DKBA ထိန်းချုပ်နယ်မြေက ဒုစရိုက်ဂိုဏ်းမှာ နိုင်ငံခြားသား ထောင်နဲ့ချီပိတ်လှောင်ခံရဆဲ
2023.12.31

ကရင်ပြည်နယ် မြဝတီခရိုင်မှာရှိတဲ့ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ကျေးရွာက ကာစီနိုလောင်းကစားရုံနဲ့ ငွေလိမ်ဂိုဏ်းတွေမှာ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေ ပိတ်လှောင်ခိုင်းစေခံနေရပြီး ကယ်ဆယ်ပေးဖို့ လိုအပ်နေတယ်လို့ ငွေလိမ်ဂိုဏ်းက လွတ်မြောက်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကျောက်ခက်ရွာမှာ ကာစီနိုလောင်းကစားရုံ နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ၄၀ လောက်ရှိပြီး အဲဒီမှာ နိုင်ငံခြားသား သုံးထောင်ကနေ ငါးထောင်အထိ ခိုင်းစေခံနေရတယ်လို့ သူကပြောပါတယ်။ ကုမ္ပဏီတစ်ခုမှာ လူအယောက် ၈ဝ က ၁၅၀ ထိ ရှိပါတယ်။
ဒီလူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကုမ္ပဏီတွေမှာ လုပ်ငန်းကြီးကြပ်၊ မန်နေဂျာနဲ့ ကွန်ပျူတာကျွမ်းကျင်အလုပ်တွေ ရမယ်လို့ စည်းရုံးခံရပြီး ငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံရသူတွေလည်း ဖြစ်ပါတယ်။
မြန်မာ၊ အီသီရိုးပီးယား၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန် စတဲ့ နိုင်ငံစုံကလူတွေ ရောင်းစားခံရတယ်လို့လည်း ဆိုပါတယ်။ သူလုပ်ခဲ့တဲ့ ကုမ္ပဏီမှာ အီသီရိုးပီးယားလူမျိုး အများဆုံးရှိပြီး ၆၀ ကျော်လောက်ရှိတယ်လို့ အမည်မဖော်လိုသူ အမျိုးသမီးက ပြောပါတယ်။
မြန်မာဝန်ထမ်းတွေကို ငွေလိမ်ဂိုဏ်း လုပ်ငန်းကြီးကြပ်သူတွေက မနှိပ်စက်မညှဉ်းပန်းပေမဲ့ နိုင်ငံခြားသားတွေကို ဒိုက်ထိုးခိုင်းတာ၊ ကွင်းထဲ ပတ်ပြေးခိုင်းတာ၊ နေပူထဲ မတ်တပ်ရပ်ခိုင်းတာတွေအပြင် လျှပ်စစ်ရှော့ခ်လည်း တိုက်တယ်လို့ ဆိုပါတယ်။ ခိုင်းစေတဲ့အတိုင်း မလုပ်နိုင်ရင် အမှောင်ခန်းထဲ လက်ထိပ်ခတ်၊ အစာမကျွေးဘဲ သတ်ပစ်တာမျိုးတွေအထိလုပ်နေလို့ သူတို့ကို ကယ်ဆယ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
သူက မြန်မာဖြစ်လို့ ဖုန်းအသိမ်းမခံရပေမဲ့ နေ့တိုင်းစစ်တဲ့အကြောင်း၊ ခြံဝင်းထဲမှာ ဓာတ်ပုံလုံးဝရိုက်လို့မရဘဲ နေရာအနှံ့ စောင့်ကြည့်ကင်မရာတွေ တပ်ထားပြီး DKBA လက်နက်ကိုင်တွေ စောင့်ကြည့်နေတဲ့အကြောင်း၊ KTV၊ ကာစီနို၊ ထိုင်းပြည့်တန်ဆာ အိမ်တွေနဲ့ တရုတ်သူဌေးတွေ နေဖို့ တိုက်တွေ၊ ဟိုတယ်၊ အလုပ်သမားတိုက်တန်း၊ ထမင်းစားဆောင်နဲ့ စားသောက်ဆိုင်တန်းတွေ ရှိတဲ့အကြောင်း သူက ပြောပါတယ်။
လက်ရှိမှာလည်း လောင်းကစားရုံနဲ့ ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦအသစ်တွေ တိုးချဲ့ ဆောက်လုပ်နေတယ်လို့ ပြောပါတယ်။
DKBA တပ်ဖွဲ့ဝင်တွေက ခြံဝင်းလုံခြုံရေး၊ တရုတ်လုပ်ငန်းရှင်တွေက လုပ်ငန်းလုံခြုံရေးယူပြီး လုပ်ငန်းကြီးကြပ်သူတွေက မပြတ်စောင့်ကြည့်နေတာလို့လည်း ဆိုပါတယ်။
ဒီတရုတ်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမဲ့ အစီအစဉ်ရှိ-မရှိ မေးမြန်းဖို့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မင်းကျော်သူကိုလည်း ဆက်သွယ်ပေမဲ့ တယ်လီဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွန်ကြားရေးမှူး ဗိုလ်ချုပ် ဂျက်ကာပေါင် ဂျာပန်ပန်း နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကတော့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်က တွေ့ဆုံချိန်မှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနဲ့ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နှင်းရေးတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ၂၀၂၃ ဒီဇင်ဘာ ၃၁ရက် နေ့အထိ ထိုင်း-မြန်မာနယ်စပ် မြဝတီ မဲဆောက်တစ်ဝိုက် ကျားဖျန့်ဒုစရိုက်ဂိုဏ်းတွေ ကျက်စားတဲ့ မြဝတီ၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး KK Park၊နဲ့ ကျောက်ခက် ကိုစိုင်းကာစီနိုတွေမှာ လုပ်ငန်းတွေ ပုံမှန်လုပ်ကိုင် လည်ပတ်နေတုန်းပဲလို့ မြဝတီဒေသခံတွေက ပြောပါတယ်။