ဥပဒေမဲ့သတ်ဖြတ်တဲ့စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း EAO တွေ ငြင်းပယ်
2021.08.11
နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးရေးလမ်းစဉ်ကို ပစ်ပယ်လို့ မရပေမဲ့ အာဏာသိမ်းပြီး အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် လက်ရှိအခြေအနေမျိုးမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မဖြစ်နိုင်ဘူး လို့ KNU နဲ့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ လက်နက်ကိုင်တွေကလွဲရင် မည်သည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့မဆို တွေ့ဆုံဆွေးနွေးလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာသိမ်း ခြောက်လပြည့် မိန့်ခွန်းမှာ ထည့်သွင်းဖိတ်ခေါ်သွားတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်း ခြောက်လပြည့်တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး အဲဒီအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သားဝတ်စုံဝတ်ပြီး စစ်ကောင်စီ သတင်းမီဒီယာတွေက တဆင့် လူထုကို ပြောကြားတဲ့မိန့်ခွန်းမှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေကလွဲပြီး မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆို တွေ့ဆုံဆွေးနွေးလိုတယ်ဆိုပြီး ဖိတ်ခေါ်ခဲ့တာဖြစ် ပါတယ်။
“တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုအရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA – Nationwide Cease fire Agreement) ချုပ်ဆို ခဲ့ကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုအပေါ်မှာ အဓိက အခြေခံဆွေးနွေးပြီး စာချုပ်ချုပ်ဆိုခဲ့တာပါ။ တပ်မတော်အနေနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အတိုင်း ခိုင်မာစွာရပ်တည်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်သွားဖို့ ကျွန်တော်ပြောလိုပါတယ်။ အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်”
နိုင်ငံရေးစားပွဲဝိုင်းတွေပေါ်က စေ့စပ်ဆွေးနွေးရေးလမ်းစဉ်ကို ပစ်ပယ်လို့မရပေမဲ့ အာဏာသိမ်းပြီး အရပ်သား တွေကို ဥပဒေမဲ့သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် လက်ရှိအချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင် ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုနိုင်ငံခြားရေးဋ္ဌာနပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က ရပ်တည်ချက်ရှိပြီးသားပါ။ အခုချိန်မှာ တွေ့ဆုံဆွေးနွေးရေး ဆိုရင်တော့ ဒီလိုကာလမျိုး မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူတကာ လျှောက် သတ်နေလို့ကတော့ တွေ့ဆုံဆွေးနွေးပွဲကို ဘယ်လိုမှ လက်ခံလို့မရဘူး။ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေးမှာ သူတို့နဲ့လုပ်ခဲ့တဲ့ အတွေ့အကြုံအများ ကြီး ရှိခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တွေ့ဆုံဆွေး နွေးပွဲကို ငြင်းတာတော့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ ဒီလိုလုပ်တဲ့လုပ်ရပ်မျိုး ကျတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ နောက်ပြီးတော့ လုံးဝ အယုံ အကြည်မရှိဘူး။ ဒါက အာဏာဆက်ထိန်းဖို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတာပါ”
KNU ဟာ NCA လက်မှတ်ထိုးထားပေမဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့အကြား ထိတွေ့ပစ်ခတ်မှုတွေဟာ နေ့စဉ်နီးပါးဖြစ်ပွားနေ ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၆ လအတွင်း သော်လဲထာနဲ့ သီးမူထာ တို့လို စခန်းသိမ်းတိုက်ပွဲတွေအပြင် တိုက်ပွဲ ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဘက်က ၄၀၀ နီးပါး ကျဆုံးခဲ့ပြီး KNLA ဘက်ကတော့ ၁၀ ဦးသာ ကျဆုံးခဲ့တယ်လို့လည်း KNLA တပ်မဟာ ၅ ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အရှေ့အနောက် ထိစပ်နေတဲ့ အိန္ဒိယနယ်စပ်နဲ့ တရုတ်နယ်စပ်ဒေသ တွေကို ခြေကုတ်ယူလှုပ်ရှားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန် ခံ ဗိုလ်မှူးကြီးနော်ဘူ ကလည်း လက်ရှိအချိန်မျိုးမှာ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သလို စစ်တပ်ခေါင်းဆောင် ပြောတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို သူ လုံးဝ အယုံအကြည်မရှိဘူးလို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ တိုင်းရင်းသားတွေ အမြဲတမ်းပြောနေတာကတော့ စစ်တပ် ပြောနေတဲ့ ဒီမိုကရေစီ စစ်တပ် ပြောနေတဲ့ ဖက်ဒရယ်ကတော့ ၂၀၀၈ အောက်က ဖက်ဒရယ်ကိုပဲ ပြောနေတယ်။ တိုင်းရင်းသားတွေဘက် ကတော့ မယုံကြည်ကြဘူး။ စစ်ကောင်စီဘက်က အပြောင်းအလဲတွေဖြစ်မှသာ ဆွေးနွေးရေးကတော့ ရှိနိုင်မယ်လို့ ကျွန်တော်ထင်တယ်"
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ကလည်း လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အဏာသိမ်းစစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားတယ် လို့ ဩဂုတ်လ ၁၀ ရက် မနေ့ကကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါ တယ်။
KIA ဟာ NCA လက်မှတ်မထိုးရသေးတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပေမဲ့ အာဏာ မသိမ်းခင်အထိ စစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီနောက်ပိုင်းကစလို့ ကချင်ပြည် နယ်မှာ ဌာနချုပ်လိုင်ဇာအနီးနဲ့ ရွှေကူ၊ ဖားကန့်၊ မြစ်ကြီးနား၊ မိုးမောက်မြို့၊ ဝိုင်းမော် စတဲ့မြို့နယ်တွေမှာ စစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေဟာ နေ့စဥ်လိုလို ဖြစ်ပွားနေပါတယ်။
"လူတကာ လျှောက်သတ်နေလို့ကတော့ တွေ့ဆုံဆွေးနွေးပွဲကို ဘယ်လိုမှ လက်ခံလို့မရဘူး"
အလော့ဘွမ်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအပါအဝင် ထိတွေ့ပစ်ခတ်မှုအကြိမ်ပေါင်း ၃၈၀ တိတိ ဖြစ်ပွား ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အပြန်အလှန် ထိခိုက်ဒဏ်ရာရရှိမှု စာရင်းတွေကိုတော့ သတင်းမီဒီယာတွေကို ထုတ်ပြောဖို့မရှိဘူးလို့ သူက ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team) PPST ကလည်း လက်ရှိအချိန် မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ဆိုင်းငံ့ဖို့ ဆုံးဖြတ်ထားတယ်လို့ PPST ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“ဒီ PPST က အခုဘယ်လိုသဘောထားလဲဆိုတော့ နိုင်ငံရေးဆွေးနွေးမှုတွေ ကိုတော့ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတော့ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအဆင့်ကိုတော့ လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး”
ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူသွားတာကြောင့် PPST ခေါင်းဆောင်ပိုင်း အပြောင်း အလဲဖြစ်ခဲ့ပေမဲ့လည်း စစ်တပ်နဲ့ နိုင်ငံရေးဆွေးနွေး မှုတွေ ရပ်ဆိုင်းထားရေးမူဝါဒကိုတော့ PPST က ဆက် လက်အတည်ပြုခဲ့ပါ တယ်။
NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ကယား ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ခြေကုတ်ယူထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP ( Karenni National Progressive Party ) ကလည်း စစ်တပ်နဲ့ ဆွေးနွေးဖို့မရှိဘဲ အရပ်သားတွေ အာဏာပြန်ရမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ KNPP အတွင်းရေးမှူး ခူးဒယ်နီယာ က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ တိုင်းရင်းသားဘက်က လက်ရှိစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အကြောင်းမရှိဘူး။ ဆွေးနွေးမှာ လည်း မဟုတ်ဘူး။ သို့သော် သူတို့အနေနဲ့ လူထုလက်ထဲကို အာဏာပြန်လွှဲမယ့်အခြေအနေရောက်မှသာလျှင် ကျွန်တော်တို့က လက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်”
KNPP ဟာ လက်ရှိမှာ ကယားပြည်နယ်အတွင်းက ဒေသခံအရပ်သားတွေစုဖွဲ့ထားတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့အဖွဲ့ လည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KNPP၊ KNDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲအကြိမ် ၄၀ ခန့် ဖြစ်ပွား ခဲ့ပြီး စစ်တပ်ဘက်က ၂၀၀ ခန့်ကျဆုံးကာ KNPP၊ KNDF ပူးပေါင်းတပ်တွေဘက်ကတော့ ဒုဗိုလ်တစ်ဦး အပါအဝင် ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ ခူးဒယ်နီယာ က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ NLD အစိုးရလက်ထက်မှာ ဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ရှိပါတယ်။
အဲဒီထဲကမှ KNU အပါအဝင် ၁၀ ဖွဲ့က NCA စာချုပ်ကို လက်မှတ်ထိုးထားပြီး KIA အပါအဝင် ၈ ဖွဲ့ကတော့ အခုချိန်ထိ လက်မှတ်မထိုးရသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့လုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေပေမဲ့ ထိရောက်မှု မရှိသေးဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေရှိကောင်းရှိပေမယ့်လည်း တကယ်တမ်းကျတော့ ဆွေးနွေးနိုင်ပြီးတော့ ရှေ့ကိုမြန်မြန်ရောက်သွားရင် ပိုကောင်းတဲ့အနေအထားမျိုး ရှိတယ်။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဖွဲ့တွေဖွဲ့ပြီးလုပ်နေတာတွေတော့ရှိတယ်။ ဆွေးနွေးညှိနှိုင်းဖို့လုပ်နေတာတွေလည်းရှိတယ် ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ရှေ့ကိုရောက်မလာသေးဘူး"
စစ်တပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးလက်ရော မြို့ပြမှာပါ ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ အခုလို အချိန်မျိုးမှာ စစ်တပ်နဲ့ဆွေးနွေးမယ်ဆိုရင် အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို သူ့ဒေသပြည်သူတွေကပါ လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံရေးဆောင်းပါးရှင် ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
“စစ်ကောင်စီအနေနဲ့ ရန်သူများမလာဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို ငြိမ်းချမ်း ရေးလမ်းစဉ်ပေါ် ဆက်ပြီးတင်ထားဖို့ သူတို့အ နေနဲ့ လိုလားတဲ့ ဆန္ဒပြင်းပြနေတာ။ ဒီကာလမှာ စစ်ကောင်စီက မြို့ပေါ်မှာ ပြည်သူလူထုကို သတ်ဖြတ်နေတယ်၊ ကျေးလက်မှာ ပြည်သူလူထုကို သတ် ဖြတ်ဖမ်းဆီးနေတယ်။ ဒီအခြေအနေတွေအောက်မှာ တိုင်းရင်းသားလက်နက် ကိုင်တွေဟာ စစ်ကောင်စီနဲ့သွားပြီး ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေလုပ်ရင် သူ့ဒေသ သူ့လူထုကတောင် လက်ခံနိုင်မယ့်အနေအထားမရှိဘူး"
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ နေ့စဥ်နီးပါး ဖြစ်ပွားနေပြီး အရပ်သားအစိုးရလက်ထက်က တိုက်ပွဲလုံးဝမရှိခဲ့တဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်း တိုင်းလို နေရာတွေမှာတောင် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။