ငွေလိမ်လုပ်ငန်းမှာ ခိုင်းစေခံရသူ လေးရာကျော် ထိုင်းကို လွှဲပေးဖို့ အသင့်ရှိနေပြီလို့ DKBA ပြော

RFA Burmese
2025.03.05
ငွေလိမ်လုပ်ငန်းမှာ ခိုင်းစေခံရသူ လေးရာကျော် ထိုင်းကို လွှဲပေးဖို့ အသင့်ရှိနေပြီလို့ DKBA ပြော အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာမှာလည်ပတ်နေတဲ့ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသား ၄၄၃ ယောက်ကို ထိုင်းနိုင်ငံဘက်လွှဲပြောင်းပေးဖို့ အသင့်ရှိနေတယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး စောဆန်းအောင်က မတ် ၅ ရက်က ပြောကြားလိုက်ပါတယ်။ DKBA နဲ့နီးစပ်တဲ့ မြန်မာသတင်းသမားတချို့ကို ပြောကြားတာ ဖြစ်ပါတယ်။

" နိုင်ငံပေါင်း ၂၂ နိုင်ငံ သူတွေကိုပို့ဖို့ ဒီနေရာမှာ စုထားတယ်၊ လက်ရှိ ၄၄၃ ယောက် ရှိတယ်ပေါ့လေ။ ဒီလူတွေ ကျွန်တော်တို့ တကယ်ပို့ဖို့ ဟုတ်ကြောင်း၊ မှန်ကန်ကြောင်းဆိုတာ ဆရာတို့ကို ကျွန်တော်တို့ ပွင့်လင်းမြင် သာချပြတာပေါ့ "

အီသီယိုးပီးယား၊ ကင်ညာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ လာအို အပါအဝင် နိုင်ငံစုံက လူတွေကို ထိုင်းနိုင်ငံဘက် ပြန်လွှဲပေးဖို့ အသင့်ရှိနေတာပါ။ အီသီယိုးပီးယား နိုင်ငံသား ၂၅၂ ယောက်ပါဝင်တဲ့ အဲဒီ လူ လေးရာကျော်ကို လွှဲပြောင်းတဲ့အခါ DKBA အနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ မြန်မာစစ်ကောင်စီက ဖိအားပေးတယ်လို့လည်း ပြောပါတယ်။

" ဒီလူတွေကို ကျွန်တော်တို့နည်း၊ ကျွန်တော်တို့ဟန်နဲ့ ပြန်ပို့ဖို့ဆိုတာ မလွယ်ဘူး၊ သူတို့ဘယ်လမ်းကလာမှန်းလည်း ကျွန်တော်တို့ မသိဘူးလေ၊ ကျွန်တော်တို့ မပို့တတ်ဘူး၊ ထိုင်းကလာတယ်ဆို ထိုင်းကိုပို့တတ်တာပေါ့၊ ထိုင်းကလည်း လက်မခံ၊ စစ်အစိုးရနဲ့လည်း ဥပဒေနဲ့ မကိုက်ညီ။ မလုပ်ပါနဲ့ ကျွန်တော်တို့ပြောတော့လည်း ကျွန်တော်တို့ လိုက်နာရတယ်ပေါ့၊ ကျွန်တော်တို့ကတော့ ready (အဆင်သင့်) ဖြစ်ပြီ၊ နေပြည်တော်က လူကြီးတွေ ကျွန်တော်တို့ကို အပြစ်တင်မှာကြောက်တယ်၊ နားထောင်ရတယ်ပေါ့လေ၊ ငါတို့ပြောသလိုမလုပ်ဘူး၊ လေယာဉ်နဲ့ပစ်မှာလည်း ကြောက်တယ်လေ"


ဆက်နွှယ်သောသတင်းများ

ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေရှိရင် အကြောင်းကြားဖို့ DKBA ပြော

လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို လွှဲပြောင်းပြီးနောက် ငွေလိမ်လုပ်ငန်းတွေ ရှင်းလင်းရေးဆက်လုပ်သွားမယ်လို့ DKBA ပြော

လူကုန်ကူးမှုနှိမ်နင်းရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ DKBA ပြော


လတ်တလော DKBA တပ်ဖွဲ့က ငွေလိမ်လုပ်ငန်းက အလုပ်သမားတွေကို ရှာဖွေဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက် ပြန်လွှဲပို့ဖို့ လုပ်နေပေမယ့် အဲဒီလို ပြန်လွှဲတဲ့လူတွေထဲမှာ ထိုင်းနဲ့ တရုတ်နိုင်ငံသားတွေ မပါဘူးလို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“အခုပြန်ပို့မယ့် လူ လေးရာကျော်မှာ တရုတ်နဲ့ ထိုင်းတွေ မပါဘူး ၊ အရင်တစ်ခေါက်ပို့တဲ့ လူနှစ်ရာကျော် ထိုင်းစစ်တပ်ဘက်လွှဲတုန်းကလည်း ထိုင်းနဲ့ တရုတ်တွေ မပါဘူး၊ ထိုင်ဝမ် နှစ်ယောက်ပဲပါတယ်၊ ကပ္ပလီတွေ၊ ပါကစ္စတန်တွေပဲ ပါတယ်လေ၊ သူတို့ ကျားဖြန့်ရုံတွေမှာ ထိုင်းတွေ၊ တရုတ်တွေ ဆက်ရှိနေတယ်၊ အလုပ်ဆက်လုပ်နေရတယ်၊ အပြင်ပေးမထွက်ဘူး၊ ထိုင်းနဲ့ တရုတ် ရှိတဲ့ရုံတွေ စစ်တာဖမ်းတာ မရှိဘူး"

ကျောက်ခတ်ဒေသက ငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေဖို့ လူကုန်ကူးတဲ့သူတွေကို ညှဉ်းပန်းမနှိပ်စက်ဖို့ သတိပေးထားပေမဲ့ ညွှန်ကြားချက်တွေကို မလိုက်နာသူတွေကို ရှင်းထုတ်နေတယ်လို့လည်း ဗိုလ်ချုပ်ကြီး စောဆန်းအောင်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာက တရုတ်ငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံထားရသူတချို့အား စိစစ်နေသည်ကို တွေ့ရစဉ်။ (Photo : Citizen Photo)
မြဝတီမြို့တောင်ဘက် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာက တရုတ်ငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံထားရသူတချို့အား စိစစ်နေသည်ကို တွေ့ရစဉ်။ (Photo : Citizen Photo)

ကျောက်ခတ်ဒေသက ငွေလိမ်လုပ်ငန်းမှာ ခိုင်းစေခံရသူတွေကို သုံးလအတွင်း DKBA က အပြီးအပြတ် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေပေမဲ့ ထိုင်းနိုင်ငံအတွက် အခက်အခဲရှိနေတယ်လို့ DKBA ဗိုလ်ချုပ်ကြီး စောဆန်းအောင်က ပြောပါတယ်။

"လူများတော့ နေရာထိုင်ခင်းမရှိဘူးတစ်ချက် ၊ နောက်တစ်ချက် အုတ်အော်သောင်းနင်း အပ်မယ်ဆိုလို့ရှိရင် ထိုင်းအစိုးရကလည်း လူပေါင်းစုံ လက်မခံတော့ဘူးထင်တယ်၊ သူလက်ခံရင်တောင်မှ သူ့နိုင်ငံကိုလာတောင်းတဲ့သူလောက်ပဲ သူပြန်လက်ခံတယ်။ အဲဒါကြောင့် အချိန်ကြာတာဖြစ်မယ်။ ဒီလူတွေအကုန်လုံး ကျွန်တော်တို့ သွားအပ်လိုက်ရင် တောင်းတဲ့လူမဟုတ်ရင် သူ့လက်ထဲမှာ သောင်တင်နေမယ် "

ကျောက်ခတ်ဒေသ ငွေလိမ်လုပ်ငန်းက အလုပ်သမား ၂၆၁ ယောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေလက် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီနောက် လူကုန်ကူးခံရသူ ၄၄၃ ယောက်ကို DKBA က ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ဒီလူတွေကို ပြန်လည်လွှဲပြောင်းမပေးခင် ကျွေးမွေးစောင့်ရှောက်ထားရတာ ခုဆို သီတင်းသုံးပတ်လောက် ရှိနေပြီလို့လည်း DKBA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။