ဒဂုံကျောင်းသားသမဂ္ဂအဖွဲ့ဝင် သုံးယောက် ထောင် ၁၀ နှစ်စီ ချမှတ်ခံထားရ

2021.11.23
ဒဂုံကျောင်းသားသမဂ္ဂအဖွဲ့ဝင် သုံးယောက် ထောင် ၁၀ နှစ်စီ ချမှတ်ခံထားရ ထောင်ဒဏ် ၁၀ နှစ်ချခံရတဲ့ ဒဂုံကျောင်းသားသမဂ္ဂအဖွဲ့က ကိုစည်သူအောင်တင်၊ ကိုမင်းသုခကျော်နဲ့ မသဉ္ဇာဇော် တို့ကို တွေ့ရစဥ်
Photo: CJ

ရန်ကုန်မြို့က ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်သုံးယောက်ကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ အသီးသီး ချမှတ်ထားပါတယ်။ ဒါဟာ စစ်ကောင်စီဘက်က မတရားမှုကို ဆန့်ကျင်တဲ့ လူငယ်တွေအပေါ် ရည်ရွယ်ချက် ရှိရှိ နှိပ်ကွပ်မှုဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ဝေဖန်ပါတယ်။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်၊ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်၊ အဖွဲ့ဝင်ဖြစ်တဲ့ မသဉ္ဇာဇော် တို့ကို စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ-၁၂၄ (ခ) ပုဒ်မခွဲ (က) နဲ့ တရားစွဲပြီး ပြီးခဲ့တဲ့ စက်တင်ဘာကနေ အခု နိုဝင်ဘာလအထိ သုံးလအတွင်းမှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားပါတယ်။

အသက် ၂၁ နှစ်အရွယ် မသဉ္ဇာဇော်ကို နိုဝင်ဘာ ၈ ရက်နေ့က အင်းစိန်ထောင်စစ်ခုံရုံးမှာ အမိန့်ချဖို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရဲစခန်းကနေ ခေါ်သွားချိန်မှာ သူ့မိခင် ဒေါ်ခင်သန်းအေးလည်း သမီးဖြစ်သူကို တွေ့ချင်တဲ့စိတ်နဲ့ အင်းစိန်ထောင်အထိ လိုက်သွားခဲ့ပါတယ်။

အသက် ၂၀ ကျော်သာရှိသေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးတာဟာ ရက်စက်လွန်းလှတယ်လို့ မိခင်ဒေါ်ခင်သန်းအေးက ပြောပါတယ်။

"သမီးရယ်၊ မေကြီးကလည်း သမီးအတွက်ကို လုပ်နိုင်သရွေ့လုပ်တာပဲလို့၊ ဘယ်လိုပဲနေနေ ပွဲတွေဘာတွေ အကုန်သွားထိုးတယ်သမီး။ ရွှေတိဂုံဘုရားလည်းသွားတယ်။ ဗိုလ်တထောင်ဘုရားလည်းသွားတယ်။ အကုန် လုံးသွားတယ်လို့၊ အမေတဲ့ ၁၂၄ ခ (က) နဲ့ ချလိုက်တာ ၁၀ နှစ်ကျတယ်အမေတဲ့။ ဪ သမီးရယ် ၁၀ နှစ်ကြီးတောင် ရက်စက်လှချည်လားသမီးလို့။ သူများတွေ ကျောင်းတက်ချိန်မှာ သမီးက ကျောင်းမတက် ရဘူး။ ဘယ်လိုလုပ်ကြမလဲလို့။ မေကြီးရယ် သမီးပြန်လာခဲ့ပါမယ်တဲ့။ လွတ်ငြိမ်းတို့ ဘာတို့ဆိုရင်လည်း မေမေမမျှော်ပါနဲ့တဲ့။ သမီးက ပါချင်မှပါမယ်တဲ့။ မေမေ အရမ်းခံစားရမှာစိုးလို့ပါတဲ့ သူက အဲလိုပြော သွားတယ်။"

မသဉ္ဇာဇော်ဟာ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်မှာ သူငယ်ချင်းတွေနဲ့အတူရှိနေတုန်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာ အဖမ်းခံလိုက်ရတာပါ။ ဆန္ဒပြခဲ့တာတွေ၊ မခံချင်စိတ်နဲ့ လုပ်ကိုင်ခဲ့တာတွေ ရှိပေမဲ့ ဒီပြစ်ဒဏ်က ပြင်းထန်လွန်းတဲ့အတွက် ပြန်လျှော့ပေးဖို့ အသနားခံစာ ငါးစောင်ကို နိုဝင်ဘာ ၁၇ ရက် နေ့က တင်ထားတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကျန်းမာရေးမကောင်းတဲ့ မိခင်အတွက် အစစအရာရာ အားကိုးရတဲ့ သမီးကြီး မရှိတာကြောင့် လက်မောင်း တစ်ဖက်ပြုတ်သလို ခံစားရတယ်လို့လည်း ဒေါ်ခင်သန်းအေးက ပြောပါတယ်။

“သူကတော့ အိမ်မှာ မအေကို အပြုစုဆုံးပဲ။ မအေကလည်း ကျန်းမာရေးမကောင်းဘူး။ လေးဘက်နာ လည်းရှိတယ်။ ဂေါက်လည်းရှိတယ်။ ဆီးချို၊ သွေးချို၊ သွေးတိုးလည်းရှိတော့ အိမ်မှာအကုန်လုံး အား အကိုးရဆုံးပဲ။ သမီးရေ ဘယ်သွားဦး၊ ညာသွားဦးဆို အကုန်လုံးအားကိုးရတယ်။ သူမရှိတော့ ကျမ လက်မောင်းတစ်ဖက်ပြုတ်တာပေါ့။ အဲဒါထက် အဲလိုအားကိုးရတာထက် အဓိကကကျောင်းပြီးစေချင်တာ။ ကျောင်းလေးဆက်ပြီးတက်စေချင်တာ ဒါပါပဲ။"

မသဉ္ဇာဇော်၊ ကိုစည်သူအောင်တင်တို့နဲ့အတူ နောက်ထပ် ဒဂုံတက္ကသိုလ်ကျောင်းသား လေးယောက်ဟာ စက်တင်ဘာလ ၁၄ ရက် ညပိုင်းက အဖမ်းခံခဲ့ရတာပါ၊ အဲဒီနောက် ကိုစည်သူအောင်တင် က နိုဝင်ဘာ ၃ ရက်၊ မသဉ္ဇာဇော်က နိုဝင်ဘာ ၈ ရက်မှာ ထောင် ၁၀ နှစ်စီ အသီးသီးချမှတ်ခံလိုက်ရတာပါ။

"ဒီလိုပဲ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေ၊ ကျဆုံးသူတွေအတွက် ပိုပိုပြီး အလုပ်တွေဆက်လုပ်နေကြဦးမယ်လို့ ယုံကြည်တယ်"

ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့မှာ အဖမ်းခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော် ကတော့ စက်တင်ဘာ ၆ ရက်နေ့ကတည်းက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပါတယ်။

အဖမ်းဆီးခံကျောင်းသားလူငယ်တွေဟာ ရှေ့နေငှားခွင့်၊ ခုခံချေပခွင့်မရဘဲ စစ်ခုံရုံးကနေ တိုက်ရိုက်အမိန့်ချ ခံရတာဖြစ်ပါတယ်။

အသက် ၂၀‌ ကျော် လူငယ်ကျောင်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ စစ်ကောင်စီက ကျောင်းသားမိဘတွေရဲ့ ရင်ထဲကိုပါ အကြောက်တရား ထည့်သွင်းလိုက်တာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက် က ပြောပါတယ်။

"အဓိကက လူငယ်တွေ ကျောင်းသားတွေကို ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂက နေရာတော်တော်များများ မှာ ပါဝင်နေကြတယ်ပေါ့။ အဲလိုဆိုတဲ့အတွက် အဓိကဒီနောက်ပိုင်းမှာပိုပြီးတော့ ကြုံတွေ့လာရတာက ကျောင်းသားတွေကို သပ်လျိုသွေးခွဲတဲ့ပုံစံမျိုး ရှိလာသလို မိဘတွေကိုလည်း အကြောက်တရားဖြစ်အောင် လုပ်တာ တွေ့ရတယ်။ နှစ်ရှည်ထောင်ဒဏ်ချတာမျိုးတွေ၊ ရက်ရက်စက်စက် ဖမ်းဆီးပြတာမျိုးတွေကြောင့် မိဘတွေအနေနဲ့ သားသမီးကို တော်လှန်ရေးမှာ ဆက်ပါဖို့အတွက် တားဆီးလာတာမျိုးတွေ အကြောက် တရား ကြီးစိုးလာတာတွေ စသည်ဖြင့်ပေါ့။ ဒီလိုဟာမျိုး ရည်ရွယ်တယ်လို့ မြင်တယ်။ အဓိကအားဖြင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ပိုပြီးရည်ရွယ်ပစ်မှတ်ထားလုပ်ဆောင်လာတာတွေရှိတယ်။"

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ကိုးလကျော်အတွင်း အာဏာ ဖီဆန်ရေးလုပ်လို့ အဖမ်းခံထားရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားပေါင်း ၄၀ ကျော်ရှိနေပြီး သူတို့လက်လှမ်းမမီတဲ့သူတွေလည်းရှိနေတယ်လို့ RFA ကို ပြောပါတယ်။

(ရန်ကုန်မြို့မှာ ၂၀၂၁ နို၀င်ဘာလ ၆ ရက်နေ့က  တကသ​ကျောင်းသားများ အပါအဝင် အဖွဲ့ငါးဖွဲ့ စုပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြစဥ်) Photo - MPA
(ရန်ကုန်မြို့မှာ ၂၀၂၁ နို၀င်ဘာလ ၆ ရက်နေ့က တကသ​ကျောင်းသားများ အပါအဝင် အဖွဲ့ငါးဖွဲ့ စုပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြစဥ်) Photo - MPA

လူငယ်ကျောင်းသားတွေကို ထောင် ၁၀ နှစ် အပြစ်ပေးထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ -၁၂၄ ဟာ အရင်က ပြည်ထောင်စုအစိုးရအဖွဲ့ကို အမုန်းထားအောင်၊ မလေးစားအောင်ပြုလုပ်ရင် ဒါမှမဟုတ် မေတ္တာပျက်အောင်လှုံ့ဆော်ရင် တရားစွဲဆိုနိုင်တယ်လို့ ပြဌာန်းထားပေမဲ့ အခု စစ်အာဏာသိမ်းပြီးနောက် မှာတော့ တပ်မတော်၊ တပ်ဖွဲ့ဝင်များဆိုတဲ့ စာသားကိုပါ စစ်ကောင်စီက ထပ်မံဖြည့်စွက်ခဲ့တာပါ။

ပြစ်ဒဏ်အနေနဲ့လည်း အရင်က ထောင်ဒဏ် ၃ နှစ်ကနေ တစ်သက်တစ်ကျွန်းချနိုင်တယ်လို့ ပြဌာန်းထားပေမဲ့ စစ်ကောင်စီက ငွေဒဏ်နဲ့တကွ ထောင်ဒဏ် ၇ နှစ်ကနေ နှစ် ၂၀ အထိဆိုပြီး ပြင်ဆင်တိုးမြှင့်ခဲ့တာပါ။

လူသားတစ်ဦးအနေနဲ့ ထောင်နှစ်ရှည်ချမှတ်ခံရမှာကို စိုးရိမ်ပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက် အဖမ်း ခံထားရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ သေဆုံးသွားသူတွေအတွက် ဆက်တော်လှန်နေရမယ်လို့ တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်း က RFA ကို ပြောပါတယ်။

"ထောင်ဒဏ်ချမှတ်တာတွေက လူငယ်တွေအပေါ်  စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ အများကြီး ရှိနေတာ မြင်နိုင်တယ်။ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေး အကျဉ်းသားတစ်ယောက်ရဲ့ အခွင့် အရေး ပြည့်ပြည့်ဝဝနဲ့ နေရတာမျိုး မဟုတ်ဘူး။ အပြင်မှာကျန်ခဲ့တဲ့ ရဲဘော်တွေက သူတို့ဒီလိုထောင်ဒဏ် တွေ ချမှတ်တိုင်း ချမှတ်တိုင်း ကြောက်သွားတာထက် ကိုယ့်ရဲဘော်တွေကို ချစ်တဲ့စိတ်၊ ကိုယ့်ရဲဘော်တွေ ကို ဒီလိုမျိုးလုပ်ရကောင်းလားဆိုတဲ့ မခံချင်တဲ့စိတ်နဲ့ တိုက်ပွဲဝင်နေကြတယ်။ ဒီလိုပဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့သူတွေ ၊ ကျဆုံးသူတွေအတွက် ပိုပိုပြီး အလုပ်တွေဆက်လုပ်နေကြဦးမယ်လို့ ယုံကြည်တယ်။ ကြောက်တာတော့ ကျနော်တို့အပါဝင် အားလုံးကြောက်ကြတာပဲ။ ကိုယ့်ရဲ့အသားနာမယ့်ကိစ္စ၊ ကိုယ့်ဘဝ ထိခိုက်မယ့်ကိစ္စ သို့သော် တိုင်းပြည်က ဒီလိုဖြစ်နေတဲ့အတွက် အဲကြောက်စိတ်တွေကို ခဏဘေးဖယ် ထားပြီး တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ပြောချင်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ကိုးလ ကျော်အတွင်း အဖမ်းခံထားရတဲ့ ကျောင်းသူကျောင်းသားပေါင်း ၅၅၀ ရှိနေပြီး၊ ထောင်ဒဏ် ၃ လ ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံထားရသူ လက်ရှိကာလထိ ကိုးယောက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။