မြန်မာကျောင်းသားတွေအတွက် အမေရိကန် ပညာတော်သင်ဆု

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2023.04.29
မြန်မာကျောင်းသားတွေအတွက် အမေရိကန် ပညာတော်သင်ဆု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ ဒဲရစ်မစ်ချယ်အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တွင် တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အမေရိကန်နိုင်ငံမှာ ရောက်နေပြီး ဆက်လက်ပညာ သင်ယူဖို့ အခက်အခဲရှိနေတဲ့ မြန်မာတက္ကသိုလ် ကျောင်းသားတွေကို အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အင်စတီကျု (USABCI) ကနေ ပေးအပ်တဲ့ ပညာတော်သင်ဆုအတွက် ရန်ပုံငွေရှာဖွေတဲ့ ညစာစားပွဲ အခမ်းအနားကို ဧပြီလ ၂၇ ရက်က ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန် စီပွားရေး လုပ်ငန်းတွေကနေ နိုင်ငံရေး ပဋိပက္ခတွေမှာ ပါဝင်ခြင်းမရှိဘဲ မြန်မာပြည်သူတွေကို အကောင်းဆုံးကူညီနိုင်မယ့် နည်းလမ်းအဖြစ်နဲ့ ဒီပညာတော်သင်ဆုကို ဖန်တီးခဲ့တဲ့ အကြောင်း (USABCI) ရဲ့ မြန်မာပညာတော်သင်ဆု ရန်ပုံငွေ တည်ထောင်သူ ကိုလှဘုန်းမြင့်က ပြောပြပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ (US-ASEAN Business Council) ဟာ အမေရိကန်နိုင်ငံနဲ့ အာဆီယံ နိုင်ငံတွေအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးတက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ဒီအဖွဲ့အစည်းရဲ့ အကျိုးအမြတ်ကို အဓိကမထားတဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့ (USABCI) ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Chevron၊ Meta၊ နဲ့ Bower Asia Group တို့လို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ကိုင်ခဲ့တဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေရဲ့ ဘဏ္ဍာငွေ မတည်မှုနဲ့ တည်ထောင် ထားတဲ့ ဒီပညာတော်သင်ဆုမှာ အမေရိကန်နိုင်ငံက တက္ကသိုလ် ကောလိပ်တွေမှာ ပညာ သင်ကြားနေတဲ့ တက္ကသိုလ် ကျောင်းသားတွေထဲက လိုအပ်ချက်ရှိသူတွေကို တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၅၀၀၀ နှုန်းနဲ့ သုံးနှစ်ထိ ပေးအပ်ပြီး၊ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ကူညီထောက်ပံ့နေတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက USAID အဖွဲ့ရဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄၅ သန်းအသုံးပြုပြီး မြန်မာနိုင်ငံတွင်းနဲ့ နယ်စပ်ဒေသက စစ်ဘေးရှောင် ကျောင်းသားတွေ ဒေသတွင်း အာဆီယံနိုင်ငံတွေမှာ ပညာသင်ကြားနိုင်ဖို့ ပညာတော်သင်ဆုပေးမယ့် အစီအစဉ်ကို မကြာခင်မှာ စတင်ဖို့ရှိနေပြီး၊ ဒီအစီအစဉ်မှာလည်း US-ASEAN Business Council က မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ပါဝင်ဖို့ရှိတဲ့အကြောင်း ကိုလှဘုန်းမြင့်က ပြောပါတယ်။

US-ASEAN Business Council ဟာ အရှေ့တောင်အာရှ ဒေသနိုင်ငံတွေမှာအလုပ်လုပ် နေတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းပေါင်း ၁၈၀ ကျော်နဲ့ ချိတ်ဆက်ထားတဲ့အတွက်၊ အမေရိကန်အစိုးရကပေးမယ့် ပညာတော်သင်ဆုနဲ့ ကျောင်းတက်မယ့် ကျောင်းသားတွေ ဟာ အမေရိကန်ကုမ္ပဏီတွေမှာ internship အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ပညာသင်ကြားနိုင်ဖို့ အကူအညီပေးသွားမှာဖြစ်တဲ့အကြောင်း သူက ပြောပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ ဒဲရစ်မစ်ချယ် ကတော့ အခုအချိန်မှာ ပြည်ပရောက် မြန်မာလူငယ်တွေရဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတာဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ပြောပါတယ်။

“အခုအချိန်မှာ မြန်မာကျောင်းသားတွေအနေနဲ့ အမေရိကန် နိုင်ငံမှာ ဆက်လက် နေထိုင်ပြီး ပညာဆက် လက်သင်ယူနိုင်စေမယ့် ဘယ်လို အကူအညီအထောက်အပံ့ မျိုးကိုမဆို လိုအပ်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ဒီပညာတော်သင်ဆုရတဲ့ ကျောင်းသားတွေဟာ ဘာသာရပ် အမျိုးမျိုး အထူးပြုသင်ယူနေတဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပြီး ကျယ်ပြန့်တဲ့ လူမျိုးပေါင်းစုံလည်း ပါဝင်ပါတယ်။ ဒီကျောင်းသားတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် မျှော်လင့်ချက်နဲ့ အလာအလာကောင်းတွေကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာကျောင်းသားတွေကိုလည်း ကိုယ့်နိုင်ငံနဲ့ ကျန်ခဲ့တဲ့ မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးအတွက် ရည်စူးပြီး ပညာကို ကြိုးစားသင်ယူကြပါ။ ကျွန်တော်တို့ အားလုံး အတူတကွ တိုက်ပွဲဝင်နေပါတယ်။ နောက်တစ်ချိန်မှာ မြန်မာနိုင်ငံကို ပြန်သွားပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ ပါဝင်ကြပါလို့ မှာကြားချင်ပါတယ်”

အဲဒီနေ့က ပြုလုပ်တဲ့ ရန်ပုံငွေညစာစားပွဲမှာ မြန်မာကျောင်းသားများအတွက် ရန်ပုံငွေ တည်ထောင်သူ ကိုလှဘုန်းမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်နဲ့ အမေရိကန် လွှတ်တော်မှာ မြန်မာ့အရေးအတွက် အစောဆုံးလှုပ်ရှား တောင်းဆိုခဲ့တဲ့ ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ်ဟောင်း တွမ် မလင်နော်စကီ တို့က တက်ရောက်စကားပြောကြားခဲ့ပြီး၊ ပညာတော်သင်ဆုရရှိသူ မြန်မာကျောင်းသား တစ်ဦးကလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားမှာ US-ASEAN Business council က ပိုင်ဆိုင်တဲ့ မြန်မာအနုပညာရှင်တွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို အသံတိတ်လေလံတင်ပွဲ silent auction ပြုလုပ် ရောင်းချပြီး၊ ရန်ပုံငွေ အမေရိကန် ဒေါ်လာ တစ်သောင်းကျော် ရှာဖွေနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

စောအြေကပ်
2023-04-29 10:46

ကျေးဇူးတင်ပါတယ် ေကျောင်းသား /သူ ေတွေဦစားပေမှ အသိ အ ှှိမ