နိုင်ငံတကာဥပဒေတွေကို မြန်မာစစ်တပ် ချိုးဖောက်နေကြောင်း HRW ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.01.13
နိုင်ငံတကာဥပဒေတွေကို မြန်မာစစ်တပ် ချိုးဖောက်နေကြောင်း HRW ပြော ၂ဝ၂၁ ဖေဖော်ဝါရီလက နေပြည်တော်တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကို ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo: AFP

ဇန်နဝါရီလ ၁၃ရက်က ပြုလုပ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ အတော်များများမှာ ဒီမိုကရေစီပျောက်ဆုံးပြီး လူ့အခွင့်အရေးကို အလေးမထားတဲ့ အာဏာရှင် အစိုးရတွေ အင်အားကြီးထွားလာတာ ကြုံနေရတဲ့အကြောင်းနဲ့ ဒီမိုကရေစီနိုင်ငံတွေ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကို ဝိုင်းဝန်း ဖြေရှင်းမှသာ ဒီမိုကရေစီစနစ်ဟာ ဆက်လက် တည်မြဲလိမ့်မယ်လို့ HRW ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Kenneth Roth က ပြောသွားပါတယ်။

HRW က ၂၀၂၁ခုနှစ်က အဖြစ်အပျက်တွေကို ခြုံငုံသုံးသပ်ပြီး ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာထဲမှာ မြန်မာ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေ ပိုဆိုးလာတဲ့ အကြောင်းကို HRW ရဲ့ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေတွေ အလွန်အမင်း ဆိုးဝါးလာတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သာမန်အရပ်သား ပြည်သူတွေအပေါ် မှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု Crimes against Humanity မြောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ မြန်မာ စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု တွေ အမျိုးမျိုး ကျူးလွန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေထဲမှာ အရပ်သား ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ အသက်သေတဲ့အထိ နှိပ်စက် ညှဉ်းပန်းမှုတွေက အပြင်းထန်ဆုံး မှုခင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်နဲ့ ချီတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျင့်သုံးခဲ့တာအတွက် ဖမ်းဆီးခံထားရပြီး၊ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံရမယ့် အလားအလာ ရှိနေပါတယ်။ ဒီလုပ်ရပ်တွေဟာ အရင်စစ်အစိုးရတွေလက်ထက်က သူတို့ အာဏာတည်မြဲဖို့ ဘာဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ အခြေအနေကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီ အကူးအပြောင်း လုပ်ငန်းစဉ်တွေအားလုံး လုံးဝ ရပ်တန့်သွားစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေအပါအဝင် ရာနဲ့ချီတဲ့ လွှတ်တော် အမတ်တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် အစဖျောက်ဖျက်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ဖော်ပြ ထားပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ လူပေါင်းသန်းနဲ့ချီ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့နောက် လုံခြုံရေး တပ်တွေ ဟာ အရပ်သားပြည်သူတွေအပေါ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အဓမ္မဖမ်းဆီး ဖျောက်ဖျက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်တာ၊ မုဒိမ်းကျင့်တာအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန် ခြင်းနဲ့ အခြားလူသားမဆန်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာက သုံးသပ်ဖော်ပြ ထားပါတယ်။

Soldiers-3.jpg
၂ဝ၂၁ ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကို ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အစိုးရအရာရှိတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ အရပ်ဘက် ဝန်ထမ်းတွေ အပါအဝင် ပြည်သူ ၈၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ဖမ်းဆီးလိုသူတွေကို မတွေ့တဲ့ အခါမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေလို သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းသွားလေ့ရှိတဲ့အကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ၁၀၀ ကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ အတည်မပြုဘဲ အစဖျောက်ခဲ့တဲ့တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဘေးကရပ်ကြည့်နေသူ အများစုဖြစ်တဲ့ လူ ၁၂၀၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့ကြကြောင်း၊ နိုင်ငံတကာဥပဒေတွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင် ရချိန်မှာ မဖြစ်မနေ အင်အားသုံးဖို့ သတ်မှတ်ပြဌာန်းထားပေမဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင် တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုမရှိတဲ့ လက်နက်မဲ့ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက အတည်ပြုထားတဲ့အကြောင်း အစီရင် ခံစာက ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်းပြည်နယ်လို တိုင်းရင်းသားဒေသတွေမှာ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ချေမှုန်းဖို့ အကြောင်းပြချက်နဲ့ စစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း၊ လေတပ်နဲ့ ဗုံးကြဲခြင်း စတဲ့ လုပ်ရပ်တွေကြောင့် ရွာပေါင်းများစွာ ပျက်စီးပြီး လူထောင်ပေါင်း များစွာ နေအိမ်ကနေ ထွက်ပြေးခဲ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူပြီး ဖိအားပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက တိုက်တွန်း နေတဲ့အကြောင်း Phil Robertson က အခုလို ပြောပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ဟာ မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ နိုင်ငံအစိုးရတွေကို တိုက်တွန်းနေပါတယ်။ နိုင်ငံတကာ ကနေ ဝိုင်းဝန်းဖိအားပေးမှုတွေကနေတဆင့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်တွေ ရပ်တန့်ဖို့၊ စေ့စပ်ညှိနှိုင်းရေး စားပွဲကို ရောက်လာဖို့နဲ့ နောက်ဆုံးမှာ စစ်တန်းလျားကို ပြန်သွားဖို့ ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်”

chin.jpeg
ချင်းပြည်နယ် ထန်တလန်မြို့တွင် ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ်များ မီးလောင်နေသည့် မြင်ကွင်း။ (Photo:The Chinland Post)

လက်ရှိအချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂကနေတဆင့် ကြိုးပမ်းနေကြပေမဲ့ အောင်မြင်မှုမရသေးတဲ့ အခြေအနေတွေကိုလည်း HRW ရဲ့ အမှုဆောင်ညွှန်ကြားရေမှူး Kenneth Roth က အခုလို ပြောပါတယ်။

“အခုအချိန်မှာ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကြိုးပမ်း မှုတွေ မအောင်မြင်သေးတာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာ သုံးပြီး ပယ်ချဖို့ ခြိမ်းခြောက်မှုတွေရှိနေလို့ ဖြစ်ပါတယ်။ ဒါဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေကို အကာအကွယ်ပေးဖို့ ဗီတိုအာဏာကို တလွဲအသုံးချနေတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာ စစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေး ချိုးဖောက်တာကို အရေးယူဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် သူတို့ရဲ့ ချိုးဖောက်မှုတွေအတွက်လည်း အလားတူ အရေးယူခံရဖို့ စိုးရိမ်နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ကုလလုံခြုံရေးကောင်စီဟာ လူ့အခွင့်အရေး ပြဿနာ တွေကို ကိုင်တွယ်ဖို့ အလုပ်မဖြစ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေပါတယ်”

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ တစ်နိုင်ငံချင်း လုပ်လို့ရတာတွေ ရှိသေးတဲ့အကြောင်း၊ အထူးသဖြင့် မြန်မာစစ်တပ်ကို အဓိက ဝင်ငွေရှာပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူဖို့လိုတဲ့အကြောင်း၊ ဒီအတွက် ပြင်သစ်ရေနံကုမ္ပဏီ Total နဲ့ အမေရိကန်ရေနံ ကုမ္ပဏီ Chevron တို့အနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရမယ့် အကျိုးအမြတ်တွေကို မြန်မာစစ်တပ်ကို မပေးအပ်ဘဲ အနာဂတ်မှာ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် အသုံးပြုနိုင်ဖို့ escrow အကောင့်တစ်ခုဖွင့်ပြီး ထိန်းသိမ်း ထားဖို့ အမေရိကန်နဲ့ ပြင်သစ်အစိုးရတွေကနေ ဖိအားပေး ဆောင်ရွက်သင့်တဲ့ အကြောင်းလည်း သူက ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။