ငလျင် ကယ်ဆယ်ရေးအတွက် AA အပါအဝင် ညီနောင်သုံးဖွဲ့ အပစ်ရပ်ကြေညာ
2025.04.01

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ ဒီကနေ့ ဧပြီ ၁ရက်ကစလို့ တစ်လကြာ အပစ်အခတ်ရပ်စဲလိုက်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှာ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ကိုးကန့်လို့လူသိများတဲ့ မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ ပါဝင်ပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေ ရှာဖွေ၊ကယ်ဆယ်ရေးလုပ်ငန်းတွေ စိတ်အေးလက်အေးလုပ်နိုင်ဖို့ ၊ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လိုလားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ဧပြီလ ၁ ရက်ကစလို့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေပြုလုပ်မှာမဟုတ်ဘဲ ဧပြီလကုန်အထိ အပစ်ရပ်လိုက်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နိုင်ငံတစ်ဝန်းက သူတို့ရဲ့ထိုးစစ်တွေကို နှစ်ပတ်ကြာအထိ ရပ်နားထားမယ်လို့ မတ်လ ၃၁ ရက်က ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကြေညာပြီး ငလျင်ဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ တောင်းဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဧပြီလ ၁ရက်မှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
ငလျင်ဘေးဒဏ်အကြီးအကျယ်ကြုံနေရချိန်မှာလည်း စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် ၊စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။