နိုင်ငံတစ်ဝန်း ထိုးစစ်ရပ်နားကြောင်း NUG ကြေညာ
2025.03.29

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ နိုင်ငံတစ်ဝန်းမှာ ထိုးစစ် ရပ်နားလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၂၉ ရက် ညမှာ ကြေညာပါတယ်။
မတ်လ ၃၀ ရက်ကစလို့ မိမိကိုယ်ကိုယ် ခုခံစစ်ကလွဲပြီး နှစ်ပတ်ကြာ ထိုးစစ်ရပ်နားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေး နဲ့ ကုသရေးလုပ်ငန်းတွေ အမြန်ဆုံးကူညီဖို့လည်း NUG က တိုက်တွန်းထားပါတယ်။
လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ယာယီကယ်ဆယ်ကုသရေးစခန်း ဖွင့်လှစ်ဖို့ တာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့ NUG က ထုတ်ပြန်ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအတွက် NUG အနေနဲ့ ကနဦး အမေရိကန်ဒေါ်လာ တစ်သန်း သုံးစွဲဖို့လျာထားတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ၁၆၆၄ ဦးသေဆုံးသွားပြီလို့ စစ်ကောင်စီက မတ်လ ၂၉ ရက် ညမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအပြင် ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။