ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြချက် စစ်ကောင်စီ အကြောင်းမပြန်
2023.02.27

ထောင်သွင်းအကျဉ်းချခံနေကြရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့နဲ့ အမှုကိစ္စဆွေးနွေးဖို့အတွက် သူတို့ရဲ့ ရှေ့နေအဖွဲ့က စစ်ကောင်စီရဲ့ နေပြည်တော် အကျဉ်းဦးစီးဌာနကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်က တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းထားပေမယ့် ဒီနေ့ထိ တွေ့ဆုံခွင့်မပေးသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတွေအားလုံး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်မှာ အပြီးသတ် အမိန့်တွေ ချမှတ်ခဲ့ပြီးနောက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ အယူခံ၊ အထူးယူခံနဲ့ ရာဇဝတ်ပြင်ဆင်မှု တက်တာတွေ ဆက်ရှိနေတာပါ။
အမှုနဲ့ပတ်သက်လို့ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးရမှာတွေ၊ ညွှန်ကြားချက် ယူရမှာတွေ ရှိတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ထဲက လူချင်း တွေ့ဆုံခွင့်ပေးဖို့ ထောင်အာဏာပိုင်တွေထံ ခွင့်တောင်းခဲ့ပေမယ့် ဒီနေ့ထိ တွေ့ခွင့်မရဘဲ အဆက်အသွယ်ပြတ်တောက်နေတာလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီအကြမ်းဖက် စစ်ကောင်စီကို ထောက်ခံတဲ့ စကားမျိုး ကျနော်တို့ ခေါင်းဆောင်တွေဆီက သူတို့ ကြားရစရာ အကြောင်းမရှိပါဘူး"
ကျန်းမာရေးအခြေအနေကိုလည်း သိခွင့်မရသလို ခွင့်တောင်းတာကို တွေ့ခွင့်မပေးတဲ့ အတွက် စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။
“ရှေ့နေတွေ တွေ့ခွင့်တောင်းတာတောင် မပေးဘူးဆိုတော့ စိုးရိမ်ရတာပေါ့။ ကျန်းမာရေးအခြေအနေ ဘာညာလည်း မသိရဘူး။ ရှေ့နေနဲ့ တွေ့ခွင့်ပေးသင့်တာပေါ့။ အမှုအကြောင်းအရာအတွက်က အယူခံ အတွက်ဆိုရင် သူတို့ရဲ့ ညွှန်ကြားချက်တွေ လိုဦးမယ်လေ”
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင် အတွင်းက အဆောက်အအုံငယ်တစ်ခုမှာ တစ်ဦးတည်း သီးသန့်ထားရှိပြီး အကျဉ်းကျခံနေရ တာပါ။ သူ့ရဲ့ရှေ့နေအဖွဲ့က တစ်ပတ်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ထံ ထောင်ဝင်စာ ပို့ခွင့်ရပေမယ့် လူချင်းတော့ တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။
အသက် ၇၂ နှစ်အရွယ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကတော့ ၂၀၂၂ ဒီဇင်ဘာလကုန်မှာ သူ့ရဲ့အမှုတွေ အားလုံး အမိန့်ချပြီးတဲ့နောက် ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့ ခံထားရတာပါ။
ရှေ့နေတွေရဲ့ တင်ပြမှုကို အချိန်တစ်လကျော်အထိ ခွင့်ပြုမပေးတာနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အကျဉ်းထောင်လက်စွဲ၊ ရဲလက်စွဲဥပဒေတွေမှာ အကျဉ်းသား၊ အချုပ်သားတွေနဲ့ သူတို့ရဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ရှိရမယ်ဆိုတာ အတိအလင်းပြဋ္ဌာန်းထားပြီး အခုလို တွေ့ခွင့်မပေး တာက ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“အချုပ်မှာပဲဖြစ်ဖြစ်၊ ထောင်မှာပဲဖြစ်ဖြစ် အထိန်းသိမ်းခံထားရတဲ့သူတွေနဲ့ ဥပဒေအရ ပေးကိုတွေ့ရမယ့် အနေအထားပါ။ ဥပဒေထဲမှာလည်း ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းထောင်လက်စွဲ ဥပဒေမှာဆိုရင် လည်းပဲ အကျဉ်းသားတွေနဲ့ အချုပ်သားတွေနဲ့ သူတို့ရဲ့ရှေ့နေတွေ တွေ့ဆုံခွင့်ဆိုတာ သီးခြားပြဋ္ဌာန်းပေးထားပါတယ်။ ကန့်သတ် ပိတ်ပင်ထားတာ မရှိဘူး။ ရှေ့နေနဲ့ တွေ့ဆုံခွင့်မပေးဘူးဆိုတာ ဥပဒေကို မလေးစား မလိုက်နာတာ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များရဲ့ ဥပဒေအရ ရသင့်တဲအခွင့်အရေးကို မပေးဘဲနဲ့ ထားတဲ့သဘောဖြစ်တော့ ဒါလည်းပဲ ဥပဒေနဲ့ ညီညွတ်တဲ့ကိစ္စမဟုတ်ဘူးလို့ပဲ ပြောရမယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရသလို သမ္မတ ဦးဝင်းမြင့်ဟာလည်း အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာပါ။
လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထောင်ချထား တဲ့ အမှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရှေ့နေတွေက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အဆင့်ဆင့်အယူခံ တက်ထားပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တချို့အမှုတွေကို ပယ်ချတာရှိသလို တချို့အမှုတွေကိုတော့ လက်ခံစစ်ဆေးနေပါတယ်။
စစ်ကောင်စီဟာ နိုင်ငံ့ခေါင်းဆောင်တွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားချင် တဲ့အတွက် ရှေ့နေတွေနဲ့ ဆုံခွင့်မပေးတာလို့ယူဆကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံခေါင်းဆောင်တွေကို ပြင်ပကမ္ကာနဲ့ အဆက်အသွယ် ဖြတ်ထားချင်တဲ့ သဘောရှိပါတယ်။ ဒါကဘာလဲ ဆိုတဲ့အခါကျတော့ ဒီအကြမ်းဖက် စစ်ကောင်စီကို ထောက်ခံတဲ့ စကားမျိုး ကျနော်တို့ ခေါင်းဆောင်တွေဆီက သူတို့ ကြားရစရာ အကြောင်းမရှိပါဘူး။ ဒီအတွက် သူတို့ အကျိုးမရှိဘူး ထင်တဲ့အတွက် သူတို့အဆက်အသွယ်ဖြတ်ထားတာပါ။ ဒါကိုကလည်း ပြောင်ကျကျလို့ အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်”
နိုင်ငံရေးလေ့လာသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်တပ်က တရားမဝင် အာဏာသိမ်း ထားတာ ဖြစ်တာကြောင့် ဒီအခြေအနေမှာ ရှေ့နေတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချုပ်ကိုင်ထားတဲ့ အတိုင်းတာတစ်ခုထိသာ ပါဝင် လှုပ်ရှားခွင့် ရနေတာလို့ သုံးသပ်ပါတယ်။
“ရှေ့နေတွေရဲ့ လှုပ်ရှားမှုတွေ ကန့်သတ်တယ်ဆိုတာတော့ ဘာမှမဆန်းပါဘူး။ သဘာဝကျတဲ့ ဖိနှိပ်မှုတစ်မျိုး ပါပဲ။ အစကတည်းကိုက မှားယွင်းတဲ့ စွပ်စွဲမှုတွေနဲ့ အာဏာသိမ်းထားတဲ့ အနေအထားအောက်မှာ ဒီရှေ့နေတွေ ရဲ့ အခန်းကလည်း သူတို့ကန့်သတ်ပေးသလောက် အတိုင်းအတာတစ်ခုအတွင်းမှာပဲ ပါဝင်ခွင့်ရတာပါ။ ဒီအမှု တွေ စီရင်ချက်ချ လိုက်တာဟာ ဒီလှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားအောင် နည်းသွား အောင် သူတို့ဘက်က လုပ်နေတာဖြစ်ပါတယ်။ အဲဒီလို အခြေအနေအောက်မှာ ဒီလိုကန့်သတ်ချက်တွေ လုပ်တာဟာ သိပ်ပြီးမဆန်း ဘူး။ ဒါသဘာဝကျတဲ့ စစ်ကောင်စီရဲ့ တရားမမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပစ်ပယ်ထားတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်တယ်”
ဒေါ်အောင်ဆန်းစုကြည် ရှိနေတဲ့ နေပြည်တော်အချုပ်ထောင်တွင်းမှာ ချုပ်နှောင်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နေပြည်တော်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကတော့ ရှေ့နေတွေနဲ့တွေ့ခွင့်မပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စိတ်ပူမိတယ်လို့ RFA ကို ပြောပါတယ်။
“အသက်အရွယ် အပိုင်းအခြားအရရော၊ ရာသီဥတုအခြေအနေအရရော ဥပမာ-အမေ ဆိုလည်း နေရတဲ့ အဆောက်အအုံက ကျနော်တို့က ဒါ နေပြည်တော်ထောင်ထဲမှာ အတူတူနေလာတဲ့အခါတော့ သိတယ် လေ။ ကျဉ်းကျဉ်းကျပ်ကျပ်လေးမှာဆိုတော့ ရသီဥတုအခြေအနေအရရော၊ အသက်အရွယ် အပိုင်းအခြားအရရော စိတ်ပူတာပေါ့။ ပြင်ပလောကကြီးနဲ့ လုံးဝအဆက်အသွယ်ဖြတ်ထားတယ်လေ။ ဖြတ်ထားတဲ့အခါကျ တော့ ကျန်းမာရေးအခြေအနေ ကောင်းလား၊ ဆိုးလား ဆိုတာတွေတော့ ကျနော်တို့က အင်မတန်စိတ်ပူတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် တစ်ခုခုဖြစ်သွားမှာ တော်တော်စိတ်ပူတယ်။ အဆက်အသွယ်မရတဲ့ အခါကျတော့လေ”
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တရားဖမ်းဆီးခံထားရသူတွေအားလုံး လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အမေရိကန်၊ EU နဲ့ နိုင်ငံတကာက တောင်းဆိုမှု တွေ ရှိနေပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂအထွထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ နေအိမ်ကို ပြန်လည် ပို့ဆောင်ဖို့ နိုလင်းဟေဇာက တောင်းဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံး ပြီးပြတ်သွားရင် စဉ်းစားဆောင်ရွက်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ဆုံခွင့်မရဘဲ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရပါတယ်။