ရန်ကုန်တက္ကသိုလ်ထဲ သစ်ပင်ခုတ်တာ ရပ်ထားဦးမည်
2019.11.04

ရန်ကုန်တက္ကသိုလ် ပတ်လမ်းဖောက်လုပ်ဖို့အတွက် သစ်ပင်ဆက်ခုတ်မယ့်အစီအစဉ်ကို ယာယီရပ်ဆိုင်းထားဖို့ ကျောင်းအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတွေကြား ဒီနေ့ သဘောတူညီမှုရခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနဲ့ ကျောင်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ သစ်ပင် ၇၆ ပင်ခုတ်လှဲမယ့် အစီအစဉ်ကို ရပ်ဆိုင်းထားပြီး ပတ်လမ်းစီမံကိန်းလုပ်ငန်းကိုလည်း ယာယီရပ်ဆိုင်း လိုက်တယ်ဆိုတဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ပြောပါတယ်။
ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကျောင်းအာဏာပိုင်တွေဖြစ်တဲ့ ဒေါက်တာ သိန်းဝင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒုတိယ ပါမောက္ခချုပ်နဲ့ အခြားတာဝန်ရှိသူတွေကို RFA မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။
စီမံကိန်းအတွက် အပင် ၇၆ ပင်ခုတ်ဖို့ ရာထားကြောင်း သိရပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ ခုတ်ဖို့ လုပ်ဆောင်နေတဲ့ အပင် ၁၀၀ ကျော်ရှိနေကြောင်း ကိုညီဇော်က ပြောပါတယ်။
ခုတ်လှဲပြီးသစ်ပင်တွေကို တွေ့မြင်ရခြင်း မရှိသလို ပြန်လည်သုံးစွဲနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဘာမှ မသိရဘူးလို့ ပြောပါတယ်။
တက္ကသိုလ်အတွင်း ပတ်လမ်းစီမံကိန်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမများ သမဂ္ဂကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ရန်ကုန်တက္ကသိုလ်အတွင်း ပတ်လမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး အခုလို သစ်ပင်တွေ ခုတ်လှဲနေတာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကလည်း ကန့်ကွက်မှုတွေ ရှိပါတယ်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားအမှီ အဆင့်မြှင့်တင်ရေးအနေနဲ့ တက္ကသိုလ် ပတ်လမ်းစီမံကိန်းကို လုပ်ဆောင်တာလို့ ပြောကြပါတယ်။