ထောင်နဲ့အချုပ်တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာ များနေ

RFA Burmese
2023.07.15
ထောင်နဲ့အချုပ်တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာ များနေ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ဝန်းအတွင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံအနှံ့ ထောင်တွေနဲ့ရဲအချုပ်တွေက ရာဇဝတ်အကျဉ်းသားတွေကြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိတာတွေ၊ သုံးစွဲတာတွေ အရင်ထက်ပိုများနေတယ်လို့ မကြာသေးခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပြကြပါတယ်။

ထောင်တွေအချုပ်တွေဟာ ရဲနဲ့ ထောင်ဝန်ထမ်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲရှိတဲ့အတွက် မူးယစ်ဆေးကိစ္စတွေမှာ သူတို့ပါဝင်ပတ်သက်နေတယ်လို့လည်း ထောက်ပြကြပါတယ်။

ပဲခူးတိုင်း ပြည်မြို့ကအကျဉ်းထောင်မှာဆိုရင် မူးယစ်ဆေးဝါးကိစ္စတွေမှာ အကျဉ်းဦးစီးဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်လို့ ပြည်အကျဉ်းထောင်က လွတ်မြောက်လာပြီး ထိုင်း-မြန်မာနယ်စပ်ကို ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့်ဦး က RFA ကိုပြောပါတယ်။

“ ထောင်ထဲမှာက မူးယစ်ဆေးဝါး အရမ်းကိုဆိုးရွားနေတယ်။ တရားဝင်သုံးတဲ့ပုံစံမျိုးကို ထောင်အာဏာပိုင်တွေအရှေ့မှာ သုံးမပြရင်ပြီးရော။ ထောင်ထဲမှာနေတဲ့အခါကျတော့ အရာရှိတွေ ထောင်ဝန်ထမ်းတွေကလည်း သွားလာလှုပ်ရှားနေကြတာပဲလေ။ သူတို့တွေလည်းအနံ့တွေရတာပဲ။ မူးယစ်ဆေးဝါးအနံ့က သိသာတာပဲ။ WY အနံ့၊ ဆေးခြောက်အနံ့သိတာပဲ၊ ဒါပေမဲ့ ဘာမှဖြစ်မလာဘူး။ မသိချင်ဟန်ဆောင်ပေးထားတဲ့ အနေအထားမျိုးပေါ့။ နောက်ပြီးတော့ ထောင်ဝန်ထမ်းတစ်ယောက် တစ်ပွင့်နဲ့ အရာရှိတစ်ယောက်ဆို သူကိုယ်တိုင်လည်းသုံးတယ် သူကိုယ်တိုင်လည်း ထောင်ထဲကိုသွင်းတယ်” 

အဲဒီပြည်ထောင်မှာ အကျဉ်းသားတစ်ယောက် ဆေးကြောင်ပြီး အဆောင်ထဲမှာထွက်ပြေးလို့ အဲဒီနေ့က အကျဉ်းဦးစီးဝန်ထမ်းတွေက အဆောင်ထဲရှာဖွေစစ်ဆေးတဲ့အခါ စစ်ကောင်စီတပ်ကနေ ဗိုလ်ကြီးအဆင့်နဲ့ အကျဉ်းကျနေတဲ့သူဆီက မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းမိခဲ့တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ သူ့ကို တိုက်ပိတ် အပြစ်ပေးတာကလွဲလို့ တရားထပ်စွဲပြီး အရေးယူတာမရှိဘူးလို့လည်း ကိုမြင့်ဦးက ပြောပါတယ်။

“ စစ်တပ်က ဗိုလ်ကြီးအဆင့်နဲ့ ထောင်ကျလာတဲ့တစ်ယောက်၊ သူ့ဆီမှာ ICE တွေရော၊ WY တွေရော အများကြီးတွေ့တယ်။ သူ့ကို တိုက်ထဲကိုထည့်လိုက်တယ်။ ဒါပဲ။ ကျန်တဲ့ဟာ ဘာအရေးယူမှုမှမရှိဘူး”

ထောင်ထဲကို အဲဒီမူးယစ်ဆေးတွေ ဘယ်လိုသွင်းနေကြလဲဆိုတော့ ကိုမြင့်ဦးက...

“ အာဏာပိုင်နဲ့ ပေါင်းစားနေတဲ့အနေထားမျိုးကိုဖြစ်လာတယ်၊ အဓိက ကတော့ အဲဒီမူးယစ်ဆေးဝါးဝင်တဲ့ လမ်းကြောင်းကတော့ ကျွန်တော်ထင်တယ်၊ ထောင်ထဲမှာ အမှိုက်ပစ်တဲ့ကား ကိုလှကြိုင်ဆိုတာ၊ အဲ့မှာ တပ်ကြပ်ကြီးလှကြိုင်ဆိုတာရှိတယ်၊ သူ့ကားနဲ့များသောအားဖြင့်က သယ်တာများတယ်၊ ကားအဝင်အထွက်ဆိုတော့လေ၊ မစစ်တာများတယ် ”

ထောင်ထဲမှာ မူးယစ်ဆေးသုံးတာ လွတ်လပ်နေသလို စီးပွားဖြစ်နေကြတယ်လို့လည်း သူက ပြောပါတယ်။

“ အပြင်မှာဆေးချတာက အဖမ်းခံရနိုင်ချေရှိတယ်။ ထောင်ထဲမှာဆေးချတာက လုံးဝအဖမ်းမခံရဘူး၊ လွတ်မြောက်နယ်မြေလို ဖြစ်နေတယ်။ ထောင်ထဲမှာ စီးပွားလုပ်ပြီးတော့ကို တစ်လကို သိန်း ၃၀ လောက် အိမ်ပြန်ပို့နိုင်တဲ့သူကို ရှိတယ်”

မူးယစ်ဆေးဝါးဟာ ထောင်တွေမှာ ပျံ့နှံ့နေတာတင်မဟုတ်ဘဲ ရဲစခန်းတွေက အချုပ်တွေမှာလည်း ပေါများနေပြီး၊ အဲဒီလို အချုပ်ထဲကိုဆေးရောက်ဖို့ ရဲတပ်ဖွဲ့ဝင်တွေပတ်သက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသိန်းလွင်က ပြောပါတယ်။ 

“မူးယစ်ဆေးဝါးတွေဆိုရင်လည်း အဲဒီအချုပ်ထဲမှာ သူတို့ကိုယ်တိုင်ပဲသွင်းနေတာပါ။ သူတို့ကိုယ်တိုင်ကနေပဲ ဖြန့်ဖြူးနေတာပါ။ အထဲမှာ မူးယစ်ဆေးဝါးက တစ်အားကို ပေါများနေပါတယ်။ အပြင်မှာတောင်မှ အဲဒီဈေးနှုန်းတွေနဲ့ မရတဲ့ဈေးတွေနဲ့ အပြင်မှာ။ တချို့မိသားစုတွေဆိုရင် ဒီအထဲရောက်လာပြီးတော့ အဆင်ပြေမလားဆိုပြီးတော့ အဆင်မပြေဘူး။ ဒီထဲမှာရှိတဲ့ ဒီမူးယစ်ဆေးဝါးကောင်တွေ လူငယ်တွေကနေပြီးတော့ တစ်ခြား ဆေးမှုတွေ၊ ခိုးမှုတွေ၊ ဓားပြမှုတွေ သူတို့တွေကလည်း သူတို့မိသားစုတွေထဲမှာ မရ ရတဲ့နည်းနဲ့ ပိုက်ဆံတွေတောင်း ဒီအထဲမှာမူးယစ်ဆေးဝါးရှူ"

ဦးသိန်းလွင်ဟာ ၅၀၅ (က) ပုဒ်မနဲ့ တောင်ကလေးထောင်၊ တောင်ငူထောင်တွေမှာ တစ်နှစ်ကျော်နေခဲ့ရပြီး ပြန်လွတ်လာတဲ့သူဖြစ်ပါတယ်။

နေပြည်တော် အချုပ်ထောင်နဲ့ ရမည်းသင်းထောင်မှာ ၅၀၅ (က) ပုဒ်မနဲ့ ထောင် တစ်နှစ်ကျော်ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ အမည်မဖော်လိုသူ သတင်းမီဒီယာသမားတစ်ဦးကလည်း အကျဉ်းထောင်နဲ့ အချုပ်ဆောင်တွေထဲမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲနေကြတာတွေနဲ့ ပတ်သက်လို့ သူသိခဲ့တာကို ပြောပြပါတယ်။

“မူးယစ်ဆေးဝါးတွေ ဘယ်လမ်းကြောင်းကနေ ဝင်သလဲလို့ ကြည့်တဲ့အခါကျတော့ ဝန်ထမ်းတွေဆီကလည်း ဝင်တယ်။ နောက်အကျဉ်းသားတွေဆီကလည်း ပုံသဏ္ဍာန်မျိုးစုံနဲ့ မူးယစ်ဆေးဝါးတွေကို ထောင်ထဲကိုထည့်တယ်။ မူးယစ်ဆေးဝါးတစ်ပြားကို အပြင်မှာ ၁၅၀၀ ဆိုရင် အကျဉ်းထောင်ထဲမှာ တစ်ပြားကို တစ်သောင်းလောက်ပေါက်တယ်ပေါ့နော်။ အဲ့ခါကျတော့ အကျိုးစီးပွားက အရမ်းကြီးတဲ့အခါကျတော့ ဝန်ထမ်းတွေကရော ဒီနှစ်ကြီးသမားတွေ ပြီးတော့ အပြင်ကိုအမှုထွက်နေတဲ့သူတွေ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးနဲ့ကျတဲ့သူတွေ ထောင်မှာ လူမိုက်လိုလို ဘာလိုလိုတွေပေါ့ အဲ့လိုလူတွေကနေပြီးတော့ သွင်းကြတာပေါ့နော် ”

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မူးယစ်ဆေးသုံးနေသူတစ်ဦးအား ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မူးယစ်ဆေးသုံးနေသူတစ်ဦးအား ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုလို အကျဉ်းထောင်တွေထဲမှာ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ပတ်သက်လို့ ဘယ်လိုကိုယ်တွယ်ဖြေရှင်းလုပ်ဆောင်နေတယ်ဆိုတာကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မူးယစ်ဆေးဝါးကိစ္စက အင်းစိန်ဗဟိုအကျဉ်းထောင်ထဲမှာလည်း ရှိနေတယ်လို့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသူတစ်ဦးကပြောပါတယ်။

“သမီးတို့ မိန်းမကျဆောင်ဘက်မှာဆိုရင် မိန်းမအကျဉ်းဦးစီးဝန်ထမ်းတွေ ထောင်တန်းစီးမတွေက ယောကျာ်းဆောင်နဲ့ ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးသွင်းပေးတယ်၊ ရောင်းပေးတယ်၊ ရှာဖွေရေးဝင်တယ်ဆိုရင် စိုက်ခင်းတွေထဲမှာ ဖွက်ထားပေးတယ်၊ သမီးတို့ နိုင်ငံရေးအမှုတွေကိုတော့ မူးယစ်ဆေးနဲ့ပတ်သက်တာ လာမဆွယ်ရဲကြဘူး၊ ပြစ်မှုနဲ့ကျနေသူတွေကတော့ ဆေးသုံးတာတချို့ရှိတယ်” 

အချုပ်တွေထောင်တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသုံးစွဲတာဟာ အစိုးရအဆက်ဆက်မှာ ရှိနေခဲ့ပါတယ်။ တချို့မူးယစ်ရာဇာတွေက ထောင်ကျအောင်တမင်ဖန်တီးလုပ်ယူပြီး ထောင်ထဲနဲ့ ထောင်ပြင်ချိတ်ဆက်ရောင်းဝယ်တာတွေလည်းရှိတယ်လို့ အကျဉ်းသားဟောင်းတွေကပြောပါတယ်။

စစ်တပ်အာဏာထပ်သိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ အကျဉ်းထောင်တွေထဲမှာ မူးယစ်ဆေးဝါးကိစ္စ အရေးယူတာမျိုးမတွေ့ရဘဲ နိုင်ငံရေးအကျဉ်းသားတွေကိုပဲ စောင့်ကြည့်တင်းကျပ်ဖိနှိပ်တာတွေ ရှိတယ်လို့ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။