ဖမ်းဆီးခံရတဲ့ မုံရွာက သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်
2021.04.16
ဧပြီ ၁၅ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဆန္ဒပြ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ ဘာအဆက်အသွယ်မှ မရသေးပါဘူး။ RFAအနေနဲ့ ကိုဝေမိုးနိုင် အဖမ်းမခံရခင် ဧပြီလ ၈ရက်နေ့က မေးမြန်းခွင့်ရလိုက်ပါတယ်။
အသက် ၂၆ နှစ် ရှိပြီဖြစ်တဲ့ ကိုဝေမိုးနိုင်ဟာ မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီဝင် တစ်ယောက်အနေနဲ့ မုံရွာကဆန္ဒပြပွဲတွေမှာ တစ်ရက်မပြတ် ပူးပေါင်းပါဝင်နေသူတစ်ဦး ဖြစ်ပါတယ်။
မုံရွာဆန္ဒပြပွဲ ဦးဆောင်သူတစ်ယောက်အနေနဲ့ နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီဟာ ကိုဝေမိုးနိုင်ကို မုံရွာမြို့မှာ မတ်လ ၂၅ ရက်နေ့က ရဲ နှစ်ယောက် အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့မှာ နိုင်ငံပိုင်ရုပ်သံတွေကတဆင့် လူသတ်မှုမှာ ဦးဆောင်သူအဖြစ် ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီလိုဖမ်းဝရမ်းထုတ်ခံထားရတာနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင်က ရဲနှစ်ယောက်ကို သတ်တယ်ဆိုပြီး သူ့ကို ဖမ်းဝရမ်းထုတ်တာဟာ မုံရွာသပိတ်ကို ပုံဖျက်ချင်လို့ဖြစ်တယ်ဆိုပြီး ငြင်းဆိုထားပါတယ်။
ကိုဝေမိုးနိုင် ဖမ်းဆီးမခံရခင် တစ်ပတ်အလိုမှာ RFA က မေးမြန်းမှုကို ပြန်လည် ဖြေကြားထားတာပါ။
ဧပြီ ၁၅ ရက်နေ့ သင်္ကြန်အကျနေ့က မုံရွာမြို့ပေါ်မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းထွက်ဖို့ ကိုဝေမိုးနိုင် ထွက်လာနေချိန် လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက အိမ်စီးကားနဲ့ဝင်တိုက်ပြီး သေနတ်ကိုင်ထားတဲ့ အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။
သားဖြစ်သူ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဘာအဆက်အသွယ် ဘာသတင်းမှမကြားရလို့ စိတ်ပူနေတယ်လို့ မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက RFA ကိုပြောပါတယ်။
မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဖမ်းဆီးသွားတယ်ဆိုတာလောက်ပဲသိရပြီး လတ်တလောအခြေအနေကို မသိရသေးဘူးလို့ သူနဲ့ ရင်းနှီးသူတွေကဆိုပါတယ်။
လက်ရှိအခြေအနေအရ ကိူဝေမိုးနိုင်နဲ့ ဘာမှဆက်သွယ်လို့မရသေးတာကြောင့် ဘယ်ပုဒ်မတွေ တပ်ထားတယ်ဆိုတာ မသိရသေးသလို ဘာမှလုပ်လို့မရ ဖြစ်နေတယ်လို့ သူ့အမှုကို ရှေ့နေလိုက်ပေးဖို့ ကြိုးစားနေတဲ့ မုံရွာရှေ့နေများကွန်ရက်က ရှေ့နေ ဦးထွန်းမြတ်သော်တာက ပြောပါတယ်။
ကိုဝေမိုးနိုင်ဟာ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့ကစတင်ကာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း မုံရွာလူထုတိုက်ပွဲ သပိတ်ကော်မတီ ဖွဲ့စည်းပြီးနောက် ကော်မတီဝင်အဖြစ်ဦးဆောင်ပါဝင်လာခဲ့တာ ဖမ်းဆီးခံလိုက်ရတဲ့နေ့ အထိဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ဖမ်းဆီးခံလိုက်ရလို့ မုံရွာမြို့က ဆန္ဒပြပွဲတွေဟာ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ GenZ တစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ အသံတိတ်သပိတ် ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ရက်တွေမှာလည်း သပိတ် ဆက်လက်လုပ်ဖို့ ကော်မတီက စီစဉ်နေတယ်လို့ ဆိုပါတယ်။
ကိုဝေမိုးနိုင်ကို ဦးကိုကိုနိုင်နဲ့ ဒေါ်မိုးစန္ဒာကြူတို့က ၁၉၉၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင်အသက် ၂၆ နှစ် ရှိပြီဖြစ်ပါတယ်။ မုံရွာ အ.ထ.က ၂ မှာ အထက်တန်း အောင်ခဲ့ပြီး မုံရွာတက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ ၂၀၁၆ ခုနှစ်မှာ BA ဘွဲ့ ရရှိခဲ့ပါတယ်။
တက္ကသိုလ်တက်နေစဉ်အတွင်း ကြယ်စင်ပြေးလမ်း ပရဟိတအသင်းကိုထူထောင်ခဲ့သလို ကျောင်းသား လူငယ်စာစဉ်တွေကိုလည်း ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ၂၀၁၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အမျိုးသားပညာရေးကို သပိတ်မှောက်ဖို့ ဖွဲ့စည်းလိုက်တဲ့ ၁၅ ဦးကော်မတီမှာ ပါဝင်ပြီး ဆန္ဒပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒေါင်းမျိုးဆက် ( PGYES ) ကို စတင်ထူထောင်ပြီး ဒေသန္တရအသိပညာပေးရေး၊ လူထုစကားဝိုင်းတွေ ဖော်ဆောင်ခဲ့သလို၊ ရွေးကောက်ပွဲအသိပညာပေးရေး၊ LGBT အရေးတွေပါ ဆောင်ရွက်ခဲ့ပါတယ်။