မကွေးတိုင်းအနောက်မြောက်ပိုင်းမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေ
2023.09.14

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း အနောက် မြောက်ပိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ ရေစကြိုနဲ့ မြိုင်မြို့နယ်တွေမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်နေသလို၊ ကုန်ဈေးနှုန်းလည်း အဆမတန်တက်နေတယ်လို့ ပြောပါတယ်။
ရေစကြိုမြို့ပေါ်မှာ အရင်က ဆန်တစ်အိတ်ကို ခြောက်သောင်းကျပ်ဝန်းကျင် ရှိရာကနေ အခု တစ်သိန်းကျော်အထိဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆီတစ်ပိဿာကို အရင်က ၂၅၀၀ ကျပ်ရှိခဲ့ပြီး အခုတော့ တစ်သောင်းနှစ်ထောင်အထိ ရှိနေပါတယ်။ တခြားစားသောက်ကုန်ပစ္စည်းတွေကလည်း အရင်ကထက် နှစ်ဆကျော် ဈေးတက် လာနေပါတယ်။
ဒါကြောင့် ဒုစရိုက်မှုတွေ ဖြစ်လာတော့မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အရင်က ဈေးသွားရင် ပိုက်ဆံတစ်သောင်းဆို လောက်တယ်။ အခုကျတော့ ကုန်ဈေးနှုန်းတွေက တအားတက်တော့ ပိုက်ဆံတစ်သောင်းနဲ့ မလောက်ဘူး။ ပိုက်ဆံတစ်သောင်းခွဲ ယူသွားရင်တောင်မှ အဲဒီက ဟင်းချက်စရာ ဝယ်ရင် နှစ်ရက် သုံးရက်စာပဲ။ ဒါတောင် ချွေချွေတာတာသုံးမှသာ ဒီလောက်နဲ့ လောက်တာ။ ဈေးသည်တွေကလည်း တအားတွေ ညည်းနေကြပြီ ကုန်ဈေးနှုန်းတက်တော့။ ဟိုတုန်းက ခရမ်းချဉ်သီး တစ်ပိဿာကို ဝယ်မယ်ဆိုရင်တောင် အခုက အစိတ်သား ငါးဆယ်သားပဲ ဝယ်နိုင်ကြတော့တာလေ။ ကုန်ဈေးနှုန်းတွေ တအားတက်တော့ သူတို့တွေလည်း တအား စိတ်တွေညစ်ကြတာပေါ့။ ကျပ်တည်းတယ်။ တော်တော် ကျပ်တည်းကုန်ပြီ။ ဒီပုံစံဆို မလွယ်ပါဘူး ။ ခိုးဆိုးလုနှိုက်တဲ့ပုံစံတွေ လာတော့မယ် ထင်တယ်"
ရွာတွေဘက်မှာ နေ့စားအလုပ်သမားခ တစ်ရက်ကို ၃၅၀၀/၄၀၀၀ ကျပ် ဝန်းကျင်ပဲရလို့ လက်ရှိ ဖြစ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မိသားစုစားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေဘူးလို့ သူကပြောပါ တယ်။
ရေစကြိုမြို့နဲ့ ဆက်သွယ်ထားတဲ့ ပခုက္ကူ၊ မုံရွာ၊ မန္တလေး စတဲ့ လမ်းကြောင်းတစ်လျှောက် က ဂိတ်တွေမှာ စစ်ကောင်စီတပ်က ကုန်ကားတွေကို လမ်းကြေးကောက်နေတာကလည်း ကုန်ဈေးနှုန်းကို တက်စေတယ်လို့ ပြောပါတယ်။
ဆောမြို့နယ်မှာလည်း မနှစ်က ဆန်တစ်တင်းကို တစ်သောင်းခွဲကနေ လက်ရှိ လေးသောင်းလောက် ဖြစ်နေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဆပ်ပြာ၊ သွားတိုက်ဆေး စတဲ့ လူသုံးကုန်ပစ္စည်းဈေးတွေလည်း သုံးဆလောက်တက်နေတယ်လို့ ပြောပါတယ်။
အိမ် မီးရှို့ဖျက်ဆီးခံထားရလို့ တောထဲမှာနေရတဲ့ ပဆုပ်ရွာက ဒေသခံအမျိုးသမီးကတော့ ကုန်ဈေးနှုန်းကြောင့် သားငါးမစားနိုင်တော့ဘဲ ဟင်းသီးဟင်းရွက်တွေပဲ စားသောက်နေရတဲ့ မိသားစုတွေ များလာတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ရွာကကျတော့ မီးလောင်ထားတယ်လေ။ မီးလောင်ထားတယ်ဆိုတော့ ကျွန်မတို့ဆို အိမ်မရှိဘူးရှင်။ ရှင်းရှင်းပြောရလို့ရှိရင် အခုတောင်မှ ကျွန်မတို့က တောထဲမှာနေရတယ်။ ရွာထဲမှာကျ အိမ်မဆောက်ရသေးဘူး။ အဲလိုမျိုးအခြေအနေမှာ စားဝတ်နေရေးက အရမ်းခက်ခဲတယ်ပေါ့နော်။ ပြီးတော့ ကုန်ဈေးနှုန်း ကြီးမှုတွေနဲ့ အသားငါးတွေ သိပ်မစားနိုင်ဘူးပေါ့နော်။ အသီးအရွက် အဲလိုမျိုးနဲ့ လည်ပတ်နေတာတွေ ရှိတာပေါ့။ မိသားစုတွေ တော်တော်များများလေ"
သူတို့ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မီးရှို့လို့ အိမ် ၇၇ လုံး ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာလည်း တစ်ရွာလုံးနီးပါး တုတ်ကွေးတွေဖြစ်လို့ ဖျားနာနေကြပြီး ဆေးဝယ်ဖို့ခက်နေသလို ဆေးဖိုးတွေကလည်း တက်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေမယ်လို့ ကြေညာလိုက် ကတည်းက ကုန်ဈေးနှုန်းတွေ တစ်နေ့တခြား တက်လာတာလို့ မြိုင်မြို့နယ် နှမ်းစားကျင်းရွာက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"နှစ်သောင်းတန်ထွက်မယ် ပြောပြီးကတည်းက ကုန်ဈေးနှုန်းတွေက တက်လာ တော့တာပဲ။ ရေရှည်ဆိုရင်တော့ မလွယ်ဘူးပေါ့။ လူတွေ အရမ်းဒုက္ခရောက်ကြမှာပေါ့။ စားစရာမရှိ၊ သွားဖို့လာဖို့က လမ်းပန်းဆက်သွယ်ရေးက မလွယ်။ လက်ထဲ ပိုက်ဆံ ရှိပြန်တော့လည်း ဝယ်စားဖို့က အဆင်မပြေလေ။ အဲလိုမျိုးတွေ ဒုက္ခရောက်ကြမှာပေါ့ ရေရှည်ဆိုလို့ကတော့"
ကုန်ဈေးနှုန်းတွေမြင့်တာဟာ အခြေခံလူတန်းစားတွေကို ပိုပြီးကျပ်တည်းစေတယ်လို့လည်း ဂန့်ဂေါမြို့ခံ တစ်ယောက်က ပြောပါတယ်။
"အလုပ်မရှိ၊ ဝင်ငွေမရှိ၊ ကုန်ဈေးနှုန်းမြင့်တာ၊ ဒါတွေနဲ့လေ လုံးချာတွေလိုက်နေတာ"
"အခုအချိန်မှာကျတော့ ဘာနေနေ ဈေးနှုန်းတွေက အများကြီးတက်သွားတာ ဖြစ်တဲ့အတွက် တော်တော့်ကို ချွေချွေတာတာနဲ့ လုပ်စားနေရတယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အရမ်းကို ရှားပါးတယ်။ ရှားပါးတာ ဖြစ်တဲ့အတွက် တော်တော်လေးကို ငွေကြေးပိုင်းက တော်တော်ကြီးကို ခက်ခဲသွားကြတာပေါ့။ ဒီဘက်မှာ အဲဒီလိုမျိုးဖြစ်တယ်။ အလုပ်မရှိ၊ ဝင်ငွေမရှိ၊ ကုန်ဈေးနှုန်းမြင့်တာ၊ ဒါတွေနဲ့လေ လုံးချာတွေလိုက်နေတာ"
ဂန့်ဂေါမြို့ပေါ်ကို ဆေးဝါး၊ ကျောင်းသုံးပစ္စည်းတွေနဲ့ အခြားကုန်ပစ္စည်းတွေသယ်တာကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးသန်းဆွေဝင်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကုန်ဈေးနှုန်းကြီးတာဟာ မသမာသူတွေ ဈေးကစားလို့ ဖြစ်ရတယ်လို့ ဩဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးရာ ကော်မတီအစည်းအဝေးမှာ ပြောထားပါတယ်။