စစ်ခေါင်းဆောင်ရဲ့ ဘန်ကောက်ခရီးစဉ်အပြီး ဗုံးကြဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး

RFA Burmese
2025.04.21
စစ်ခေါင်းဆောင်ရဲ့ ဘန်ကောက်ခရီးစဉ်အပြီး ဗုံးကြဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၂၀၂၅ခုနှစ် ဧပြီလ ၁၉ ရက်တွင် တွေ့ရစဉ်။
Phyo Linko

အာဆီယံဥက္ကဋ္ဌနဲ့ စစ်ခေါင်းဆောင်တို့ ဧပြီ ၁၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွေ့ဆုံပွဲမှာ တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ ရပ်တန့်မသွားပါဘူး။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဧပြီ ၁၈ ရက်ကနေ ဧပြီ ၂၀ ရက်အထိ သုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦးသေဆုံးပြီး နောက်ထပ် ၉၀ ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးထိခိုက်သူတွေထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးဒုက္ခသည်စခန်းဟာ ဧပြီ ၁၉ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဧပြီ ၁၉ ရက်နေ့ ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်လောက်မှာ လေယာဉ်လာလာချင်း တန်းပြီးတော့ ပစ်တာ။ သုံးကြိမ်ဝဲတာဗျ၊ ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ ဗုံးသီးနှစ်လုံး၊ တစ်ကြိမ်ကြဲရင် ဗုံးသီးနှစ်လုံးနဲ့ နှစ်ကြိမ်ကြဲတယ်၊ rocket တွေနဲ့ပစ်တယ်ဗျ။ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်တယ်”

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ် PDF သုံးဦးနဲ့ အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက်သုံးနှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။

မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးရှောင်စခန်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo )
မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးရှောင်စခန်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo )

ဧပြီလ ၂၀ ရက်မှာ ကန့်ဘလူမြို့နယ် သင်တောရွာက ကုန်စုံဆိုင်လည်း ဗုံးကြဲခံလိုက်ရပြီး မိသားစုဝင်ခြောက်ဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပေါင် ၃၀၀ ဗုံးနဲ့ပစ်တာ၊ မနေ့က ညနေ ၆ နာရီ ၄၀ လောက်မှာဗျ။ အဲ့ဒါ ဒေါ်မူချို ကုန်စုံဆိုင်ကို ထိမှန်တာ၊ အဲ့ဒီ မိသားစုသေသွားတာ။ ယောက်ျားလေး သုံးဦး၊ မိန်းကလေး သုံးဦးဗျ”

ဒီတိုက်ခိုက်မှုအတွင်း အသက် ၂၀ အရွယ် မမိသေး၊ အသက် ၃၀ အရွယ် ကိုမင်းမင်း၊ ကိုဖိုးမော့၊ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဒေါ်ခင်မာနှင်း၊ ဒေါ်စောနဲ့ ဦးကျော်မင်းကြီးတို့ သေဆုံးခဲ့တာပါ။

ဒီအပြင် နောက်ထပ် အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာလည်း ဧပြီ ၁၈ ရက်မှာ  ဗုံးကြဲတိုက် ခိုက်ခံလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အရပ်သား ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပေါင် ၅၀၀ ကြဲသွားတယ်၊ စာသင်ကျောင်းဆောင်မှာ အဆောင်သေးအပါအဝင် အဆောင်သုံး ဆောင်ပျက်စီးသွားတယ်။ ပြည်သူက ယောက်ျားလေး လေးဦးနဲ့ မိန်းကလေး နှစ်ဦးထိတယ်။ အသက်အရွယ်က လူလတ်ပိုင်းတွေပါ။ ထိခိုက်ဒဏ်ရာကတော့ မပြင်းထန်ပါဘူး”

ဒီသုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ၃၇ ဦးသေဆုံးကာ ၄၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း တွေမှာလည်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။


ဆက်နွယ်သော သတင်းများ

အာဆီယံ ဥက္ကဋ္ဌနဲ့ NUG ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေး

မြန်မာမှာ တိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးရှိလာ


ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း လက်ခံဖြေဆို တာမရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဝေဖန်ပါတယ်။

“စစ်တပ်မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်၊ အဲ့ဒါက သူတို့အုပ်စိုးမှုကို သက်ဆိုးရှည်ဖို့ပဲ။ အဲ့တော့ ဘယ်လိုပဲ ညာရ ညာရ၊ ဘာတွေလုပ်ရ လုပ်ရ လုပ်မှာပဲ။ သူ အပစ်အခတ်ရပ်စဲရေး ပြောတယ်၊ မရပ်ဘူး။ အဲ့တော့ ဘာလုပ်ရမလဲ ၊ ကျွန်မတို့က ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ရုံပဲ။ စစ်တပ်ကို ယုံကို ယုံလို့မရဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ ငလျင်ဘေးကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ ယာယီ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းဆက်တိုးဖို့လည်း ဘန်ကောက်တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌက ကတိပြုခဲ့တယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါဟီဘရာဟင်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။