ကိုဗစ်တတိယလှိုင်းအောက်က မြန်မာနိုင်ငံ
2021.07.14
အောက်ဆီဂျင်ဟာ လေထဲမှာ အဓိကပါဝင်ပြီး သက်ရှိသတ္တဝါတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ အောက်ဆီဂျင်ရဲ့ ဂုဏ်သတ္တိတခုက ကိုယ်တိုင်မီးမလောင် ဒါပေမယ့် မီးလောင်မှုကိုတော့ အားပေးပါတယ်။ အခုလည်း နိုင်ငံရေး၊စီးပွားရေး၊ စစ်ရေး အကျပ်အတည်းတွေကို ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူတွေအတွက် သောကအပူမီးတွေကို အောက်စီဂျင်ဓာတ်ငွေ့က ပိုပြီး လောင်မြိုက်စေနေပါပြီ။
ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင်က အလုအယက်ရှာဖွေနေရတဲ့ အရာဖြစ်နေပါတယ်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဆင့်ပွားပိုးကူးစက်ခံရသူတွေဟာ ဖျားနာပြီး နှစ်ပတ်အတွင်းလောက်မှာ အောက်ဆီဂျင် ထိုးကျလေ့ရှိတယ်လို့ ကူးစက်ခံရသူတွေကပြောပါတယ်။
အောက်ဆီဂျင်အိုး ဘယ်မှာရနိုင်မလဲ၊ ဘယ်မှာ ဖြည့်လို့ရလဲ၊ ဘယ်မှာ ဝယ်လို့ ငှားလို့ရလဲဆိုတဲ့ လူနာရှင်တွေရဲ့ အသံတွေဟာ မြန်မာနိုင်ငံတဝန်းမှာ နေ့ရောညရော ပွက်ပွက်ညံနေပါတယ်။ အောက်ဆီဂျင်အချိန်မီ မရလို့ သေဆုံးရသူတွေလည်း တနေ့တခြား များလာနေပါတယ်။
ဆေးရုံတက် ကုသနေရတဲ့ ကိုဗစ်လူနာမှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် သေဆုံးသွားခဲ့ရပြီး အိမ်မှာကျန်ခဲ့တဲ့မိသားစုဝင်က အချိန်မီ အောက်ဆီဂျင်အိုးမရလို့ နောက်တစ်ရက်မှာ ထပ်ပြီးသေဆုံးခဲ့ရတယ်လို့ လူနာရှင်ရဲ့ဆွေမျိုးတစ်ဦးကပြောပါတယ်။
"ယောက်ဖကတော့ အောက်ဆီဂျင်လျော့သွားတာပေါ့နော် ဆေးရုံကပေးတဲ့ဟာကိုက လျော့တာ။ သူကအမြင့်ဆုံး ရှူနေရတဲ့အဆင့်၊ အဲ့တော့ သိပ်မခံဘူးပေါ့။ အောက်ဆီဂျင် လုံးဝကုန်သွားတာမျိုးတော့ မဟုတ်ဘူး၊ ယောက်ဖအဖေကတော့ အောက်ဆီဂျင် ကုန်ကိုကုန်သွားတာ။ လူနာကတော့ အသက် ၇၀ ကျော်ပြီပေါ့နော်၊ အောက်ဆီဂျင်ကလည်း အပြင်မှာ တအားရှားတော့ ဒီအတိုင်း နည်းနည်းပဲ ကျန်တော့တဲ့ အချိန်မှာ လိုက်ရှာရတယ်။ ကျွန်တော်လည်းရှာ တခြားသူတွေလည်း ရှာကြတယ်ပေါ့။ အောက်ဆီဂျင်က လုံးဝကုန်သွားတယ်။ သူ့အိမ်မှာရှိတဲ့ သူ့ရဲ့မြေးတွေကတော့ မှောက်လျက်အနေအထားတွေ ဘာတွေလုပ်တယ်။ လက်ဖြစ်နဲ့ အောက်ဆီဂျင် ပေးတဲ့ဟာ ကြိုးစားပြီးလုပ်ကြတယ်။ ဒါပေမယ့် ဆုံးသွားတယ်ပေါ့နော်။ ဆုံးသွားပြီး ၅ မိနစ် ၁၀ မိနစ်လောက်နေမှ အောက်ဆီဂျင်ဘူး ရောက်လာတယ်။ ခုဟာက အောက်ဆီဂျင် တအားခက်ခဲနေတဲ့ အနေအထားမှာရှိတယ်ပေါ့၊ တကယ်လို့ အရင်အောက်ဆီဂျင်ရှိရင်လည်း ထပ်ပြီးတော့ အသက်ဆက်သွားမယ်လို့ ကျွန်တော်တို့မြင်တယ်ပေါ့နော်"

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတဲ့ လက္ခဏာခံစားရသူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတွေကို ဆက်သွယ်ဖို့နဲ့ ဒေသန္တရ ကျန်းမာရေးဌာနတွေရဲ့ လွှဲစာပါမှ ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေက လက်ခံမယ်လို့ စစ်ကောင်စီထိမ်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လွှဲစာမပါရင် ဆေးရုံတွေကလည်း လက်မခံတဲ့အတွက် ပြည်သူတွေက ဆက်သွယ်ပေမယ့် ဖုန်းမကိုင်တာ၊ ဆေးစစ်မပေးဘဲ ပြန်လွှတ်တာ တွေရှိနေပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် ရောဂါကူးစက်မှု ပြဿနာကို ပြည်သူအများစုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းနေကြရပါတယ်။
ငွေကြေးမတတ်နိုင်လို့ ပုဂ္ဂလိကဆေးခန်းတွေမသွားနိုင်တာကြောင့် ဒေသန္တရနဲ့ ရန်ကုန်ဆေးရုံကြီးကိုသွားပေမယ့် အိမ်မှာပဲနေဖို့ မှာလိုက်တယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
"စစ်ချင်လို့ပေါ့။ ညီမအနံ့မရလို့ ဆေးရုံကို စစ်ချင်လို့သွားတာ မစစ်ပေးဘူးတဲ့၊ စစ်ဖို့ကလည်း ဒီကုတင်ပေါ်တင်မှ စစ်လို့ရမယ်တဲ့ အဲ့ဒီကုတင်ကလည်း ပြည့်နေတဲ့အတွက် လက်မခံတော့ဘူးတဲ့၊ အရေးကြီးတဲ့လူနာတွေလောက်ပဲ အဲ့ဒီကုတင်မှာထားတာတဲ့ အဲ့ဒီလူတွေတောင် ခုချိန်ထိမစစ်ရသေးဘူးတဲ့၊ အဲ့ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ အိမ်မှာနေတဲ့"
နီးစပ်ရာဆရာဝန် ဒါမှမဟုတ် အင်တာနက်မှာ ရေးသားနေတဲ့ ကုထုံးတွေနဲ့ အိမ်မှာ ကုသရတဲ့လူနာတွေက တနေ့တခြား များပြားနေတဲ့အတွက် အောက်ဆီဂျင် လိုအပ်မှုကလည်း ပိုမိုမြင့်တက်လာနေပါတယ်။

နေ့စဉ် အောက်ဆီဂျင်ရဖို့ အပူတပြင်းရှာဖွေနေရတဲ့ ရောဂါပိုးသံသယရှိသူတွေက အောက်ဆီဂျင်အိုးဝယ်ဖို့နဲ့ ပြန်ဖြည့်နိုင်မယ့် နေရာတွေမှာ အလုအယက် ကြိုးပမ်းရှာဖွေနေရလို့ ဒီအခြေအနေက ပိုးပြန့်ပွားမှု ပိုဖြစ်ပွားနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ညမထွက်ရအမိန့်နဲ့ စစ်အုပ်ချုပ်ရေးအမိန့်တွေကြောင့် ညအချိန် အောက်ဆီဂျင်မလုံလောက်တဲ့အခါ ပိုပြီးအခက်ကြုံ ရတယ်လို့ အောက်ဆီဂျင်ရှာဖွေနေသူတွေက ပြောပါတယ်။ အောက်စီဂျင်အိုးရရှိဖို့၊ Flow Meter ရရှိဖို့ အောက်ဆီဂျင်ဖြည့်နိုင်ဖို့ ဘယ်အချိန် ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ မေးမြန်းဆက်သွယ်ရ ခက်ခဲနေတာကြောင့် မြို့အနှံ့ အောက်ဆီဂျင်အိုးသယ်ပြီး လိုက်ရှာရနေသူတွေ နေ့ရောညပါ များပြားနေပါတယ်။
အောက်ဆီဂျင်အိုးရဲ့ ဈေးနှုန်းကလည်း သုံးဆကျော် မြင့်တက်သွားပြီး ဝယ်လှောင်ထားကြတဲ့ စီးပွားရေးသမားတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတ ကူညီနေသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ဝယ်လိုအား မြင့်တက်တာ အချိန်မီငှားရမ်းဖို့၊ ဝယ်ယူဖို့ ခက်ခဲလာတာကြောင့် တချို့မိသားစုတွေကလည်း ကြိုတင်စုဆောင်း ဝယ်ထားကြတာတွေ ရှိနေပါတယ်။
မလိုအပ်သေးဘဲကြိုတင်ဝယ်ထားသူတွေနဲ့ အိုးအပိုရှိသူတွေအနေနဲ့ ပြည်သူအချင်းချင်း ကူညီမျှဝေသုံးစွဲပေးကြဖို့ ကိုဗစ်လူနာတွေကို အကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းတွေက အကူအညီတောင်းနေကြပါတယ်။ အရေးပေါ်ကားတွေပေါ်မှာတောင် အောက်ဆီဂျင်အိုးမပါဘဲ လူနာသယ်ရတဲ့နေ့တွေရှိနေတယ်လို့ ပရဟိတဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
"ပရဟိတအသင်း ကားတွေမှာကိုက အောက်ဆီဂျင်ပြတ်လပ်မှုက ဖြစ်လာတယ်ပေါ့။ ခါတိုင်းဆိုလို့ရှိရင် ယာဉ်တန်းတစ်ခုထွက်ပြီဆိုရင် အောက်ဆီဂျင်ပါသော Ambulance ရှိတယ်ပေါ့။ အခုဟာက ဒီအောက်ဆီဂျင်က ပြန်ပြီး Refill ဖြည့်ဖို့အတွက် အချိန် စောင့်ဆိုင်းနေရတာဖြစ်တဲ့အတွက် Ambulance မှာ အောက်ဆီဂျင် ဖြည့်ပြီးသားအိုး အဆင်သင့်မရှိနေတဲ့ အခြေအနေတွေတောင် ကြုံတွေ့နေရတာတော့ရှိပါတယ်၊ Emergency လူနာခေါ်တယ်ဆိုလို့ရှိရင် အောက်ဆီဂျင်အိုး တပ်ပြီးသွားရမှာ အောက်ဆီဂျင်ပိုက် တပ်သွားရမှာဖြစ်တဲ့အတွက် မလုံလောက်မှုလေးတွေဖြစ်နေတယ်။ ငှားသွားတဲ့ဥစ္စာလေးတွေကို ပြန်ပြီးတော့ ကုန်ပြီဆိုလို့ရှိရင် ပြန်လာပေးပါ။ Refill ဖြည့်ပြီးတော့ ပြန်ပြီးတော့ပေးပါမယ်"
ရန်ကုန်က အောက်ဆီဂျင်ထုတ်တဲ့စက်ရုံတွေကနေ ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေကို အောက်ဆီဂျင် ပြည့်အောင်မဖြည့်ပေးရင် စက်ရုံပိတ်သိမ်းမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့်လည်း စက်ရုံမှာ တန်းစီစောင့်ဆိုင်းနေရသူတွေအဖို့ အောက်ဆီဂျင်ရဖို့ ပိုမိုခက်ခဲနေပါတယ်။

ဘယ်နိုင်ငံမဆို ဒီလိုအခြေအနေတွေကို ထိန်းသိမ်းဖို့ အထိရောက်ဆုံးလုပ်နိုင်သူနဲ့ တာဝန်ရှိသူဟာ အုပ်ချုပ်သူတွေပဲ ဖြစ်တယ်။ တစ်ဦး၊ တစ်ဖွဲ့ချင်း လုပ်ဆောင်မှုတွေက မထိရောက်နိုင်ဘူးလို့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP)ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးအောင်သူငြိမ်းကပြောပါတယ်။
" Resources လို့ခေါ်တာပေါ့။ အရင်းအမြစ်တွေ စုစည်းနိုင်ပါတယ်၊ ဆိုလိုတာက အခုအထည်ချုပ်နေတဲ့ စက်ရုံတွေကို Mask ချုပ်တဲ့ စက်ရုံမျိုး အသွင်းပြောင်းပစ်လိုက်လို့ရတယ်၊ တခြားစက်ထုတ်လုပ်မှုလုပ်ငန်းတွေကို အောက်ဆီဂျင်ထုတ်တဲ့လုပ်ငန်းလို ပြောင်းလိုက်လို့ ရတယ်ပေါ့နော်၊ စေတနာ့ဝန်ထမ်းကစလို့ လူနာတင်ကားအဆုံး စုစည်းနိုင်တာက တကယ်အာဏာရှိတဲ့သူမှပဲ ဖြစ်နိုင်တာပါ။ အခုအနေအထားမှာတော့ ပြဿနာက အခု စစ်အာဏာသိမ်းလိုက်တယ်။ သိမ်းလိုက်ပြီးတဲ့အခါကျတော့ အားလုံးက ဖယိုဖရဲကို ဖြစ်သွားတာပေါ့နော်၊ အရင်ရှိတဲ့ Social Capital ခေါ်တာပေါ့။ လူမှုအရင်းအမြစ် ကိစ္စတွေကလည်း အကုန်လုံးကို ပိုပြီးတော့ ထိခိုက်နစ်နာစရာအကြောင်းတွေ ဖြစ်သွားပါတယ်၊ အဲ့ဒါတွေအားလုံးကို ပြန်လုပ်မယ်ဆိုရင်တော့ သဘောထားလည်းကြီးရမယ်၊ ညီညွတ်မှုနဲ့ သေချာပြန်ပေါင်းစည်းမှုတွေလည်း လုပ်ဖို့လိုတယ် ထင်ပါတယ်။ အခု ကပ်ဘေးပြဿနာက ပိုကြီးပါတယ်၊ တချို့နိုင်ငံရေး ပြဿနာတွေ ခဏဘေးချိတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုလိမ့်မယ်လို့ထင်ပါတယ်"
မြန်မာနိုင်ငံအတွင်း Covid-19 ကပ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ တခုတည်းသောနည်းလမ်းက နိုင်ငံတကာနဲ့ ရဲရင့်တဲ့ မြန်မာပြည်သူတွေ အတူလက်တွဲပြီး ကျရှုံးနေတဲ့ စစ်အာဏာသိမ်းမှုနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့တရားမဝင် အကြမ်းဖက်မှုတွေကို ရပ်တန့်စေခြင်းပဲ ဖြစ်တယ်။ စစ်ကောင်စီက NUGကို အာဏာလွှဲပြောင်းပြီး တရားဝင်အစိုးရက တာဝန်ယူဆောင်ရွက်မှပဲ အပြည့်အဝထိန်းချုပ်နိုင်မှာလို့ NUG အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာဆာဆာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

တကယ်တော့ အောက်ဆီဂျင်က မြန်မာနိုင်ငံမှာ အရင်ကတည်းကလိုအပ်ချက်မြင့်မားနေတာပါ။ NLD အစိုးရလက်ထက်မှာ ကတည်းက ထိုင်းနိုင်ငံကနေ နေ့စဉ် တန်ချိန် ၂၂ တန် တင်သွင်းနေရပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာကတည်းက အောက်ဆီဂျင် လိုအပ်မှုပြဿနာရှိပေမယ့် ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံ့အာဏာပိုင်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဖြစ်တယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင် အလုံအလောက်ရှိတယ်လို့ ဇူလိုင်လ ၁၂ရက်နေ့ကပြောထားပါတယ်။ ကပ်ရောဂါဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ ရသင့်ရထိုက်တဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မရဘဲ ဖြစ်နေတဲ့အပြင် စစ်ကောင်စီရဲ့ နှောင့်ယှက်ဟန့်တားမှုတွေကိုပါ ခံနေရတယ်၊ ဒါဟာ အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီက ပြုလုပ်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝေဖန်စွပ်စွဲထားပါတယ်။
အခုချိန်ထိတော့ ကိုဗစ်တတိယလှိုင်းကို မြန်မာနိုင်ငံမှာ မထိန်းချုပ်နိုင်သေးပါဘူး။ ဘယ်လောက်အထိ အခြေအနေတွေ ဆိုးလာဦးမလဲဆိုတာလည်း မခန့်မှန်းနိုင်သေးပါဘူး။ ကမ္ဘာ့ကပ်ရောဂါရဲ့ ဒဏ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအကြပ်အတည်းတွေရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အကောင်းထက် အဆိုးဘက်ကို ဦးတည်ပြောင်းလဲနေတယ်လို့ အများက ခန့်မှန်းနေကြပါတယ်။ ကျရှုံးတဲ့နိုင်ငံအဖြစ်ထိတောင် ရောက်သွားနိုင်တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ခန့်မှန်းပြောဆိုတာတွေ ရှိနေပါတယ်။