အာဏာရှင်ဟောင်းရဲ့ဇာတိ ကျောက်ဆည်မြို့က အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလူငယ်များ

2022.10.28
အာဏာရှင်ဟောင်းရဲ့ဇာတိ ကျောက်ဆည်မြို့က အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလူငယ်များ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုလင်းပိုင်စိုးအား တွေ့ရစဉ်။
Photo: Citizen Journalist

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇာတိ ကျောက်ဆည်ခရိုင်တစ်ခုတည်း မှာတင် ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၊ ကျောက်ဆည်တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ဆိုပြီး အဆင့်မြင့်ပညာ တက္ကသိုလ်နဲ့ သိပ္ပံကျောင်း လေးခု ရှိပါတယ်။

ဒါဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူရဲ့ဇာတိမွေးရပ်မြေကို ပြန်စောင့်ရှောက်ထားတဲ့ ထူးခြားချက်ဖြစ်တယ်လို့ ကျောက်ဆည်ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ အဲဒီတက္ကသိုလ်နဲ့ သိပ္ပံကျောင်း လေးခုက ကျောင်းသူ၊ ကျောင်းသားတွေဟာ တခြားဒေသက လူငယ်တွေနည်းတူ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။

“ကိုလင်းပိုင်စိုးနဲ့ ပတ်သက်လို့ ဖမ်းသွားပြီးတဲ့နောက်ပိုင်း သူ ပါသွားတယ်ဆိုတဲ့ဟာမျိုး ကြားရပြီးတဲ့ နောက်ပိုင်းကို ဘာမှ ထပ်မသိရဘူး"

RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း လ ၂၀ အတွင်း ကျောက်ဆည် မြို့နယ် တစ်ခုတည်းမှာတင် ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးထက်မနည်း ရှိနေပါတယ်။

ကျောက်ဆည်တက္ကသိုလ်က သမိုင်းအထူးပြုဘာသာရပ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျောက်ဆည် တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုဝေလင်းအောင်ဟာ အစောပိုင်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) ခေါင်းဆောင်ဖြစ်လာတာပါ။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ကိုဝေလင်းအောင် ဒဏ်ရာအပြင်းအထန်နဲ့ ဖမ်းဆီးခံရပြီး စစ်ကြေားရေးမှာ လက်လွန်သေဆုံးမှာကို စိုးရိမ်နေရတယ်လို့ ကျောက်ဆည် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းခန့်က ပြောပါတယ်။

“အောက်တိုဘာ ၇ ရက်နေ့က ဖမ်းခံလိုက်ရတယ်ပေါ့၊ သူ့မှာလည်း ဒဏ်ရာရထားတယ်။ ဒဏ်ရာနဲ့အပေါ်မှာ သူက အသက်အန္တရာယ်စိုးရိမ်ရတယ်ပေါ့။ အဓိက ကျည်ဆန်ဒဏ်ရာ ဆိုတော့ ယမ်းဆိပ်တက်ပြီးတော့ ကိုယ်ခန္ဓာအင်္ဂါဆုံးရှုံးမှာ အဲဒီထက်ပိုစိုးရိမ်ရရင် အသက်အန္တရာယ် ထိခိုက်မယ့်အတွက်ကိုပါ စိုးရိမ်နေရတယ်။ ပြီးတော့ ကိုဝေလင်းအောင်အပြင် သူ့ရဲ့မိသားစုပေါ့နော် သူ့မိသားစုဝင်တွေ အတွက်လည်း ကျနော်တို့က စိတ်ပူရပါတယ်။ ကိုဝေလင်းအောင်ကို ဝရမ်းထုတ်ပြီး အဖမ်းမခံရခင် အချိန်ထိ ကိုဝေလင်းအောင်ကို မတွေ့လို့ဆိုပြီး သူ့ရဲ့ အစ်မကို ဖမ်းဆီးသွားတာမျိုးတွေ ရှိတယ်။ ကိုဝေလင်းအောင်လည်း ဖမ်းဆီးခံထားရတယ်ဆိုတော့ သူ့ရဲ့ မိသားစုဝင်တွေ အတွက်လည်း ကျနော်တို့ စိတ်ပူနေရပါတယ်”

ကိုဝေလင်းအောင်လိုပဲ အာဏာရှင်ဆန့်ကျင်ရေး မြို့ပြသပိတ်တွေမှာ ပါဝင်ခဲ့တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ဂျင်အင်နီယာ ကျောင်းသား ကိုလင်းပိုင်စိုးလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ကတည်းက မန္တလေးမြို့မှာ ဖမ်းဆီးခံရပြီး အခုချိန်ထိ ပျောက်ဆုံးနေပါတယ်။

သူဖမ်းဆီးခံရစဉ်က ညှဉ်းပန်းနှိပ်စက်ခံရတယ်၊ စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တာဝန်ရှိတဲ့ ရဲနဲ့ စစ်တပ်က အခုချိန်ထိ မိသားစုကို ပွင့်ပွင့်လင်းလင်း အကြောင်းကြားတာမျိုး မရှိပါဘူး။

ကိုလင်းပိုင်စိုး အခုချိန်ထိ အသက်ရှင်နေသေးတယ်ဆိုရင် မန္တလေး အိုးဘိုထောင်မှာ ပုဒ်မတစ်ခုခုတပ်ပြီး တရားစွဲခံရတာ၊ ထောင်ချခံရတာမျိုး ဖြစ်လာနိုင်ပေမယ့် အိုးဘိုအကျဉ်းထောင်မှာလည်း ကိုလင်းပိုင်စိုး ရှိမနေဘူးလို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုလင်းပိုင်စိုးဖမ်းဆီးခံရစဉ် စစ်တပ်နဲ့ရဲရဲ့ အပြင်းအထန်နှိပ်စက်ခြင်းကိုခံခဲ့ရပြီး နောက်ပိုင်းမှာ သူသေဆုံးသွားပြီဆိုတဲ့ သတင်းကို စစ်ကြောရေးနဲ့ နီးစပ်သူတွေကတစ်ဆင့် ကြားခဲ့ရတယ်လို့ နေပြည်တော် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကိုလင်းပိုင်စိုးနဲ့ ပတ်သက်လို့ ဖမ်းသွားပြီးတဲ့နောက်ပိုင်း သူပါသွားတယ်ဆိုတဲ့ဟာမျိုး ကြားရပြီးတဲ့ နောက်ပိုင်းကို ဘာမှထပ်မသိရဘူး။ ကျနော်တို့ သိရသလောက်က သူ့ကို လေးနာရီဝန်ကျင်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းသွားတယ် ပေါ့။ ပြီးတော့ မင်းလားကွ ဗကသကျောင်းသားပေါ့နော်၊ ဝိုင်းဝန်းထိုးကြိတ်ကြတယ်လို့ ပြောတယ်။ သူအဲဒီညက ရေတောင်မသောက်နိုင်ဘူးလို့ ပြောတယ်။ ရေတောင် မသောက်နိုင်ဘဲနဲ့ တော်တော်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ အဲဒီကနေမှ သူကျသွားပြီဆိုပြီး သတင်းတွေ ထွက်လာတာဗျ”

ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူမျိုးရေးခွဲခြားတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ကြားသိရ တယ်လို့လည်း သူက ဆိုပါတယ်။

တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုးဟာ နေပြည်တော် ဇာတိဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုကတော့ သားဖြစ်သူ သေဆုံးသွားပြီ ဆိုတာကို တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကမှ အကြောင်းကြားမလာတဲ့အတွက် သားဖြစ်သူ အိမ်ပြန်လာနိုးနဲ့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

ကိုလင်းပိုင်စိုးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က အတိအကျ တစ်စုံတစ်ရာ ပြောဆိုတာမျိုးကို လိုချင်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ အမြဲတမ်းစုံစမ်း၊ အမြဲတမ်း မေးမြန်းနေတာပဲ။ တတ်သလောက် မှတ်သလောက် ကျနော်တို့လည်း လိုက်တာပဲ။ ကျနော်တို့ဘက်က နောက်ဆုံး အသနားခံစာတွေတောင်မှ တင်ပြီးတော့ ကျနော်တို့ လိုက်သေးတယ်ပေါ့။ အဖြေတစ်ခုခုကို ကျနော်တို့က လိုချင်တာလေ။ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူးပေါ့။ အဲဒါကို သူတို့ဘက်က ဘာမှတုံ့ပြန်မှုမရှိဘူး။ ကျနော်တို့ကတော့ ရှိတယ်လို့ပဲ ယုံကြည်တာပေါ့ မိသားစုကတော့။ ကျနော်တို့ဆီကို ဘာမှ အဖြေမှမရလာတာ။ မိသားစုကို ဆက်သွယ်ရမှာလေ။ အဲဒီလို ဆက်သွယ်လာတာလည်း မရှိဘူး”

ကျောက်ဆည်ခရိုင်က ကျောင်းသားလူငယ်တွေက အဏာစသိမ်းကတည်းက ဆန္ဒပြ သပိတ်တွေမှာ ပါဝင်တာ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဝန်ထမ်းတွေကို ထောက်ပံ့တာ၊ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေကို မတက်ဘဲ ဆန့်ကျင်သပိတ်မှောက် တာအပြင် နောက်ပိုင်းမှာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။

အဲဒီလိုပါဝင်တဲ့အတွက် စစ်ကောင်စီကလည်း ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေချမှတ်တာအပြင် အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်တာတွေ ကြုံနေရတယ်လို့ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုသံချောင်းက ပြောပါတယ်။

“ဒီကာလမှာ ကျနော်တို့က လျှို့ဝှက်စွာလှုပ်ရှားရတဲ့ အနေအထားတစ်ခုမှရှိတယ်ပေါ့။ ဒီတော့ တစ်ခါတလေကျရင် ဖမ်းခံရမှ သတင်းကြားတယ်။ ဖမ်းခံရမှ ဘယ်သူကတော့ ဖမ်းခံလိုက်ရပြီ ဘယ်အဖွဲ့အစည်း တာဝန်ထမ်းဆောင်ရင်းနဲ့မှ ဖမ်းခံလိုက်ရတယ်။ အဲဒီလိုတွေ ကျနော်တို့ ကြားရတယ်ပေါ့။ ကြားတော့မှပဲ ဒါငါတို့ကျောင်းသား၊ ငါတို့ရဲဘော်ဆိုတာမျိုး သိရတယ်ပေါ့နော်။ အဲဒီလောက်ထိကို ရှိတယ်ပေါ့။ တချို့ဟာတွေ ဆိုရင်လည်း ကျဆုံးသွားတယ်။ ကျဆုံးသွားပြီးမှ ငါတို့ရဲဘော်၊ ငါတို့ကျောင်းက ကျောင်းသားဟောင်း သူဒီမှာတော့ ဘယ်မြို့မှာ လှုပ်ရှားရင်းနဲ့ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ကြားရတာမျိုးလည်းရှိတယ်”

ဖမ်းဆီးခံထားရသူတွေမှာလည်း ထောင်ဝင်စာပို့ခွင့်မရတာ၊ ထောင်တွင်းထောင်ပြင် ပေးစာပြန်စာတွေမှာ ကြားဖြတ်သတင်းအချက်အလက်ရယူပြီး မိသားစုတွေ ခြိမ်းခြောက်ခံရတာ၊ တိုက်ပိတ်တာ၊ ထောင်ပြောင်းတာနဲ့ ထောင်တွင်းနှိပ်စက် ခံရတာတွေလည်း ကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။

kyauk-protester.JPG
စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ကိုလင်းပိုင်စိုး၊ ကိုငြိမ်းမင်းသန့်နှင့် (CDM) သူနာပြုဆရာမ မကြည်ကြည်ဝင်းတို့အား တွေ့ရစဉ်။ (Photo: Citizen Journalist)

ကျောင်းသားလူငယ်တွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါအဝင်လို့ ဖမ်းဆီးအကျဉ်းချခံရတာ၊ အသက်သေဆုံးတာတွေအပြင် မိသားစုနဲ့ ခွဲခွာနေရတာ၊ တိမ်းရှောင်နေရတဲ့နေရာတွေမှာ စားဝတ်နေရေးခက်ခဲတာနဲ့ ဒီလုပ်တွေလုပ်လို့ မိသားစုက အမွေဖြတ်လိုက်တာတွေ အပါဝင် တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကြုံတွေ့ခံစားနေရတယ်လို့ ကိုသံချောင်းက ဆက်ပြောပါတယ်။

ခေတ်အဆက်ဆက်က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ကျောင်းသားလူငယ်တွေ ဟာ ရှေ့တန်းက ပါဝင်ကြသလို စစ်အာဏာရှင်အဆက်ဆက်ကလည်း သူတို့ကို ပစ်မှတ် ထား ဖိနှိပ်တာတွေရှိပေမယ့် နိုင်ငံမှာ အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အင်းတိုက် အားတိုက် ပါဝင်နေကြဦးမှာပဲလို့ တကသကျောင်းသားဟောင်းများ အင်အားစုဝင် ကိုဇေယျာလွင်က ပြောပါတယ်။

“ကျောင်းသားသမဂ္ဂဆိုတဲ့ခေါင်းစဉ်ဟာ စစ်အာဏာရှင်တွေ အကြောက်ဆုံးသော စကားလုံးဖြစ်တယ်။ အဲဒီကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားနေတဲ့သူတွေကို ပိုပြီးတော့ ပစ်မှတ်ထား ဖမ်းဆီးထောင်ချတာတွေ လုပ်လေ့လုပ်ထရှိကြတယ်။ ဒါကအာဏာရှင်တွေရဲ့ အကျင့်စရိုက်ပေါ့။ ဒီကနေ့မှာလည်း ကျောင်းသားသမဂ္ဂဆိုတဲ့ ခေါင်းစဉ်အောက်က ကျောင်းသားရဲဘော်တွေအားလုံးဟာ ကျရာအခန်းကဏ္ဍမှာ အားလုံးတာဝန်ကျေပွန်စွာ ဦးလည်မသုန် တာဝန်ထမ်းဆောင်နေကြတယ်။ အဲဒီအတွက် ဒီအာဏာရှင်တွေဟာ ကျနော်တို့ ကျောင်းသားသမဂ္ဂကို ခေတ်အဆက်ဆက် မျက်မုန်းကျိုးခဲ့တယ်။ ဖိနှိပ်ခဲ့တယ် ဒီကနေ့မှာလည်း ဆက်လက်ဖိနှိပ်နေဆဲပဲ။ ဘယ်လိုပဲဖိနှိပ်နေ၊ ဖိနှိပ်နေ ကျနော်တို့ ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့တဲ့သူတွေ ကျောင်းသားသမဂ္ဂရဲဘော်ဟောင်းတွေ ခတ်အဆက်ဆက် မျိုးဆက်တွေအားလုံးကတော့ ဒီတော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍမှာ ဆက်လက်ပြီးတော့ အင်တိုက်အားတိုက် တော်လှန်နေဦးမှာပဲ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အောက်တိုဘာ ၁၄ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ကျောင်းသား၊ ကျောင်းသူ ၆၈၁ ဦးထိရှိနေပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့ အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် ကျောင်းသားကျောင်းသူ ၁၀၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။