ကိုဗစ်လူနာတွေ အောက်ဆီဂျင်ကို ခက်ခဲစွာ လိုက်လံရှာဖွေနေရ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.07.21

မြန်မာပြည်တဝန်း ကိုဗစ်လူနာရှင်တွေအတွက် လက်ရှိအကြီးမားဆုံး အခက်အခဲကတော့ အောက်စီဂျင် ရှာရခက်ခဲတဲ့ ပြဿနာပါပဲ။ ဒီအခက်အခဲကို ပြည်သူတွေ ဘယ်လိုဖြေရှင်းနေကြပါသလဲ။ လက်ရှိ ဖြစ်ပွားမှုအခြေအနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ။

မြန်မာပြည်မှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ရာပေါင်းများစွာ အောက်ဆီဂျင်မရရှိတဲ့အတွက် နေ့စဉ်သေဆုံးနေရပါပြီ။ ငွေကြေးရှိလို့ ပုဂ္ဂလိကဆေးရုံ တက်နိုင်သူတွေတောင် အောက်ဆီဂျင်ကို ယူသွားရတယ်လို့ ရန်ကုန်မြို့က စားသောက်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ကိုနိုင်ဝင်း ကပြောပါတယ်။

“အောက်ဆီဂျင်တို့ ဘာတို့ ဆေးရုံက ဘာမှလုပ်မပေးနိုင်ဘူး၊ သူတို့မှာ အောက်ဆီဂျင်လိုင်းတွေလဲ မရှိဘူးတဲ့၊ ကိုယ့်စက်နဲ့ကိုယ် ကိုယ့်အိမ်က စက်ရှိရင် စက်ယူလာ၊ ဆလင်ဒါရှိရင် ဆလင်ဒါယူလာ၊ ကိုယ်လိုအပ်တာတွေအကုန် ကိုယ်ကပြန်ရှာပေးရမှာ၊ ဆေးရုံကိုရောက်သွားပေမဲ့လဲ ဆရာဝန်တွေ ရှိမယ် Nurse တွေရှိမယ် ဒီလောက်ပဲ”

000_9EY8PD.jpg
ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုး ဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

လက်ရှိမှာ အောက်ဆီဂျင်လိုအပ်သူတွေကို စေတနာ့ဝန်ထမ်းလိုက်လံကူညီပေးနေတဲ့ လူငယ်အဖွဲ့ကလေးတွေ ပေါ်ပေါက်လာနေပါတယ်။ တချို့က အောက်ဆီဂျင်အိုးတွေပါ ငှားရမ်းပြီး တချို့ကတော့ အောက်ဆီဂျင်အိုးရှိပြီး သူတွေကို လိုက်လံကူညီ ဖြည့်တင်းပေးနေကြတာပါ။

“လိုက်ထည့်ပေးတဲ့သူတွေက အိုးတွေနဲ့ရောင်းတာမဟုတ်ဘူး သူတို့ဆီမှာလည်း အောက်ဆီဂျင်ဖြည့်ဖို့ နေရာလဲမရှိဘူး ပစ္စည်းလဲ မရှိဘူး။ ဒါပေမဲ့ လူနာအိမ်တွေက အိုးတွေလဲရှိနေတယ် သူတို့သွားတန်းမစီနိုင်ဘူး။ တန်းမစီနိုင်တော့ သူတို့ကို အိုးတွေအပ်လိုက်ရတာ။ ဒီနေ့အပ်လိုက်ရင် သွားတန်းစီပေးတယ်။ ပြီးရင် မနက်ဖြန် သဘက်ခါ ရပြီဆိုတဲ့အခါကျတော့ ကာယကံရှင်က သူတို့ဆီမှာ သွားပြန်ယူရတာ။ ကိုယ့်ဘာသာတန်းစီတဲ့သူကျတော့ နွယ်အေး တို့ တောင်ဒဂုံတို့ အဲဒီမှာ သွားတန်းစီ၊ အဲဒီတော့ ဘယ်သူမှ တန်းမစီနိုင်ဘူး အဲဒီနားမှာရှိတဲ့ကလေးတွေကို ငှား ၂ သောင်း ၃ သောင်း ပေးပြီး တန်းစီခိုင်း၊ မနက်ဖြန်ရတဲ့အခါကျရင် ပြန်ယူပေါ့နော်”

အဲဒီလို အောက်ဆီဂျင်လိုအပ်သူတွေကို စေတနာ့ဝန်ထမ်း ရှာဖွေပေးနေတဲ့ Generation Z မျိုးဆက်လူငယ်တဦးကတော့ မမိုမို ဖြစ်ပါတယ်။

“ပထမတော့ သမီးတို့ ပိုက်ဆံရရင် ရသလို အောက်ဆီဂျင်အိုးတွေ ဝယ်ကြပြီးတော့ သွားဖြည့်ထားပြီးတော့ လိုတဲ့နေရာတွေကို သမီးတို့သွားပြီး သူတို့ကို ရှူခွင့်ပေးမယ်ပေါ့နော်။ ဒါပေမဲ့ အခုက သမီးတို့ funding တွေလဲ သိပ်မလောက်တဲ့အပိုင်းဖြစ်နေတော့ အိုးတွေကလဲ လေးသိန်းကျော် ငါးသိန်းဖြစ်နေတော့ သမီးတို့ အိုးတွေကို လောလောဆယ် မဝယ်ထားဘဲနဲ့ ဒီပိုက်ဆံတွေကို volunteer လုပ်အားပေးတွအတွက် သုံးပေးပြီးတော့ အိုးတွေတန်းစီဖို့ အခက်အခဲဖြစ်နေတဲ့သူတွေကို သွားယူပေးတယ်။ တန်းစီပေးတယ်။ သွားပြန်ပေးတယ်။ လောလောဆယ် သမီးတို့မှာ volunteer ၃ဝ ကျော်ရှိတယ်။ တခါတလေကျ ၁၅ ယောက်ပဲ။ အားတဲ့အခါရှိတယ် ၁၅ ယောက်အားရင် ၁၅ ကြောင်းပဲ လွှတ်နိင်တယ်။ ဒီနေ့ဆိုရင် ၈ ကြောင်းလောက်တော့ ရှိတယ် သမီးတို့ သွားပေးထားတာ။ သမီးတို့က information ကို လိုင်းပေါ်တင်တာကိုပဲ အားထားပြီးသွားရတာ ဘယ်နေရာမှာ ဘာဖြစ်နေပြီဆိုပြီး။ ဟိုရောက်တော့ ကုန်သွားတာတွေ ရှိတယ်။ ဒီနေ့ဆိုရင် ဗိုလ်တထောင် ကမ်းနားမှာ သွားစီတယ်။ သမီးတို့အိုးရှေ့မှာ ၁ဝ အိုးလောက်ဘဲ ကျန်တော့တယ် အဲဒါကို မရတော့ဘူးဆိုတော့ ပြောတော့ မနက် ၁ဝ နာရီကနေ ညနေ ၄ နာရီအထိစီတာကို သမီးတို့ မရခဲ့ပေမဲ့ ပြန်လာရတာရှိတယ်။ ပွဲစားတွေရှိတယ် ရှေ့မှာ ကြားမှာတန်းစီထား သူတို့အိုးကို ၁၁ သိန်း နဲ့ ပြန်ရောင်းတာတွေရှိတယ်။ ၄ဝ လီတာကို အိုးရော အရည်ရော အကုန်အပါပေါ့နော်”

000_9EY8HV.jpg
ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုး ဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

လက်ရှိအောက်ဆီဂျင် အိုးခွံပေါက်ဈေးတွေကတော့ ၁ဝ လီတာဝင်အိုး သုံးသိန်း၊ ၁၅ လီတာ သုံးသိန်းခွဲနဲ့ ၂ဝ လီတာ တလုံးကို ငါးသိန်းခန့်ရှိတယ်လို့လည်း မမိုမိုက ပြောပါတယ်။ ကိုနိုင်ဝင်းကတော့ အရင်အပတ်ကဆိုရင် အောက်ဆီဂျင် လုံးဝရှာမရတဲ့အထိ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“တချို့တွေက အလကားဖြည့်ပေးတယ်၊ တချို့တွေက စစချင်း ဖြစ်ဖြစ်ချင်း အလကားဖြည့်ပေးတယ်၊ နောက်ပိုင်းကျတော့ အလုပ်သမား လခပေးဖို့ ဘာညာရှိတော့ စတိသဘောမျိုး ယူကြတယ် ၂ဝဝဝ တို့။ ဒါပေမဲ့ သူတို့ဆီကနေ ပြန်ဝယ်တဲ့သူတွေ ရှိတယ်။ နောက် စီးပွားရေးသမားတွေ ပေါ်လာတာပေါ့နော်၊ သူတို့ဆီက အလုံးအရင်းနဲ့ဝယ်ပြီး ပြန်ရောင်းချင်တဲ့သူတွေ ရှိတယ်။ အရင်တပတ်က ရောင်းတဲ့သူတွေ နဲ့ ဝယ်တဲ့သူတွေကို လုံးဝပိတ်ချလိုက်တာ။ ဘယ်နေရာမှာမှ ဖြည့်လို့မရဘူးဖြစ်သွားတယ်။ ကျနော်တို့ ဖြည့်လို့မရပါဘူး ကျနော်တို့ကို တပ်ကပြောထားတယ် အဲလိုမျိုးတွေ ပြောပြီး ဖုန်းချသွားတယ်။ ဒါပေမဲ့အခု တပတ်ကျော်လာတော့ နည်းနည်းဖြည့်လို့ ရလာပြီလို့ ပြောတယ်။ တန်းစီတယ် နောက် ပရဟိတလုပ်တဲ့သူတွေကို အိုးအပ်တယ် သူတို့က သွားဖြည့်ပေးတယ် အဲဒီအတွက်က ကိုယ်တတ်နိုင်သလောက် ပေးကြတာပေါ့နော်”

000_9EY8HF (1).jpg
ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုး ဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

အခုလို ကမ္ဘာတဝန်း စိုးရိမ်ဖွယ်ရာ ကပ်ရောဂါကြီးတခုရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရချိန်မှာ စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ ဘဝဟာ အဆိုးဝါးဆုံးကို ရောက်ရှိနေပြီလို့ ဟောင်ကောင်မြို့ရှိ ဒေါက်တာ ဒေါ်ဖြူဖြူသင်းဇော် က RFA ကိုပြောပါတယ်။

“ကပ်ရောဂါတခုကြောင့် နိုင်ငံက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှု အလိုလိုရှိနေပြီဆိုတော့ နောက်ထပ် နိုင်ငံရေး ထိခိုက်မှုဝင်လာတော့ အခုကျမတို့က မြန်မာနိုင်ငံရဲ့ အခြေအနေကို Pandemic လို့ မခေါ်တော့ဘူး။ Syndemic ပေါ့နော်။ ဒီလို Outbreak တခုကို အဖက်ဖက်ကနေ ပိုပြီး အခြေအနေ ဆိုးဝါးအောင် ပြုလုပ်နေတဲ့ အရာတွေနဲ့ syndemic တခုအဖြစ် စပြီးလေ့လာနေပြီပေါ့နော်”

ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို တပြည်လုံး ထိုးနှံဖို့ NLD အစိုးရက စတင်ဆောင်ရွက်နေချိန်မှာ စစ်တပ် အာဏာသိမ်းမှုကြောင့် အရာရာ ပြိုလဲပျက်စီးသွားခဲ့ရတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ တပြိုင်နက်မှာပဲ အာဏာရှင်စနစ်အပေါ် ခါးသီးနားကျည်းစွာ ပြောဆိုမှုတွေကိုလည်း လူမှုကွန်ရက်တွေမှာ တနေ့တခြား ပိုမို မြင်တွေ့နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။