ဝဒေသမှာ ဘာကြောင့် ကိုဗစ်ဆေး အများအပြား ထိုးနိုင်တာလဲ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.07.23

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ Covid-19 တတိယလှိုင်းကြောင့် နေ့စဉ် လူထောင်ချီ သေဆုံးနေချိန်မှာပဲ ဗဟိုအစိုးရ အာဏာသက်ရောက်မှုမရှိတဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မှာတော့ တရုတ်ကကူညီတဲ့ COVID -19 ကာကွယ်ဆေးကို ဝဒေသတွင်းက လူအားလုံးနီးပါး ထိုးနှံပြီးပြီလို့ ဝတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်အစိုးရက အာဏာသိမ်းစစ်ကောင်စီကို အရေးပေါ်ကိုဗစ်ကာကွယ်ဆေးတွေ ပို့မပေးခင် ပြီးခဲ့တဲ့မေလ ကတည်းက မြန်မာပြည်အရှေ့မြောက်ဖျား၊ တရုတ်နယ်စပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝဒေသမှာ တရုတ်အစိုးရ အကူအညီနဲ့ ဒေသတွင်းနေထိုင်သူအားလုံးနီးပါးကို ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနေပြီဖြစ် ပါတယ်။

ဒီလိုလုပ်နိုင်တာဟာ ဝနဲ့တရုတ် ရင်းနှီးတဲ့အစဉ်အလာနဲ့ မဟာမိတ်ဆက်ဆံရေးတွေကိုထောက်ရှုပြီး တရုတ် အစိုးရက ဆေးဝါးအပါအဝင် ဆေးပညာရှင်တွေကို ကူညီပေးခဲ့တာကြောင့် ဖြစ်တယ်လို့ UWSA ဝတပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဝပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ လုပ်နေတာကြာပါပြီ။ အားလုံးနီးပါး ထိုးပြီးသွားပြီ။ အောက်ခြေအဆင့်အထိ ရပ်ကွက်ကျေးရွာတွေအထိ ဆင်းပြီးမှ ထိုးနှံတာတွေလုပ်နေတာ၊ တော်တော်များများတော့ ထိုးပြီးသွားပါပြီ။ သိသလောက်ကတော့ တရုတ်ဘက်ကလာတဲ့ ကာကွယ်ဆေးလို့တော့ သိရတယ်”

နှစ်ကြိမ်ထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေးကို မေလမှာ ပထမအကြိမ်နဲ့ ဇွန်လမှာ ဒုတိယအကြိမ် ဝဒေသက လူအားလုံးနီးပါးကို ထိုးပေးခဲ့တာပါ။ ဝတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ကာကွယ်ဆေးရဲ့အမည်နဲ့ ဆေးအရေ အတွက်ကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

လက်ရှိ ဝဒေသမှာ လူဦးရေ ငါးသိန်းနီးပါး ရှိတာကြောင့် တရုတ်ဟာ တစ်ကြိမ်ကို Covid-19 ကာကွယ်ဆေး အလုံးရေ ငါးသိန်းနဲ့ နှစ်ကြိမ်အတွက် တစ်သန်းနီးပါး ကူညီပေးဖို့ လိုအပ်ပါတယ်။

RFA က သီးခြားစုံစမ်းရရှိတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်အစိုးရဟာ UWSA ဝတပ်ဖွဲ့ အပါအဝင် တရုတ်-မြန်မာနယ်စပ်ဒေသမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ကို Sinovac လို့ခေါ်တဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တော်တော်များများတော့ ထိုးပြီးသွားပါပြီ။ တရုတ်ဘက်ကလာတဲ့ ကာကွယ်ဆေးလို့တော့ သိရတယ်"

အရေးပေါ်သုံးစွဲဖို့ရည်ရွယ်ထားတဲ့ တရုတ်နိုင်ငံထုတ် Sinovac ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခွင့်ပြုထားတဲ့ ကာကွယ်ဆေး ရှစ်မျိုးမှာပါဝင်ပြီး ဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးနိုင်မှုကတော့ ၅၁ ရာခိုင်နှုန်း ရှိပါတယ်။ ဝဒေသမှာ ကာကွယ်ဆေးထိုးပြီးသူတွေကို UWSA က သက်သေခံကဒ်ပြားတွေ ထုတ်ပေးထားပါတယ်။

ဒေသတွင်း ဝစစ်သားတွေနဲ့ ပြည့်နှက်နေတဲ့ လုံခြုံရေးဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာ တရုတ်စာတွေနဲ့ ရေးထားတဲ့ အဲဒီကဒ်ပြားတွေက ဝပြည်သူတွေ လွတ်လပ်စွာသွားလာနိုင်ဖို့ အထောက်အကူပြုတယ်လို့ ဝဒေသက ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်တဲ့ မိုင်းစံညွှန့်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ထိုးတာကြာပြီ၊ ၅ လပိုင်းကတည်းက ထိုးတာ။ ၅လပိုင်း တစ်ကြိမ်ရယ်၊ ခြောက်လပိုင်း တစ်ကြိမ်ရယ် ထိုးထားတာ။ နှစ်ခေါက်ပေါ့ဗျာ။ ပိုက်ဆံတောင် ပေးစရာမလိုဘူး။ လက်မှတ်တော့ရတယ်။ နှစ်ခါထိုးပြီးရင်တော့ လက်မှတ်ပေးတယ်။ လက်မှတ်မပါဘူးဆိုရင်တော့ သွားရလာရခက်ခဲတာပေါ့ဗျာ”

ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်း တရုတ်နိုငံသား ဆေးဆရာဝန်တွေက ဦးဆောင်ပြီး ဝတပ်ဖွဲ့ဝင်တွေနဲ့ အတူ ကူညီပေးနေတာကို တွေ့ရတယ်လို့ မိုင်းစံညွှန့်က ပြောပါတယ်။

တရုတ်ဆေးပညာရှင်တွေဟာ ဝဒေသကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာကတည်းက COVID-19 လူနာတွေကို ကူသပေးဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလက ဝဒေသမှာ ရောဂါပိုး ကူးစက်ခံရသူ ၃၀၄ ဦး ရှိခဲ့ပေမယ့် သေဆုံးသူမရှိဘဲ အားလုံးပြန်လည်ကောင်းမွန်ခဲ့တယ်လို့ ဝတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်က ဒီလိုထောက်ပံ့ကူညီတာဟာ ရှည်လျားတဲ့ မြန်မာ - တရုတ် နယ်စပ်ဒေသကိုဖြတ်ပြီး Covid-19 ရောဂါပိုးတွေ တရုတ်ပြည်ကို ပြန်ဝင်မလာဖို့ ရည်ရွယ်ချက်အပါအဝင် ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေးကို ထောက်ရှုတာကြောင့်ဖြစ်နိုင်တယ်လို့ ဝအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်နပ် က ပြောပါတယ်။

“တစ်နည်းအားဖြင့် တရုတ်က သူတို့ထဲမှာ ရောဂါကြိုတင်ကာကွယ်တဲ့ပုံစံမျိုး ခြံစည်းရိုးပုံစံမျိုး တွက်ပြီးမှ သူတို့ကို ကူညီတာလည်း ဒါက တစ်ပိုင်း။ သို့သော် သူတို့က မဟာမိတ်တွေဖြစ်တဲ့အတွက်ကြောင့် ဝ ခေါင်း ဆောင်တွေကလည်း တောင်းဆိုချက်အရ သူတို့လည်း ဒီလိုဆောင်ရွက်ပေးရတာ။ နဂိုကတည်းက သူတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တယ်။ သူတို့ကို ကြည့်ကိုကြည့်ရမယ်ဆိုတဲ့ ဝတ္တရားအရပဲ ဆောင်ရွက်တယ်လို့ ကျွန်တော်ဒီလိုပဲမြင်ပါတယ်”

၁၉၈၉ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်ပြီးကတည်းက UWSA ဝတပ်ဖွဲ့ဟာ စတုရန်းမိုင် ၆၆၀၀ ကျော် အကျယ်အဝန်းရှိတဲ့ ဝဒေသကို ကိုယ်တိုင်ထိန်းချုပ်ထားပါတယ်။

ဝဒေသဟာ အသွင်သဏ္ဍာန်အားဖြင့် မြန်မာပြည်မြေပုံထဲမှာ ပါဝင်နေပေမယ့် အနှစ်သာရအားဖြင့်တော့ တရုတ်နိုင်ငံရဲ့ ၂၃ ခုမြောက် ပြည်နယ်လို့တောင် ပြည်တွင်း နိုင်ငံရေးသမားတွေက မှတ်ချက်ပေးပြောဆိုနေ ကြတာပါ။ လက်ရှိ UWSA ဝ တပ်ဖွဲ့ကို အသက် ၇၂ နှစ်အရွယ် ဝ လူမျိုး ဦးပေါက်ယိုချန်း က ဦးဆောင်နေပြီး တရုတ်အစိုးရနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ထူးခြားတဲ့ဆက်ဆံရေး ရှိနေပါတယ်။

မြေပြင်ကနေ ဝေဟင်ကို ပစ်နိုင်တဲ့ လေယာဥ်ပစ်ဒုံးကျည်တွေနဲ့ ဝေဟင်ကနေ မြေပြင်ကိုပစ်ခတ်နိုင်တဲ့ ဒုံးကျည်တပ် ဒရုန်းလေယာဥ်တွေအပြင် ခြေလျင်တပ်မဟာ လေးခုနဲ့ ဖွဲ့စည်းထားတဲ့ UWSA ဝတပ်ဖွဲ့မှာ ၈၂ မမ၊ ၇၅ မမ၊ ၁၂၀ မမ၊ ၁၀၅ မမ ၊ ၁၂၂ မမ မော်တာနဲ့ ဟော်ဝစ်ဇာလက်နက်ကြီးတွေ တပ်ဆင်ထားပြီး စစ်အင်အား သုံးသောင်းဝန်းကျင် ရှိတယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ တိုင်းရင်းသားအရေးကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

signal-2021-07-23-123334_004.jpeg
(PPE ဝတ်စုံဝတ်ပြီး ကင်းလှည့်နေသည့် ဝ စစ်သားများကို တွေ့ရစဥ်) Photo Citizen Journalist

လက်ရှိ ဝတပ်ဖွဲ့မှာသုံးနေတဲ့ စစ်လက်နက်ပစ္စည်းအများအပြားကို တရုတ်အစိုးရက နောက်ကွယ်ကနေ ကူညီ ပံ့ပိုးပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ UWSA ဝတပ်ဖွဲ့ဟာ NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လိုအပ်ရင် စစ်လက်နက်ကူညီထောက်ပံ့သလို နိုင်ငံရေးအရလည်း ဦးဆောင်မှုပေးနေ တာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နှစ်လအကြာ၊ ဧပြီ ၇ ရက်နေ့မှာ စစ်ကောင်စီက UWSA ဝတပ်ဖွဲ့ဆီကို ကိုယ်စားလှယ်လွတ်ပြီး နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သွားရောက်ရှင်းပြခဲ့တာ ရှိပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့ထားတဲ့ PDF တပ်နဲ့ ပြည်တွင်းဒေသအသီးသီးက PDF တပ်တွေ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ရာမှာ KIA ၊ KNPP၊ KNU စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကူညီပံ့ပိုးတာတွေရှိနေပေမယ့် အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA ဝတပ်ဖွဲ့ကတော့ လုံးဝအသံမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပါတယ်။

အခုလို ဝတပ်ဖွဲ့ သိသိသာသာ နှုတ်ဆိတ်နေတာဟာ တရုတ်အစိုးရရဲ့ မူဝါဒကြောင့်ဖြစ်ပြီး၊ မြန်မာအစိုးရ အဆက်ဆက်ကို အကောင်းဆုံး ဖိအားပေးနိုင်ဖို့ တရုတ်က ဝတပ်ဖွဲ့ကို လက်နက်တစ်ခုအဖြစ် အသုံးချနေတာ လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ယူဆပါတယ်။

“မြန်မာပြည်အုပ်စိုးသူ လူတန်းစားကို ဖိအားပေးဖို့အတွက် တရုတ်က တိုင်းရင်းသားတွေ မွေးမြူထားတဲ့ အထဲမှာ ဝက အတောင့်တင်းဆုံးပဲလေ။ အဲတော့ မြန်မာပြည်အစိုးရတွေကို ပြဿနာလုပ်ချင်ရင် ဝအဖွဲ့က တဆင့် အချိန်မရွေး လုပ်ပိုင်ခွင့်ရှိတာပဲ။ ဥပမာ ငြိမ်းချမ်းရေးလုပ်မလား၊ ပြည်တွင်းစစ်ဆက်လုပ်မလား အဲဒီကိစ္စတွေအားလုံးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ အလွန်အင်အားတောင့် တင်းနေတဲ့ ဝကို အသုံးချဖို့ သူက ဝှက်ဖဲအဖြစ် ကိုင်ထားတာပဲ။ စီးပွားရေးအရလည်း ဒီတိုင်းပဲ။ ဝနယ်က ထွက်တဲ့ သယံဇာတမှန်သမျှ တရုတ်က ရနိုင်သလို သူ့ကုန်ပစ္စည်း ထုတ်ယူရောင်းချဖို့၊ ဝကနေတဆင့် အရှေ့ဘက်ခြမ်းကို ပို့ဖို့အတွက်က ဝမှာ သုံးနိုင်တဲ့လမ်းကြောင်းတွေ မှန်သမျှ အကုန်ပိုင်ဆိုင်ပြီးသားပဲ”

ဝဒေသဟာ ဆန်နဲ့ ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းနဲ့ လောင်စာဆီကို တရုတ်ဆီကနေဝယ်ယူပြီး သစ်မာ၊ သံဖြူ ၊ သံ၊ ဇင့်၊ ရွှေ စတဲ့ အဖိုးတန်သတ္တုတွေအပြင် ရာဘာနဲ့ လက်ဖက်အများအပြားကို တရုတ်ကို ပြန်ရောင်းပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဂိတ် ၅ ခုမှာ ဝဒေသက နယ်စပ်ဂိတ်ဟာ စတုတ္ထမြောက် နယ်စပ်ကုန်သွယ်မှု အများဆုံးဖြစ်ပြီး၊ အပြန်အလှန်ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိတယ်လို့ ယူနန်ပြည်နယ်၊ မုန်လျန်ဒေသရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို ကိုးကားပြီး နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးရဲ့ ကျိုင်းတုံစစ်တမ်းစာအုပ်မှာ ဖော်ပြထားပါတယ်။

အဲဒီကရရှိတဲ့ဝင်ငွေတွေကို စစ်လက်နက်ဝယ်ယူရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးတွေမှာ ဝတပ်ဖွဲ့က အသုံးပြုနေ တာပါ။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ခေတ်မီအဆောက်အအုံတွေနဲ့ ပြည့်နှက်နေတဲ့ ဝဒေသမှာ အခြေခံလုပ်ခ လစာ မြင့်မားတာကြောင့် မြန်မာပြည်ဘက်က အလုပ်သမား အများအပြား သွားရောက်အလုပ်လုပ်ကိုင်နေ ကြပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာ တစ်လကို ကျပ် ၁၅၀၀၀၀ ဝန်းကျင်ဖြစ်ပေမယ့် ဝဒေသမှာတော့ အခြေခံ အလုပ်သမားတစ်ဦးဟာ တစ်လကို အနည်းဆုံးမြန်မာငွေ ၄ သိန်းကနေ ၁၂ သိန်းအထိရကြတယ်လို့ ဝဒေသ မှာ အလုပ်လုပ်နေသူတွေက ပြောပါတယ်။ ဒါပေမဲ့ COVID-19 တတိယလှိုင်းပြင်းထန်လာတဲ့ ဇွန်လကစလို့ UWSA ဝတပ်ဖွဲ့ဟာ မြန်မာပြည်ဘက်က အလုပ်သမားတွေကို ဝင်ထွက်ခွင့်တွေ ပိတ်ပင်လိုက်ပြီး၊ တရားမဝင် လာရောက်တာတွေ့ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဇူလိုင် ၃ ရက်မှာ ကြေညာခဲ့ပါတယ်။

မြန်မာဘက်ကို အခုလို ပိတ်ပင်လိုက်ပေမယ့် အပြန်အလှန်ကုန်သွယ်မှုတွေရှိနေတဲ့ တရုတ်နိုင်ငံ ယူနန် ပြည်နယ်နဲ့ ကူးလူးဆက်ဆံမှုတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဝတပ်ဖွဲ့တာဝန်ရှိသူတွေ က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။