မြန်မာနိုင်ငံမှာထုတ်သည် - ယာဘဆေးပြား
2019.07.18

အရှေ့တောင်အာရှက မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ methamphetamine စိတ်ကြွဆေးနဲ့ တနှစ်ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝ ရနေပြီး ရရှိတဲ့ အမြတ်အစွန်းတွေကို ဒေသတွင်းက မှိုလိုပေါက်နေတဲ့ ကာစီနို လောင်းကစားရုံတွေမှာ ငွေကြေးခဝါချကြတယ်လို့ ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
UNODC- ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစီရင်ခံစာထုတ်ပြန်တာဖြစ်ပြီး မြန်မာနိုင်ငံမှာထုတ်သည်ဆိုတဲ့ ယာဘဆေးပြားတွေဟာ အိမ်နီးချင်း မူးယစ်ဆေးဝါးဈေးကွက်သာမက သြစတေးလျနဲ့ ဂျပန်နိုင်ငံထိ ပျံ့နှံ့ရောက်ရှိအောင် ရာဇဝတ်ဂိုဏ်းတွေက အထောက်အကူပေးနေတယ်လို့ ပြောပါတယ်။
methamphetamine ဆေးပြားအများစုဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဝေးလံသီခေါင်ပြီး ဥပဒေအရ လက်လှမ်းမမှီတဲ့ နေရာတွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေကနေ ထုတ်လုပ်တာလို့ ပြောပါတယ်။
ဒီမူးယစ်ဆေးဝါးပြဿနာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖယ်ဒရယ်နဲ့ ကျွဲကူးရေပါ ပါလာသလိုပါပဲလို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။
ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ ကိုယ်တိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့် ရှိမယ်ဆိုရင် ပိုပြီးကိုင်တွယ် နှိမ်နင်းနိုင်ပါမယ် လို့လည်း ပြောပါတယ်။
မနှစ်ကဆို အရှေ့နဲ့ အရှေ့တောင်အာရှမှာ methamphine တန်ချိန် ၁၂ဝ ဖမ်းဆီးမိတယ် ဆိုတာကလည်း ဒေသဆိုင်ရာ ရဲထောက်လှမ်းရေးကရတဲ့ အချက်အလက်နဲ့ သိမ်းဆည်းရမိတဲ့ ပမာဏကို အခြေခံတာလို့ UNODC က ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းမိနေတာပါ။
ဒါကလည်း အိုင်တီခေတ်ဖြစ်နေတာမို့ မူးယစ်ဆေးမှောင်ခိုလမ်းအတိုင်း လူလိုက်မသွားတော့ဘူးလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလိှုင်းခမ်းက ပြောပါတယ်။
အဆင့်မြင့်လာတယ်လို့ပြောနိုင်တဲ့အပြင် နယ်စပ်တံခါးပေါက်တွေ လုံခြုံမှု သိပ်မရှိတော့ တရားမဝင်လမ်းတွေကနေ အများကြီးဝင်တာမို့ (ဓာတု) ပစ္စည်းတွေ အလွယ်တကူယူလာကြတယ်၊ ပြီးရင် ဖော်စပ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အားနည်းချက်ပေါ့နော်။ အဆိုးဆုံးကတော့ အဂတိလိုက်စားမှုရှိနေတာက တကယ့်အားနည်းချက်ကြီးဖြစ်နေတယ်လို့ တဆက်တည်းပြောပါတယ်။
ရွှေတြိဂံဒေသကထွက်တဲ့ ဘိန်းဖြူကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံရပြီး တရုတ်ကဈေးကွက်အကြီးမားဆုံးပဲလို့ UNODC- ကပြောပါတယ်။ ခုတော့ methamphetamine က ဝင်ငွေပိုရနေတာပါ။ မူးယစ်ဆေးဝါးလို့ပြောရင် နှစ်မျိုးရှိတယ်လို့ SNLD- ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ လူငယ်ရေးရာကော်မတီက စိုင်းလွိုင်ခမ်းပန်ကလည်း ပြောပါတယ်။
“မူးယစ်ဆေးဝါးတွေ ဘယ်ကလာလာ ဘယ်က ဖမ်းဆီးဖမ်းဆီး ရှမ်းပြည်နယ်က တရားခံကြီးကို ဖြစ်နေတာပေါ့နော်။ အရင်ကတော့ ဘိန်းစိုက်ပြီး ဘိန်းပင်ကရတဲ့ ဘိန်းမည်းတွေက တဆင့်ထုတ်တာပေါ့၊ ခုတော့ ဓာတုဆေးပြားတွေ ပိုများနေတယ်။ အဓိကတော့ ရာဘပေါ့၊ ဓာတုပစ္စည်း လေးငါးမျိုးလောက်နဲ့ နာရီပိုင်းအတွင်းဆေးပြားတွေထုတ်နိုင်တယ်။ ဈေးလည်းချိုတယ်။ ခုတကယ့်ပြဿနာက ဓာတုဆေးဝါးပါ”
UNODC အစီရင်ခံစာမှာတော့ ထိုင်း- မကာအိုနဲ့ တရုတ်နိုင်ငံတွေက ငွေရှင်တွေက ငွေကြေးပံ့ပိုးပေးပြီး ထိုင်ဝမ်ဓာတုပညာရှင်တွေက ဆေးပြားဖော်စပ်ပါတယ်။ မြန်မာ မူးယစ်ဆေးပြားထုတ်လုပ်သူတွေက မက် ဆေးပြားထုပ်တွေ ဖြန့်ဖြူးရောင်းချတယ်လို့ ဖော်ပြပါတယ်။
(RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် စုစည်းတင်ပြသည်)