မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးပြဿနာ
2023.01.24

ကိုလံဘီယာ၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးသုံးစွဲမှု ပြဿနာကို ထိပ်ပိုင်းကနေ အောက်ခြေအထိ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ချဉ်းကပ်ဆောင်ရွက်တဲ့အခါ သက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ ကျန်းမာရေး ထိခိုက်မှုတွေနဲ့လည်း ကြုံတွေရကြောင်း လေ့လာမှုအသစ်တစ်ရပ်က သတိပေးဖော်ပြပါတယ်။
ကိုကိန်း၊ ဘိန်းနဲ့ မက်သာဖက်တမင်း မူးယစ်ဆေးတွေဟာ လူမှုအသိုင်းအဝန်းတစ်ခုအတွင်း ဆင်းရဲသူတွေနဲ့ လူငယ်တွေကြားမှာ ပျံ့နှံ့နေတာပါ။ ဆင်းရဲပင်ပန်းတဲ့ အလုပ်မျိုးတွေ လုပ်ကိုင်ရတဲ့အခါ ခန္ဓာကိုယ်ပင်ပန်း နာကျင်မှုတွေကို ခံနိုင်ဖို့အတွက် မူးယစ်ဆေးတွေနဲ့ ဖြေဖျောက်ကြတာလည်း ဖြစ်ပါတယ်။
အဲဒီလို နေရာဒေသ မျိုးတွေမှာ မူးယစ်ဆေးတိုက်ဖျက်ရေးဟာ ပြဿနာဖြေရှင်းမှု မဟုတ်ဘဲ စီးပွားရေးသစ်တွေ လုပ်ငန်းသစ်တွေ ထူထောင်ပေးနိုင်မှသာ သူတို့ရဲ့ ဘဝတွေကို အသွင်ပြောင်းပေးနိုင်မှာဖြစ်ကြောင်းလည်း Third World Quarterly သုတေသနစာစောင်ရဲ့ လေ့လာချက်က ဆိုပါတယ်။ အဲဒီလေ့လာချက်ကို ဗြိတိန်နိုင်ငံ Exeter တက္ကသိုလ်က ဒေါက်တာ Maziyar Ghibli က ရေးသားခဲ့ပြီး မူးယစ်ဆေးထုတ်လုပ်မှု ကုန်သွယ်ရောင်းချမှုနဲ့ သုံးစွဲမှုသံသရာအကြောင်း တင်ပြထားတာ ဖြစ်ပါတယ်။
ဒေါက်တာ Maziyar နဲ့ နိုင်ငံတကာသုတေသနအဖွဲ့ဟာ ဘိန်း၊ ဘိန်းဖြူ နဲ့ ကိုကင်း မူးယစ်ဆေးတွေ ထုတ်လုပ်ရာ နယ်မြေတွေဖြစ်တဲ့ ကိုလံဘီယာ၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတွေမှာ နေထိုင်ကြသူတွေနဲ့ တွေ့ဆုံပြီး နက်နက်ရှိုင်းရှိုင်း အသေးစိတ် တွေ့ဆုံမေးမြန်းမှု အကြိမ် (၆၀) ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရဲ့ အဖွဲ့ဟာ ၂၀၁၈ နဲ့ ၂၀၂၀ ပြည့်နှစ်တွေအတွင်း ကိုကင်း စိုက်ပျိုးတဲ့ ကိုလံဘီယာ ဒေသခံအသိုင်းအဝန်းနဲ့ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မက်သာဖက်တမင်း စိုက်ပျိုးထုတ်လုပ်ရာ ကချင်နဲ့ ရှမ်းပြည်နယ်တွေအပြင် အာဖဂန်နစ္စတန်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါ့ပြင် အဲဒီဒေသတွေက တောင်သူလယ်သမားတွေ၊ ရပ်ရွာ ခေါင်းဆောင်တွေ ဒေသတွင်းနဲ့ နယ်စပ်ကျော် ကုန်သွယ်မှုတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေ၊ ရဲအရာရှိတွေ၊ လက်ရှိ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်ဟောင်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုဟာ မခန့်မှန်းနိုင်လောက်တဲ့ အဆင့်မှာရှိနေပြီး လေ့လာချက်တစ်ရပ်အရ အမေရိကန်ဟာ အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာသွားခဲ့တဲ့အတွက် အာဖဂန်နိုင်ငံအတွင်း မူးယစ်ဆေး စီးပွားရေးဟာ ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပအို့ဝ်လက်နက်ကိုင်အဖွဲ့က ၂၀၁၅ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တာဟာ ဘိန်းအပြင် တခြားမူးယစ်ဆေးတွေ ဒေသတွင်းကို ရောက်ရှိလာတာနဲ့ တိုက်ဆိုင်နေပါတယ်တဲ့။ ကချင်ပြည်နယ်က လယ်သမားကြီးတစ်ဦးကတော့ ငြိမ်းချမ်းရေးကြောင့် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ကျဆင်းမသွားကြောင်း အပစ်ရပ်ကာလ စတင်လိုက်တာနဲ့ တရုတ်တွေဝင်လာ သွားရေးလာရေး လွယ်ကူလာ မူးယစ်ဆေးတွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာခဲ့ကြောင်း အပစ်ရပ်တာကောင်းပေမဲ့ မူးယစ်ဆေးတွေ အဝင်မရပ်တာတော့ စိုးရိမ်ကြောင်း ပြောဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တရုတ်၊ ထိုင်းနဲ့ လာအိုနယ်စပ်က ဒေသခံတစ်ဦးကလည်း တောင်ကြီး၊ ပင်လောင်းနဲ့ ဆီဆိုင်ပတ်လည်က တချို့ရွာတွေမှာ ဘိန်းစိုက်တာ နည်းနည်းရှိပေမဲ့ အပစ်ရပ်ပြီးချိန်မှာ ဒီနယ်မြေတွေဟာ ပြည်သူ့စစ်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီး ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကလည်း ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ကြောင်း ဒေသခံတောင်သူတွေလည်း အခွန်အခတွေကြောင့် ပုံမှန်သီးနှံတွေအစား ငွေပိုပြီးရလွယ်တဲ့ ဘိန်းစိုက်ပျိုးရေးဘက်ကို ဦးလှည့်သွားခဲ့ကြတဲ့အတွက် အခုဆိုရင် ဘိန်းဖြူနဲ့ မက်သာဖက်တမင်းဟာ အရလွယ်တဲ့ မူးယစ်ဆေးဖြစ်နေပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တရုတ်၊ ထိုင်းနဲ့ လာအိုသုံးနိုင်ငံ ထိစပ်ရာဒေသက ကျေးရွာကိုယ်စားလှယ်တစ်ဦးက လည်း တောင်ကြီး၊ ပင်လောင်းနဲ့ ဆီဆိုင် တဝိုက်က ရွာတချို့မှာ ဘိန်းစိုက်ဧက နည်းနည်းရှိခဲ့ပေမဲ့ အပစ်ရပ် ပြီးတဲ့နောက်မှာတော့ အဲဒီနယ်မြေတွေမှာ ပြည်သူ့စစ်တွေရဲ့ ထိန်းချုပ်မှုအောက်ရောက်သွားပြီး ဘိန်းစိုက်ခင်းတွေနဲ့ မူးယစ်ဆေးတွေ အကန့်အသတ်မဲ့ ခွင့်ပြုထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။