြည်တွင်းစီးပွားရေး အခြေအနေနဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှု ကျဆင်းပြီး ပုံမှန် မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းတွေက ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲလာကာ လုပ်ငန်းရှင် ကုန်သည်တွေအတွက် ငွေပေးချေမှု ကုန်စည်စီးဆင်းမှု ခက်ခဲစေခဲ့ပါတယ်”

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက NLD အစိုးရလက်ထက်မှာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာထက် ဘတ်ဂျက်လိုငွေ များပြားခဲ့ကြောင်းနဲ့ ပြည်ပကြွေးမြီတွေ အခု အထူးများပြားနေကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။

“ အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ နိုင်ငံတကာက ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးကျရတယ် ဆိုကတည်းက အာဏာသိမ်းတဲ့လုပ်ရပ်ကို နိုင်ငံတကာက လက်မခံနိုင်လို့”

သူ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က စစ်ခေါင်းဆောင်ဟာ အခုလို ပိတ်ဆို့မှုတွေ ထိခိုက်မှုတွေဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို မသိဟန်ဆောင်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

“ငါ့ကြောင့် ဖြစ်တာပါလားဆိုတာ အခုထိ မသိသေးဘဲနဲ့ မျက်စိမှိတ်ပြီး ပြောနေတယ်လို့ပဲ သုံးသပ်ရမယ်။ သူပြောတဲ့စကားမှာကိုက ရှင်းပြီးသား၊ ကျနော်တို့ အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ နိုင်ငံတကာက ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးကျရတယ်ဆိုကတည်းက အာဏာသိမ်းတဲ့လုပ်ရပ်ကို နိုင်ငံတကာက လက်မခံနိုင်လို့၊ မြန်မာပြည်သူတရပ်လုံးကလည်း လက်မခံနိုင်လို့၊ တစ်နှစ်တိတိ ဒီနေ့အချိန်ထိ အုပ်ချုပ်ခွင့် မရစေရဆိုပြီး လှုပ်ရှားနေတာကို မြင်ပါလျက်နဲ့ ပြည်တွင်းကရော ပြည်ပကရော အာဏာသိမ်းတာကိုလက်မခံဘူးဆိုတာ အခုအချိန်အထိ မသိချင်ယောင်ဆောင်ပြီး အရှက်ကင်းမဲ့စွာ ပြောတယ်လို့ပဲ သုံးသပ်လို့ ရတယ်ဗျာ။ နောက် ကျနော်တို့ NLD အစိုးရလက်ထက်မှာတုန်းကဆိုရင် ကျနော်တို့ LDC နိုင်ငံကနေ လွတ်မြောက်တော့မယ်ဆိုပြီး ကမ္ဘာ့အဖွဲ့အစည်းတွေ အားလုံးက အသိအမှတ်ပြုထားတာကို သူမသိချင်ယောင်ဆောင် ပြောတယ်လို့ပဲ သုံးသပ်တယ်”

ဗြိတိန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်မှာ သုတေသီအဖြစ်ရောက်ရှိနေတဲ့ ဦးဝင်းမျိုးသူကတော့ လက်ရှိ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကင်းကွာခဲ့မှုကြောင့်ပဲလို့ သုံးသပ်ပါတယ်။

“နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာကတော့ သူတို့မှာ နိုင်ငံတကာ လက်ခံကျင့်သုံးတဲ့ စံနှုန်းစံထားတွေ ရှိတယ်။ ဒီ စံနှုန်းစံထားတွေ ကိုက်ညီရင် သူတို့အနေနဲ့ ဒီနိုင်ငံနဲ့ ဆက်ဆံတာတွေ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေ ကူညီပေးတာတွေ လုပ်မှာပဲ။ မကိုက်ဘူးဆိုရင်တော့ မလုပ်ဘူးဆိုတာ သဘာဝကျတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ ၅ နှစ် ကျနော်တို့ ဒီမိုကရေစီအစိုးရရှိတဲ့အချိန်မှာ သူတို့ရဲ့ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ ညီတယ်လို့ ထင်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လာတယ်။ ဒီလိုနဲ့ ကျနော်တို့ တဟုန်ထိုး တိုးတက်ခဲ့သလို တိုင်းပြည်မှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာတော့ သိပြီးသားပဲပေါ့။ အခုပိတ်တာက သူတို့ရဲ့ စံနှုန်းစံထားတွေ မကိုက်လို့ ပိတ်တာပေါ့။ အိမ်သာမှ ဧည့်လာတာ ဆိုတော့ ဧည့်မလာတာက အိမ်မသာလို့ပေါ့။ ဒါ ဘယ်သူ့ကြောင့်လဲဆိုတာ စဉ်းစားတတ်တဲ့ သူတိုင်း သုံးသပ်နိုင်ပါတယ်။ ဒုတိယအချက်ကတော့ ဒီကိစ္စရပ်တွေ ဖြစ်တဲ့ အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီလိုမျိုး  နိုင်ငံတကာ အရေးယူမှုတွေ ဖြစ်လာမယ်နော်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောတဲ့အချိန်မှာ ကျနော်တို့က မိတ်ဆွေ သူငယ်ချင်း နည်းနည်းလေးနဲ့ တံခါးပိတ်ပြီးနေခဲ့တာ အသားကျနေပါပြီ။ ဆက်လက် ရပ်တည်နိုင်ပါတယ်လို့ ပြောတာ မှတ်သားဖူးတယ်။ အဲတော့ နိုင်ငံတကာနဲ့ မဆက်ဆံဘဲနဲ့ ဒီတိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဘယ်လိုများဖြည့်ဆည်းမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ”

တဆက်တည်းမှာပဲ မြန်မာပြည်ရဲ့ဘဏ်လုပ်ငန်းကဏ္ဍမှာ အရင်အစိုးရတွေ လက်ထက်က ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုတွေ မှားယွင်းခဲ့တဲ့အတွက် ဖြစ်ပေါ်လာခဲ့တဲ့ ပြဿနာတွေကို NLD အစိုးရက ကြိုးစားဖြေရှင်းနေတဲ့ကာလမှာ အာဏာသိမ်းလိုက်တာဖြစ်တယ်လို့လည်း ဦးဝင်းမျိုးသူ က ထောက်ပြပါတယ်။

“အဲဒီလို NLD က ဆောင်ရွက်နေတဲ့ ကာလကြီးကို ဖြတ်ထုတ်လိုက်တော့ နဂိုကတည်းက ရောဂါကျွမ်းနေတဲ့ ဒီဘဏ်လောကဟာ သေဆုံးတဲ့ အနေအထားကို ရောက်သွားတာပေါ့။ အဓိကအချက်က ကုနေတဲ့ ဆေးကို ဘယ်သူဖယ်လိုက်တာလဲဗျာ”

ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်ကလည်း ၂ဝ၂၁-၂၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာပြည်ရဲ့ စီးပွားရေး ၆.၅ ရာခိုင်နှုန်းကျော် တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် ပညာရှင်အဖွဲ့အစည်းတွေက ခန့်မှန်းပြောဆိုနေတဲ့ကာလမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“အဲဒီလို အခြေအနေရောက်အောင် ဘယ်သူလုပ်လိုက်တာလဲ။ တကယ်ကတော့ ၂ဝ၂ဝ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်ရပြီးတော့ အခု ဒုတိယအကျော့သာ ဆက်ပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခွင့်ရမယ်ဆိုရင် ဗမာပြည်ရဲ့ စီးပွားရေးဟာ အညွန့်တလူလူနဲ့ ဖြစ်နေတဲ့စီးပွားရေး၊ နိုင်ငံတကာကနေပြီး ဗမာပြည်ရဲ့ စီးပွားရေး ကောင်းတော့မယ်လို့ မြင်နေတဲ့အချိန်မှာ သူက အာဏာသိမ်းလိုက်တာ။ အာဏာသိမ်းအစိုးရတရပ်ကို နိုင်ငံတကာ ဒီမိုကရေစီအင်အားစုကတော့ ဘယ်ကမှ လက်ခံမှာမဟုတ်ဘူး ပိတ်ဆို့ကြမှာ။ စစ်လက်နက်တွေ မဝယ်နိုင်အောင်၊ ကျည်ဆန်တွေ မဝယ်နိုင်အောင် အခုပိတ်ဆို့တာတွေတောင်မှ ကျနော်တို့အမြင်ပြောရရင် မလုံလောက်သေးပါဘူး”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်စီးပွားတိုးတက်အောင် ပြည်တွင်းဖြစ်အားပေးမှု အပါအဝင် ရေရှည်စီမံချက်တွေနဲ့ ဆောင်ရွက်မယ်လို့ အာဏာသိမ်း တစ်နှစ်ပြည့်မှာ ပြောကြားသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။