နိုင်ငံတစ်ဝန်းမှာ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွက် အခြေခံပညာ စာသင်ကျောင်းတွေကို ဇွန်လ ၃ ရက် ဒီနေ့စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ကျောင်းအပ်နှံထားသူကတော့ ပြီးခဲ့တဲ့နှစ်ကထက် ရှစ်သောင်းနီးပါး လျော့ကျခဲ့ပါတယ်။
ဇွန်လ ၂ ရက်နေ့ မနေ့ကအထိ ကျောင်းအပ်နှံသူ ၆ ဒသမ ၃၉ သန်း (၆,၃၉၃,၅၂၈ ဦး) ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး မနှစ်က ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ၆ ဒသမ ၄၇ သန်း (၆,၄၇၃,၃၅၀ ဦး) ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ရှစ်သောင်းခန့် လျော့သွားတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာ တစ်နိုင်ငံလုံးနီးပါး ကျောင်းတွေစဖွင့်ခဲ့ပေမဲ့ ကျောင်းမတက်နိုင်ဘဲ အသက်ဘေးက လွတ်မြောက်ဖို့သာ ထွက်ပြေးနေရတဲ့ ကျောင်းနေအရွယ်ကလေးတွေ များစွာရှိနေပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့ခံ ကျောင်းနေအရွယ် ကလေးသုံးဦးရဲ့ဖခင်က ကလေးတွေ ကျောင်းထားနိုင်ဖို့ထက် အသက်ဘေးလွတ်ဖို့သာ ထွက်ပြေးနေရတယ်လို့ RFA ကို ပြောပါတယ်။
“ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့လောက်ကိုပဲ အသက်လွတ်ပြေးနေရတာဆိုတော့ ကလေးကျောင်းတွေအတွက်ကို တစ်ခုမှ ခေါင်းထဲကို မစဉ်းစားမိတော့ဘူး ဖြစ်နေတယ်။ နောက်ပိုင်းမှ တစ်ခုခု စီစဥ်ရတော့မှာပေါ့။ အခု လောလောဆယ်ကတော့ ဘယ်မှာ ကျောင်းတက်ခိုင်းမယ်။ ဘယ်နားတွေ ပို့မယ်ဆိုတာ မစဉ်းစားနိုင်သေးဘူး”
ရခိုင်ပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့တွေမှာလည်း ကျောင်းတွေ ဖွင့်လှစ်ခဲ့ပေမဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့မြို့တွေမှာတော့ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ သုံးသန်းကျော်ရဲ့တစ်ဝက်ဟာ ကလေးတွေဖြစ်ပါတယ်"
စစ်တွေကနေ မြောက်ဦးမြို့ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တစ်ဦးက သူ့ကလေးတွေ ကျောင်းတက်ချင်ပေမဲ့ ဘယ်လိုမှသွားလာလို့ မရဘူးလို့ RFA ကို ပြောပါတယ်။
“စစ်တွေမှာ စစ်မဖြစ်သေးပေမဲ့ ဘယ်အချိန်ဖြစ်လာမယ်မှန်း မသိဘူးလေ။ လမ်းက ပိတ်ထားတော့ ဝင်ချင်တိုင်း ဝင်မရ၊ ထွက်ချင်တိုင်း ထွက်မရဖြစ်နေတာ။ ၂၅ ရက်နေ့ ကျောင်းဖွင့်မယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သွားလို့ လာလို့မှ မရတာ။ ကလေးတွေက ကျောင်းတက်ချင်ကြပေမဲ့ သွားလို့မရဘူးလေ”
ရခိုင်ပြည်နယ်မှာ မနှစ် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်က ကျောင်းအပ်နှံသူ သုံးသိန်းကျော်ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ အဲဒီထက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ မေ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ နေရာဒေသ အများအပြားမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ သုံးသန်းကျော်ရဲ့တစ်ဝက်ဟာ ကလေးတွေဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ပညာဒါန စာသင်ပေးနေတဲ့ကျောင်းဆရာ ကိုနွေဦးနိုင်ကတော့ စစ်ကြောင်းထိုးတာတွေ မကြာခဏ ရှိတဲ့ကြားကပဲ ရတဲ့နည်းနဲ့ ကလေးတွေကို စာသင်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်သင်နေတဲ့ ကျောင်းဆိုရင် ကျောင်းသားဦးရေက လေးရာကျော်ရှိတယ်။ နောက်တစ်ကျောင်းဆိုရင် သုံးရာကျော် ရှိတယ်။ ဒီဘက်မှာတော့ ရွာတိုင်း ဒေသတိုင်းမှာတော့ ကျောင်းတွေ ဖွင့်နိုင်ကြတယ်။ ကလေးတွေ ပညာသင်တယ်။ ဒါပေမဲ့ စစ်ကြောင်းထိုးလာရင် ရှောင်တယ်။ စစ်ကြောင်း ထွက်သွားရင် ပြန်သင်တယ်”
သတင်းအချက်အလက် စီမံခန့်ခွဲမှုတွေကို ကူညီနေတဲ့ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) အဖွဲ့စာရင်းအရ လက်ရှိပဋိပက္ခတွေကြောင့် ကလေးငယ် တစ်သန်းကျော် ပညာသင်ခွင့် ဆုံးရှုုံးနေရပါတယ်။
ရန်ကုန် ဖက်ဒရယ်ကျောင်း တာဝန်ခံကလည်း ဒေသအသီးသီးမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စာသင်ခန်းနဲ့ အလှမ်းဝေးသွားတဲ့ ကလေးငယ် သန်းနဲ့ချီ ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ အွန်လိုင်းပညာရေးကို လက်လှမ်းမီတဲ့ကလေး သောင်းဂဏန်းရှိတယ်။ ဒါပေမဲ့ ၂၀၂၃ အကုန် ၂၀၂၄ ကို ရောက်လာတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးကို လက်လှမ်းမီတဲ့ကလေးတွေဟာ အရေအတွက် တော်တော်လေး ကျလာတယ်။ ကျွန်တော်တို့ကျောင်းဆိုရင်လည်း ကျောင်းအပ်နှုန်းရော ကျောင်းသားဟောင်းတွေ ကျောင်းပြန်တက်တဲ့နှုန်းတွေရော အတော်လေး ကျလာတယ်။ တချို့ဒေသတွေမှာ မြေပြင်ကျောင်းတွေကို ဖွင့်နိုင်ပေမဲ့ စစ်ဘောင်ကျယ်လာပြီး စစ်ပွဲတွေ ပြင်းထန်လာတဲ့အခါမှာ အဲဒီကျောင်းတွေကို ပြန်ပိတ်လိုက်ရတဲ့ အနေအထားတွေ ဖြစ်တဲ့အတွက် ပညာရေး ပြတ်တောက်နေတဲ့ ကလေးဟာ သန်းနဲ့ချီ ရှိနိုင်ပါတယ်”
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ မတက်ချင်တဲ့ ကျောင်းသားတွေအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ကြားကာလ ပညာရေးစနစ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းမှာ ကျောင်း ၄၂၀၀ ကျော် ဖွင့်လှစ်ထားပြီး CDM စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ငါးသောင်းကျော်က ကျောင်းသား ခြောက်သိန်းခန့်ကို ပညာသင်ပေးနေတယ်လို့လည်း NUG က ပြောထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ အရေးယူပေးချင်တယ်လို့ NUG ရဲ့ ပညာရေးဝန်ကြီဌာန၊ ပြည်သူ့ဆက်ဆံရေး၊ ဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုဌာန တာဝန်ခံက RFA ကို ပြောပါတယ်။
“စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အများကြီး ဆုံးရှုံးခဲ့ရတာတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာအနေနဲ့ အရေးယူ ဆောင်ရွက်ပေးမှုတွေ လိုအပ်တယ်လို့ ပြောချင်ပါတယ်”
မြေပြင်ကျောင်းတွေကိုလည်း စစ်ကောင်စီတပ်က မကြာခဏ လေယာဥ်နဲ့ ဗုံးကြဲနေတာကြောင့် ဗုံးခိုကျင်းပါ ထည့်သွင်းတည်ဆောက်ထားရတယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေ ပညာသင်ခွင့် ဆုံးရှုံးနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ အခြခံပညာ ဦးစီးဌာနဘက်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
လက်ရှိမှာ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကိုရော၊ NUG ရဲ့ ပညာရေးစနစ်ကိုပါ မချိတ်ဆက်နိုင်ဘဲ ပညာရေးနဲ့ အလှမ်းဝေးနေတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေ များစွာရှိနေပေမဲ့ အရေအတွက် အတိအကျကိုတော့ သိနိုင်ဖို့ ခဲယဥ်းနေတယ်လို့ ပညာရေးကဏ္ဍနဲ့ ဆက်စပ်နေသူတွေက ပြောကြပါတယ်။