မတ္တရာ၊ စဉ့်ကူးနဲ့ တောင်သာကို ဗုံးကြဲလို့ ဒေသခံသုံးဦးသေ၊ ၁၂ ဦးဒဏ်ရာရ

RFA Burmese
2025.04.22
မတ္တရာ၊ စဉ့်ကူးနဲ့ တောင်သာကို ဗုံးကြဲလို့ ဒေသခံသုံးဦးသေ၊ ၁၂ ဦးဒဏ်ရာရ မတ္တရာမြို့နယ် အိုင့်ဒိုင်ရွာ ဘုန်းကြီးကျောင်း ၂၀၂၅ ခုနှစ် ဧပြီ ၂၁ရက်က ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ တောင်သာမြို့နယ်တွေကို စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သုံးဦးသေဆုံးပြီး ဘုန်းကြီးနှစ်ပါးအပါအဝင် ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အကြီးအကျယ်ထိခိုက်ခဲ့တဲ့ မတ္တရာမြို့နယ် အိုင့်ဒိုင်ရွာ ဘုန်းကြီးကျောင်းဟာ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးနှစ်ပါးနဲ့ ဒေသခံနှစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့  ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဒုံးလက်နက် (Rocket)နဲ့ နှစ်ချက် ပစ်ပြီးတော့မှ ပေါင်တစ်ရာဗုံးတည့်တည့်ကျသွားတာ။ အဲ့ဒီဘုန်းကြီးကျောင်းက ပြီးခဲ့တဲ့ ငလျင်တုန်းက တစ်ကျောင်းလုံးပြိုထားပြီးတော့ အဆောင်လေးနှစ်ဆောင်ပဲ ကျန်တာ။ အဲ့ဒီ ကျန်တဲ့အဆောင်ပေါ် တည့်တည့် ကျသွားတာဗျာ”

ငလျင်လှုပ်တဲ့အချိန်တုန်းကလည်း ကျောင်းပြိုပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့သလို လူနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စဉ့်ကူးမြို့နယ် ဇီးကုန်းရွာကိုလည်း ဧပြီလ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ​RFA ကိုပြောပါတယ်။

“ငါးနှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၆၀ အရွယ် တစ်ဦး၊ နောက်ထပ် ကျားတစ်ဦး၊ မတစ်ဦး။ စုစုပေါင်း ကျားနှစ်ဦး၊ မနှစ်ဦး ဒဏ်ရာရသွားတယ်ဗျ”

အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်ပေမဲ့ ကျန်သုံးဦးက ဒဏ်ရာမပြင်းထန်ဘူးလို့ သူက ပြောပါတယ်။

ဒီအပြင် တောင်သာမြို့နယ် ရွာသစ်သံဘိုရွာကိုလည်း ဧပြီလ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ စက်တပ်လေထီး သုံးစီးနဲ့ ဗုံး ၁၁ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ ဒေသခံသုံးဦးသေဆုံးပြီး နောက်ထပ်လေးဦးဒဏ်ရာရခဲ့တယ်လို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို RFA ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီတပ်က ငလျင်ဘေး ကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ ယာယီအပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ငလျင်ဒဏ်သင့်ဒေသတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။