NLD အစိုးရရဲ့ ကာကွယ်ဆေး အစီအစဉ် စစ်ကောင်စီ ထက်ဝက်သာ ဆောင်ရွက်နိုင်
2021.08.05
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်းမှာ တရုတ် နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေးနေတာပါ။
ဒါပေမဲ့ စစ်ကောင်စီအပေါ် ပြည်သူလူထုက အယုံအကြည်မဲ့နေတာအပြင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ဟာ အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုးကို ကာကွယ်မှု ရှိ၊ မရှိ မသေချာတာကြောင့် ပြည်သူလူထုအချို့က ဒီဆေးကို ထိုးဖို့ငြင်းဆန်နေကြပါတယ်။ မြန်မာနိုင်ငံမှာ အခုထိုးနှံနေတဲ့ဆေးဟာ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီထုတ် ကာကွယ်ဆေး ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုကျော်မျိုးလွင်ကတော့ ဒီဆေးကို ထိုးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"တရုတ်ဆေးဖြစ်နေတာကတော့ အဓိကအချက် ဖြစ်နေတာပေါ့။ ဒုတိယက စစ်ကောင်စီက ထိုးပေးတဲ့ ဆေးဖြစ်နေတဲ့အတွက် ကျွန်တော် မယုံတာလည်းပါတယ်။ ဥပမာ ပြည်သူ့အစိုးရလက်ထက်မှာဆိုရင် ကျွန်တော်က ထိုးကိုထိုးမှာ။ ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ ကျွန်တော်မထိုးဘူး။ ငြင်းတယ်။ အမှန်အတိုင်း ပြောရရင် သူတို့ အခုထိုးပေးမယ့်ဆေးကို ထိုးခြင်း၊ မထိုးခြင်းဟာ ကျွန်တော်တို့အတွက် တော့ ကွာခြားမှာ မဟုတ်ဘူးလို့ ယုံကြည်ထားတာပေါ့လေ။ ဆေးထိုးပြီး ကာကွယ်တာထက်စာရင် နှာခေါင်းစည်းတပ်ပြီး လူထူတဲ့နေရာတွေကို ရှောင်တာ၊ အကြောင်းမရှိဘဲ အပြင်မထွက်တာ၊ လက် ဆေးတာ၊ အဲလိုစနစ်တကျလေး ကာကွယ်ရင် ဆေးထိုးတာထက် ပိုထိရောက်တယ်လို့ထင်ပါတယ်"
သူနဲ့နီးစပ်တဲ့ မိတ်ဆွေအသိုင်းအဝိုင်းကြားမှာလည်း ဒီဆေးအပေါ် ယုံကြည်မှု နည်းနေကြရတာ တွေ့ရတယ် လို့လည်း ကိုကျော်မျိုးလွင်က ပြောပါတယ်။
လုံခြုံရေးအရ နေရာနဲ့အမည်ကို မဖော်ပြလိုတဲ့ ဆရာဝန်တစ်ဦးကတော့ အခု ကိုဗစ်ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိကြတာက စစ်ကောင်စီရဲ့ ပြည်သူ့အပေါ် ရက်စက်မှုတွေအပြင် တရုတ်နိုင်ငံဟာ ဈေးပေါပြီး အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုသာ ထုတ်လုပ်လေ့ရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
"အကြမ်းဖက်စစ်ကောင်စီက သူတို့ရဲ့လုပ်ရပ်တွေက ပြည်သူလူထု ယုံကြည်စရာကောင်းအောင်ပေါ့နော် ဘာတစ်ခုမှမရှိဘူးပေါ့။ အဓိကကတော့ ပြောရရင် ပြည်သူကိုအကြမ်းဖက်ပြီးတော့ ဖမ်းဆီး၊ နှိပ်စက်၊ ညှဉ်းပန်းထားတဲ့သူက ပြန်ပြီးတော့ ကာကွယ်ဆေးတွေ ဘာတွေ ထိုးမယ်ဆိုတော့ ပြည်သူကဘယ်ယုံမလဲ ပေါ့နော်။ အဓိကကတော့ ယုံကြည်မှုပြဿနာပဲဗျ။ ပြောရရင် ပြည်သူ့အစိုးရထက် တစ်ဝက်လောက်သာ အလုပ်လုပ်နိုင်တယ်။ လုပ်နေတာကလည်း သူတို့ ထိုးတဲ့ဆေးတွေက တရုတ်၊ ရုရှားဆိုတဲ့ သူတို့နဲ့ သင့်မြတ်တဲ့ နိုင်ငံတွေက ဆေးပဲဖြစ်နေတယ်။ အဲဒီအပေါ်မှာလည်း ပြည်သူလူထုက နဂိုကတည်းက ပေါ့နော် အယုံအကြည် သိပ်မရှိကြတာလည်း ပါတယ်ပေါ့နော်။ ဥပမာ တရုတ်ဆေးဆိုရင် ဘာပဲဖြစ်ဖြစ် အခြားဆေးတွေထက် အရည်အသွေးနိမ့်တယ်၊ တရုတ်ပစ္စည်းဆိုရင် အရည်အသွေးနိမ့်တယ်ဆိုပြီးတော့ လူတွေရဲ့စိတ်ထဲမှာ အစွဲအလန်းရှိနေတယ်"
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဟာ အခြားကာကွယ်ဆေး အမျိုးအစားတွေနဲ့ နှိုင်းယှဉ်ရင် အရည်အသွေးပိုင်းမှာ မေးခွန်းထုတ်စရာရှိပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အခြားရွေးချယ်စရာမရှိရင် ထိုးကြဖို့ ခွင့်ပြုထားတာကြောင့် ကာကွယ်ဆေးထိုးကြဖို့ကိုလည်း သူကပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုး ကတော့ ကာကွယ်ဆေး ထိုးတာကသာ ရောဂါထိန်းချုပ်ရေးအတွက် ရေရှည်ထွက်ပေါက်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
"အသက်ရှူလမ်းကြောင်းထဲကို ဗိုင်းရပ်စ်ပိုး ရောက်တဲ့အခါမှာ သူကပွားမယ်ဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ခုခံမှုတွေက သတ်ပစ်လိုက်တဲ့အခါကျတော့ ထင်သလောက် ပွားလို့မရတော့ဘူး။ အဲဒီခါကျတော့ သူ့ဆီက ပြန်ထွက်တဲ့ ဗိုင်းရပ်စ်ပိုး ပမာဏကလည်း နည်းသွားတာပေါ့။ သူ့ရဲ့ထွက်တဲ့ပမာဏနည်းလေလေ တစ်ဘက်လူကို ကူးစက်မှု နည်းလေလေပေါ့နော်။ အဲတော့ ကူးစက်မှုကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါတွေက နောက်ပိုင်းမှာ တော်တော် တွေ့ရှိလာရတယ်ပေါ့နော်။ အဲဒီအချက်အလက်တွေ အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ စတာတွေကို ရေရှည်အကြာကြီး လုပ်ဖို့ဆိုတာလည်း မလွယ်ဘူးပေါ့နော်။ ရေရှည်ထွက်ပေါက်ကတော့ ကာကွယ်ဆေး ပါပဲ။ ဒီဟာကို ကျွန်တော်တို့က ရအောင်သွားရမှာဖြစ်ပါတယ်"
မြန်မာပြည်မှာထိုးပေးဖို့စီစဉ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ တရုတ်နိုင်ငံထုတ် တစ်ခုတည်းမဟုတ်ဘဲ ရုရှားနဲ့ အိန္ဒိယနိုင်ငံထုတ် ဆေးတွေလည်း ပါဝင်တယ်လို့ ဒေါက်တာ သန်းနိုင်စိုး က ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကာကွယ်ဆေးထိုးနှံရေး COVAX အစီအစဉ်ကတဆင့် ရရှိမယ့် ဆေး ၁၁ မျိုးမှာလည်း တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ပါဝင်တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ် ဆေးပညာဌာနရဲ့ စာရင်းဇယားတွေအရ အခုလက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာထိုးနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအနက် အမေရိကန်က ထုတ်လုပ်တဲ့ မိုဒါးနား (Moderna) နဲ့ အမေရိကန်နဲ့ ဂျာမဏီထုတ် ဖိုင်ဇာ (Pfizer) ဆေးတွေက အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ ကိုဗစ်ပထမလှိုင်းမှာ ကူးစက်ခဲ့တဲ့ အယ်လ်ဖာ ဗိုင်းရပ်စ်ပိုး ကို ၉၀% ကျော် နဲ့ အခု မြန်မာပြည် တတိယလှိုင်း အတွင်းက ကူးစက်မြန် ဒယ်လ်တာပိုးကို ၈၀% ကျော် ကာကွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ယေးလ်တက္ကသိုလ်စာရင်းမှာ ဖိုင်ဇာနဲ့ မိုဒါးနား အပြင် အမေရိကန်နိုင်ငံကထုတ်တဲ့ Johnson & Johnson ဆေးနဲ့ ဗြိတိန်နိုင်ငံထုတ် အက်စတာ ဇက်နက်ကာ (Astra Zeneca) ဆေးတွေကို ဒုတိယ အကောင်းဆုံး ကာကွယ်ဆေးတွေ အဖြစ် ဖော်ပြထားပြီး တရုတ်နိုင်ငံထုတ် ဆီနိုဖမ်း (Sinopharm) နဲ့ ဆီနိုဗက် (Sinovac) တို့ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကိုဗစ်ပထမလှိုင်းကာလက ကူးစက်ခဲ့တဲ့ အယ်လ်ဖာဗိုင်းရပ်စ်ပိုးကို ၇၀% ကျော် ကာကွယ်ပေးနိုင်တဲ့ ဆီနိုဖမ်းနဲ့ ဆီနိုဗက်ဆေးတွေကို အသိအမှတ်ပြုထားပါတယ်။ အဲဒီဆေးတွေဟာ အခု မြန်မာပြည် ကိုဗစ်တတိယလှိုင်းမှာ ကူးစက်နေတဲ့ ဒယ်လ်တာဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်မှု ရှိ၊ မရှိ ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
"ဘာဆေးရရ ကာကွယ်ဖို့ အရေးကြီးပါတယ်။ လုံးဝ မကာတာနဲ့စာရင် ကာတာက ကိုယ့်အတွက် အမြတ်ပေါ့"
ဒါပေမဲ့ မြန်မာပြည်သူတွေအနေနဲ့ အခြား ကာကွယ်ဆေးအမျိုးအစားတွေကို ရွေးချယ်ခွင့်မရှိတာကြောင့် ရတဲ့ဆေးကို ထိုးထားကြဖို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက အကြံပြုပါတယ်။
"ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။ ဘာဆေးရရ ကာကွယ်ဖို့ အရေးကြီးပါတယ်။ ၁၀ ရာခိုင်နှုန်းပဲ ကာကွယ်၊ ၂၀ ရာခိုင်နှုန်းပဲ ကာကွယ်၊ ၅၀ ပဲ ကာကာ ကာတာက ကိုယ့်အတွက် အမြတ် ပေါ့နော။ လုံးဝ မကာတာနဲ့စာရင် ကာတာက ကိုယ့်အတွက် အမြတ်ပေါ့။ ဘယ်လိုကာကွယ်ဆေးပဲ လာလာ ကျွန်တော် ကတော့ ထိုးသင့်တယ်လို့ မြင်တယ်။ ဘာလို့ဆို အခုတတိယလှိုင်းမှာ လူတွေက အများကြီးခံရတာဗျ။ ပြီးခဲ့တဲ့ ဒုတိယလှိုင်းကာလက ကာကွယ်ဆေးမထိုးခဲ့တဲ့ ဒဏ်ကြောင့် အများကြီး ခံနေကြရတာ။ ကာကွယ်ဆေးထိုးတာက ကောင်းပါတယ်။ ကျွန်တော့အမြင်ကတော့ ထိုးစေချင်ပါတယ်"
ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ အသက် ၁၈ နှစ်နဲ့ အထက် လူဦး ၃၈.၃၅ သန်းစလုံးကို အခုနှစ်အတွင်းမှာ ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ serum institute of India (sii)က ဝယ်ယူထားတဲ့ ကိုဗစ်ရှီး (Covidshield) ကာကွယ်ဆေး သန်း ၃၀ နဲ့ Global Alliance for Vaccines and Immunization COVAX facility က ထောက်ပံ့မယ့် ကာကွယ်ဆေး ၂၇ သန်း ကို ပြည်သူတွေအားလုံးကို ဆက်တိုက်ထိုးနှံပေးဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (covishield) ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ထိုးနှံပြီး ငါးရက်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် အဲဒီနောက် လူပေါင်း ၂.၇၅ သန်းလောက်ကိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ NLD အစိုးရအစီအစဉ်နဲ့ အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ်ရှီး (Covidshield) နဲ့ COVAX facility က ထောက်ပံ့မယ့် ကာကွယ်ဆေးအစီအစဉ်တွေ ရပ်တန့်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း RIA သတင်းဌာနနဲ့ မေးမြန်းခန်းတစ်ခုမှာ အိန္ဒိယနိုင်ငံတွင်းမှာ ရှိနိုင်တဲ့ အခက်အခဲတွေကြောင့် ကာကွယ်ဆေး ရောင်းချမှုတွေကို ခေတ္တရပ်ဆိုင်းထားတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံက Sputnik V နဲ့ Sputnik Light ကိုဗစ်ကာကွယ်ဆေး နှစ်သန်း ဝယ်ယူဖို့ ဆောင်ရွက်နေသလို နောက်ထပ် ခုနစ်သန်း ထပ်ဝယ်ဖို့ စီစဉ်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ပါ ညှိနှိုင်းနေတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတစ်ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်သူတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ အခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း လူဦးရေ ၅၀ ရာခိုင်နှုန်းအထိ ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ မျှော်မှန်းထားကြောင်း ပြောဆိုခဲ့ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုး ကလည်း နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အထက် လူဦးရေ သန်း ၃၀ ကျော်ရှိတဲ့အနက်က ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၆ သန်းနီးပါးခန်းကို အခုနှစ်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှာဖြစ်တယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေကတော့ အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားအစိုးရ လက်ထက်က စီစဉ်ခဲ့တဲ့ အခုနှစ်အတွင်း အသက် ၁၈ နှစ်အထက် လူဦးရေ ၃၈ သန်းကျော်အထိ ကာကွယ်ဆေး ထိုးနှံရေး မျှော်မှန်းချက်ကို တစ်ဝက်လောက်သာ လုပ်နိုင်စွမ်းရှိသလို ကာကွယ်ဆေးကို အချိန်မီမထိုးနိုင်ခဲ့တဲ့အတွက် ကိုဗစ်ကြောင့် သေဆုံးမှုတွေ ပိုများခဲ့ရတာလို့ ပြောဆိုကြပါတယ်။