စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ဒေသအချို့ လေကြောင်းသုံး ဗုံးကြဲ

စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်စဲထားမယ်လို့ကြေညာထားပေမဲ့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့တိုင်းတွေမှာ လေကြာင်းသုံးပြီး ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေက ရှိနေဆဲပဲလို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးကို ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပြောပါတယ်။
ဘာတိုက်ပွဲမှ မရှိဘဲ မနေ့က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာကြဲသွားတာလို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စကစ ကတော့ ကျွန်တော်တို့ မတ်လ ၃၁ ရက်နေ့တုန်းကလည်း စဉ့်ကူးမြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ အခု ဧပြီလ ၃ ရက်နေ့ရောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ သပိတ်ကျင်းကို လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်တယ်ဗျ။ ပြည်သူတွေ ဒုက္ခရောက်တဲ့အချိန်မှာ ထပ်ပြီးဒုက္ခရောက်အောင် လေယာဉ်နဲ့ ကြဲမြဲကြဲဆဲ ဖြစ်နေတယ်”
ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင် လူထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က မေးမြန်းခဲ့ရာမှာ စစ်ရေးကိစ္စဖြစ်လို့ သူ့အနေနဲ့ မသိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
“စစ်ဆင်ရေးကိစ္စတွေ ကျွန်တော်တို့ မသိပါဘူးနော်။ သပိတ်ကျင်းဆိုတော့ ကျွန်တော်တို့နဲ့ အလှမ်းလည်းဝေးတယ်။ စစ်ဆင်ရေးကိစ္စတွေဖြစ်လို့ ကျွန်တော်တို့မသိဘူးနော်”
အလားတူ စစ်ကိုင်းတိုင်း ကနီမြို့နယ်က နတ်ကြီး၊ အင်ချောင်၊ မုဌော စတဲ့ ရွာသုံးရွာနဲ့ ယင်းမာပင်မြို့နယ်က နှောပင်၊ ကျောက်မှော်၊ အင်းဘက်၊ ကျွန်းပေါ်စတဲ့ ရွာတွေကို စစ်ကောင်စီဘက်က ဧပြီ ၃ ရက်နေ့က စက်တပ်လေထီး (Paramotor) တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ကနီမြို့နယ်က ဘုရားစေတီတချို့နဲ့ ယင်းမာပင်မြို့နယ်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နတ်ကြီးရွာရယ်၊ တောင်မြောက်ရွာရယ်၊ မုဌောရွာရယ် သုံးနေရာ ပါရာမော်တာနဲ့ အဲဒီ ဗုံးလာကြဲတယ်ပေါ့နော်။ မုဌောရွာမှာကြတော့ စေတီပေါ်ကိုပစ်တာ။ စေတီတစ်ဆူရယ်။ အဲဒီစေတီအရှေ့က ကစွန်လို့ခေါ်တဲ့ ဓမ္မာရုံပေါ့နော်။ အဲဒီဓမ္မာရုံသွပ်မိုးတွေလည်းပေါက်သွားတယ်။ ဧပြီ ၃ ရက်နေ့ ညမှာတစ်ခါ တစ်ကြိမ်တက်လာပြီးတော့ ၉ နာရီခွဲခန့်မှာ ယင်းမပင်နယ် အရှေ့ခြမ်းက နှောပင်ရွာရယ်၊ ကျောက်မှော်ရွာရယ်၊ အင်းဘက်ရွာရယ် မနေ့ညက တုန်းက ငါးလုံးလာပြီးတော့ ဗုံးချတယ်။ ကျွန်းပေါ်ရွာက ပြည်သူတစ်ယောက်ပေါ့နော်။ အမျိုးသမီးတစ်ယောက် ခြေထောက်တွေ နှစ်ဘက်ထိခိုက်သွားတယ်”
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင်ရသူကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ မသိသေးလို့ ပြန်လည်ဖြေကြားပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီက နိုင်ငံတစ်ဝန်း ယာယီ အပစ်ရပ်ကြောင်း ကြေညာ
ငလျင် ကယ်ဆယ်ရေးအတွက် AA အပါအဝင် ညီနောင်သုံးဖွဲ့ အပစ်ရပ်ကြေညာ
တရုတ်ကြက်ခြေနီအသင်းရဲ့ ငလျင်အတွက်ထောက်ပံ့ရေး ယာဉ်တန်းကို စစ်ကောင်စီ ပစ်ခတ်
စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်းကြေညာတဲ့ ဧပြီလ ၂ ရက်နေ့မှာပဲ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီဘက်က စက်တပ်လေထီး (Paramotor) သုံးစီးနဲ့ ၁၂၀ မမ ဗုံးသီး ရှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အပစ်ရပ်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ဟာ လီဆယ်လှည့်ဖြားမှုသာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂ ရက်နေ့ညနေပိုင်းမှာပဲ ခမရ ၃၅၀ နဲ့ ခမရ ၄၄၀ တပ်တွေက ပဲခူးတိုင်း ရွှေကျင်မြို့နယ်က ညောင်ခြေ ထောက်ရွာကို ၈၁ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ပြည်သူပိုင်အိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီ ၄ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဧပြီလ ၃ ရက်နေ့မှာ မူး(မုန်း) မြို့နယ်၊ ဟောခို့ဂေါ် (ငထွေစုပ်) ကျေးရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၂၄ နှစ်အရွယ် ပြည်သူတစ်ဦးထိခိုက်ခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ တယ်လို့ KNU က ဆိုပါတယ်။
ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ အခုလို လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက် မှု တွေ ရှိနေတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) တို့ကလည်း ကာလတိုအပစ်အခတ်ရပ်စဲထားမယ်လို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။