လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို လွှဲပြောင်းပြီးနောက် ငွေလိမ်လုပ်ငန်းတွေ ရှင်းလင်းရေးဆက်လုပ်သွားမယ်လို့ DKBA ပြော

RFA Burmese
2025.02.12
လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို လွှဲပြောင်းပြီးနောက် ငွေလိမ်လုပ်ငန်းတွေ ရှင်းလင်းရေးဆက်လုပ်သွားမယ်လို့ DKBA ပြော အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။
Citizen Photo

ဖိလစ်ပိုင်၊ ကင်ညာ၊ တရုတ်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ နီပေါ၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံပေါင်း ၂ဝ က နိုင်ငံခြားသား ၂၆၁ ဦးကို ထိုင်းအာဏာပိုင်တွေဆီ ဖေဖော်ဝါရီ ၁၂ရက်နေ့က လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၃၉ ဦးပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီ ၂၆၁ ဦးထဲမှာ အီသီယိုးပီးယားနိုင်ငံက ၁၃၈ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

သူတို့ဟာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ မြဝတီမြို့ ကျောက်ခတ်ကျေးရွာက ငွေလိမ်လုပ်ငန်းပေါင်း ၄ဝ ကျော်မှာ အလုပ်ခိုင်းစေခံနေရသူတွေဖြစ်တယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး စောဆန်းအောင်က ပြောပါတယ်။

ဘန်ကောက်ပို့စ်သတင်းမှာတော့ သူတို့ဟာ KK Park နဲ့ ရွှေကုက္ကိုက ဖျော်ဖြေရေးလုပ်ငန်းတွေဆီ လူကုန်ကူးခံထားရသူတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

DKBA ထိန်းချုပ်နယ်မြေအတွင်း ညှဉ်းပန်းနှိပ်စက်အလုပ်ခိုင်းစေနေသူတွေကို ဆက်ပြီးရှာဖွေရှင်းလင်းသွားမယ်လို့ ဗိုလ်ချုပ်ကြီး စောဆန်းအောင်က ပြောပါတယ်။

"ဖိနှိပ်ခြင်း ၊ စော်ကားခြင်း ၊ ကူးသန်းရောင်းဝယ်ခြင်း ၊ ဒီလုပ်ရပ်တွေဆက်ရှိနေရင် ကျွန်တော်တို့ တိုက်ဖျက်မယ်၊ နောက်နောင် အဲဒီလိုလုပ်ငန်းစဉ်ဆိုလည်း မောင်းထုတ်သွားမယ်၊ လက်မခံဘူး စိတ်ကူးတယ် သမရိုးကျ အာဇီဝကျကျ အိမ်ယာလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်း ၊ ခရီးသွားအပန်းဖြေလုပ်ငန်း ၊ အဲဒီလိုလုပ်နေတဲ့သူတွေကျတော့ သူ့ဟာသူဆက်ပြီးတော့သွားမယ် ကျွန်တော်တို့လည်း ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်သလို ဝန်းရံမယ်ပေါ့နော်”

လူကုန်ကူးခံထားရသူအတော်များများမှာ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောဆန်းအောင်က ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေရှိရင် အကြောင်းကြားဖို့ DKBA ပြော

ကျားဖြန့်လုပ်ငန်းတွေမှာ ခိုင်းစေခံရတဲ့ နိုင်ငံခြားသား ၆၀ ကျော်ကို ထိုင်းစစ်တပ်ထံ BGF လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ရှစ်ထောင်လောက် ပြန်ပို့ဖို့ BGF စီစဥ်


ကျောက်ခတ်ကျေးရွာထဲမှာ အခုလိုလုပ်ငန်းတွေကို စစ်ဆေးတာတွေ ပြန်ပို့တာတွေ ဆက်လုပ်သွားမယ်လို့ DKBA ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝ က ပြောပါတယ်။

"မကောင်းတဲ့ဟာကို အကောင်းပြန်ပြီးတော့လုပ်ရမယ်၊ လုပ်ကိုလုပ်ရမယ် စစ်ဆေးတာတွေကတော့ နောက်ထပ်လာဦးမှာပေါ့၊ ကျွန်တော်တို့ နိုင်ငံ ၊ ကျွန်တော်တို့ ရွာသူ၊ ရွာသား မကောင်းတဲ့ဟာကို အနိုင်ကျင့်တဲ့ဟာတွေကိုလည်း အားလုံးကိုပြန်ပို့ဖို့ဟာကို မီဒီယာကို အသိပေးတယ်"

ထိုင်းဘက်ကို လွှဲပြောင်းပေးလိုက်တဲ့ လူပေါင်း ၂၆၁ ယောက်ကို DKBA က ဘတ်ငွေ သုံးထောင်စီ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

DKBA တပ်ဖွဲ့က လူကုန်ကူးခံရသူ ၂၆၁ ဦးကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွှဲအပ်တာနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။ (Citizen Photo)
အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။ (Citizen Photo)

အခု ပြန်ပို့လိုက်တဲ့သူတွေကို ထိုင်းအာဏာပိုင်တွေဘက်က အချက်အလက်စီစစ်တာနဲ့ မြန်မာစစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေလုပ်ထုံးလုပ်နည်းတွေ၊ စာရင်းအချက်အလက်တွေနဲ့ အညီစစ်ဆေးခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးစောဆန်းအောင်က ပြောပါတယ်။ လူကုန်ကူးခံလာရသူ ဝင်လာတဲ့ လမ်းကြောင်းတွေနဲ့ နိုင်ငံအလိုက်၊ သံရုံးအချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးခဲ့ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

DKBA လွှဲပေးလိုက်တဲ့ လူ ၂၆၁ ဦးကို စစ်တပ်သုံးစစ်ကား ၁၀ စီးနဲ့ ထိုင်းအာဏာပိုင်တွေက ဖုဖရမြို့နယ် ထိုင်းတော်ဝင်စစ်တပ်စခန်းဆီ ခေါ်ဆောင်သွားပါတယ်။ အဲဒီကနေတစ်ဆင့် တာ့ခ်ခရိုင်က လူမှုဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဌာနတာဝန်ရှိသူတွေက လူမှုရေးစင်တာတွေဆီ ပို့ဆောင်ကာ စစ်ဆေးမေးမြန်းသွားမယ်လို့ ပြန်လွှဲပို့ခံရသူတွေ လွတ်မြောက်ရေး လိုက်ပါကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။ စစ်ဆေးပြီးနောက် တစ်ပတ်အတွင်း သက်ဆိုင်ရာနိုင်ငံအသီးသီးကို လေယာဉ်နဲ့ ပြန်ပို့မယ်လို့လည်း သူက ဆိုပါတယ်။

အခုလို ပြန်လွတ်လာသူတွေကို ထိုင်းအာဏာပိုင်တွေက သူတို့ရဲ့အတွေ့အကြုံတွေနဲ့ လူကုန်ကူးခံရသူတွေ ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းပြီး လိမ်လည်မှုတွေမှာ ပါဝင်သူတွေ မဟုတ်ရင် သူတို့နိုင်ငံတွေဆီ ပြန်ပို့သွားမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။ (Citizen Photo)
အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။ (Citizen Photo)

ဒါ့အပြင် မြန်မာဘက်က ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေကို ထိုင်းနိုင်ငံဆီ လွှဲပြောင်းဖို့ စီစဉ်နေပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေက လက်မခံရင် ထိုင်းကလည်း မြန်မာကနေ ပြန်ပို့တာကို လက်ခံမှာမဟုတ်ကြောင်းလည်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောထားပါတယ်။

မြန်မာဘက်ခြမ်းမှာ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေ ကင်းစင်သွားပြီဆိုတာကို အတည်ပြုနိုင်ရင် လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက် ဖြတ်တောက်ထားတာကို ထိုင်းအစိုးရက ဖြေလျှော့ပေးသွားမယ့်အကြောင်း မြန်မာအာဏာပိုင်တွေကို ဒုဝန်ကြီးချုပ်က ပြောထားပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့အတွက်ဆိုပြီး ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်နေ့က စပြီး မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် စတဲ့ နယ်စပ်နေရာ ငါးခုကို လောင်စာဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။