အပစ်ရပ်ကာလ ဗုံးကြဲမှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆၀ ကျော်သေဆုံး
စစ်တပ်က ယာယီအပစ်အခတ်ရပ်စဲခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ရန်ကုန်၊ ဧရာ၀တီနဲ့ နေပြည်တော်ကလွဲပြီး ကျန်ဒေသ ၁၂ ခုကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
-
RFA Burmese
2025-04-23 -
-
-
နိုင်ငံတကာက အပစ်အခတ်ရပ်စဲဖို့ ဖိအားပေး တောင်းဆိုမှုတွေရှိလာချိန် စစ်ကောင်စီတပ်က ငလျင်ဘေး ကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ နိုင်ငံတစ်ဝန်းကို ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ သီတင်းသုံးပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
ဒီအပစ်အခတ်ရပ်စဲရေးကို နောက်ထပ်တစ်ပတ် သက်တမ်းတိုးလိုက်ပြီး ဧပြီလ ၃၀ ရက်အထိ အပစ်ရပ်ထားမယ်လို့ စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက်မှာ ထပ်မံကြေညာပါတယ်။
ဒါပေမဲ့ ဧပြီလ ၂၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာပဲ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်လှုပ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်အခု စကားပြောနေတုန်း ဒီပဲယင်းမြို့နယ်မှာ လေကြောင်းကနေပစ်လို့ ပြည်သူငါးယောက် သေဆုံးသွားတယ်။ မြန်မာစစ်တပ်ကတော့ ဒီအတိုင်းပဲ သူတို့က ဘယ်တုန်းကမှ ယုံကြည်နိုင်စရာမရှိဘူး ကမ္ဘာကိုတော့ အပစ်အခတ်ရပ်စဲပါတယ်လို့ ပြောတယ်၊ ဒါက ဟန်ပြပဲ”
အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မဂျယ်ဦး၊ အသက် ၂၆ နှစ်အရွယ် အောင်ကျော်ကျော်၊ အသက် ၄၀ ကျော်အရွယ် ဒေါ်လုံး၊ အသက် ၄၅ နှစ်အရွယ် ကိုဆန်းဇော်နဲ့ အသက် ၈၀ အရွယ် ဒေါ်ဆောင်းတို့ ငါးဦးသေဆုံးခဲ့ပြီး နောက်ထပ် ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က ယာယီအပစ်အခတ်ရပ်စဲခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာလည်း ရန်ကုန်၊ ဧရာ၀တီနဲ့ နေပြည်တော်ကလွဲပြီး ကျန်ဒေသ ၁၂ ခုကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
RFAက ပြုစုထားတဲ့စာရင်းတွေအရ အပစ်အခတ်ရပ်စဲထားတဲ့ သီတင်းသုံးပတ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၆၁ ဦးသေဆုံးပြီး နောက်ထပ် ၂၉၉ ဦးဒဏ်ရာရခဲ့ပါတယ်။
သေဆုံးထိခိုက်မှု အများဆုံးက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၆၃ ဦးသေဆုံးပြီး ၁၀၆ ဦးဒဏ်ရာရခဲ့သလို မန္တလေးတိုင်းမှာ ၄၈ ဦးသေဆုံးပြီး ၈၅ ဦးဒဏ်ရာရခဲ့ပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးကို မိတ္ထီလာ၊ တံတားဦးနဲ့ မကွေးလေတပ်တွေကနေ ဂျက်တိုက်လေယာဉ်၊ Y-12နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအပြင် စက်တပ်လေထီးတွေသုံးပြီး တစ်နေ့ကို ၁၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေတာလို့ လေကြောင်းတိုက်ခိုက်မှု လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒီလိုတိုက်ခိုက်တဲ့အခါ ငလျင်ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသတွေကိုလည်း ချန်မထားပါဘူး။
ငလျင်ကြောင့် အဆောက်အအုံတွေပြိုကျလို့ သေဆုံး၊ ထိခိုက်မှုတွေရှိခဲ့တဲ့ မတ္တရာမြို့နယ် အိုင့်ဒိုင်ရွာ ဘုန်းကြီးကျောင်းဟာ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးနှစ်ပါးနဲ့ ရွာခံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဒုံးလက်နက် (Rocket)နဲ့ နှစ်ချက် ပစ်ပြီးတော့မှ ပေါင်တစ်ရာဗုံး တည့်တည့်ကျသွားတာ။ အဲ့ဒီဘုန်းကြီးကျောင်းက ပြီးခဲ့တဲ့ ငလျင်တုန်းက တစ်ကျောင်းလုံးပြိုထားပြီးတော့ အဆောင်လေး နှစ်ဆောင်ပဲ ကျန်တာ။ အဲ့ဒီကျန်တဲ့အဆောင်ပေါ် တည့်တည့်ကျသွားတာဗျာ၊ ငလျင်လှုပ်တုန်းကလည်း အဲ့ဒီကျောင်းက ဘုန်းကြီးတစ်ပါးပျံလွန်တော်မူသေးတယ်၊ လူနှစ်ယောက်က သစ်ပင်ပိပြီး သေသွားတာ”
အပစ်အခတ်ရပ်စဲရေး ကာလအတွင်း အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဆက်နွှယ်သော သတင်းများ
စစ်ခေါင်းဆောင်ရဲ့ ဘန်ကောက်ခရီးစဉ်အပြီး ဗုံးကြဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး
စစ်ကိုင်းနဲ့ ချင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ရက်တည်း သေဆုံး၊ ဒဏ်ရာရသူ ၇၀ ကျော်ရှိ
ငလျင်ဘေးကာလ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီတပ်ရဲ့ အပစ်အခတ်ရပ်စဲမှုဟာ နိုင်ငံတကာမှာ မျက်နှာကောင်းရဖို့ ဟန်ပြလုပ်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“မြေပြင်မှာတော့ ဒီအရပ်သား ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာတွေ စစ်ကြောင်းထိုးတာတွေ၊ ဒါတွေက လုပ်ကိုင်ဆောင်ရွက်နေတာတွေ တွေ့ရတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ဒီအပစ်အခတ်ရပ်စဲရေးက နိုင်ငံတကာမှာ မျက်နှာကောင်း ရချင်လို့ ဟန်ပြထုတ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ အခုလည်းပဲ သက်တမ်းတိုးတာဟာ ဟန်ပြသက်တမ်းတိုးတာ သာလျင်ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် နိုင်ငံတကာအနေနဲ့လည်း ဒီစာရွက်ပေါ်က စာသားတွေကိုပဲ ကြည့်နေလို့ မရဘူး။ လက်တွေ့မြေပြင်မှာ အမှန်တကယ် ဘာတွေဖြစ်နေလဲဆိုတဲ့ အချက်ကိုပါ ကြည့်ပြီးမှ ဒါကို မှန်မှန်ကန်ကန် သိမြင်နိုင်အောင် ကြိုးစားဖို့ အရေးကြီးတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကတော့ ဧပြီလ ၂၀ ရက်မှာ သက်တမ်းကုန်သွားပါပြီ။ နိုင်ငံရေးရည်မှန်းချက်အတွက် သက်တမ်းတိုးတော့မှာမဟုတ်ဘဲ စစ်ကောင်စီတပ်ဌာနချုပ်တွေနဲ့ စခန်းတွေကို ထိုးစစ်တွေ ဆက်လုပ်သွားမယ်လို့ ဦးနေဘုန်းလတ်က RFA ကိုပြောပါတယ်။
ဒါပေမဲ့ ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောက်ယှက်ဟန့်တားမှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း သူ့ရဲ့တပ်ဌာနချုပ်တွေနဲ့ စခန်းတွေကို တိုက်ခိုက်ရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်မှာ ဖော်ပြထားပါတယ်။